မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။
စမတ်ကတ် ပုံစံအဖြစ် ပြောင်းနိုင်ရန် တောင်ကိုရီးယား၊ ဂျပန် နှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခုက လဝက ဌာနမှ နိုင်ငံသား စိစစ်ရေး ကိုယ်ရေး အချက်အလက်များကို ယူ၍ စတင် စမ်းသပ်နေပြီဖြစ်ကြောင်း လဝက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဧရာဝတီသို့ ပြောသည်။
“စမတ်ကတ်လုပ်ဖို့ Data Center ကို အရင်သွင်းပြီးမှ လုပ်ရမှာကိုး ဒီဥစ္စာကြတော့ နည်းပညာပိုင်းတွေ ပါလာတယ်ဆိုတော့ ပြန်ပြီး စိစစ်တဲ့ အခါလည်း အဆင်ပြေအောင် လာကမ်းလှမ်းတဲ့ ကုမ္ပဏီမှန်သမျှကိုလည်း သူတို့ အဆင်ပြေအောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ပြန်တင်ပြနိုင်အောင်လို့ စမ်းသပ် လေ့လာ ခိုင်းထားတာပါ”ဟု ဦးမောင်မောင်သန်းက ပြောသည်။
ယင်းလုပ်ငန်းစဉ်ကို နိုင်ငံခြားကုမ္ပဏီများက ကမ်းလှမ်းလာခြင်းဖြစ်သော်လည်း မြန်မာအစိုးရဘက်မှလည်း ခေတ်နှင့် လျော်ညီ သည့် စမတ်ကတ်များအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ရေး ပြုလုပ်ပေးရန် အစီအစဉ်များ ရှိပြီးသားဖြစ်ကြောင်းလည်း သူက ဆက်ပြော သည်။
လက်ရှိ အသုံးပြုလျက်ရှိသော နိုင်ငံသား စိစစ်ရေးကတ်မှာ စက္ကူဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းကတ်တွင် ကာယကံရှင် နိုင်ငံ သား ၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံစွာ ထည့်ထားနိုင်ခြင်း မရှိပေ။
စမတ်ကတ်တွင်မူ နိုင်ငံသား၏ ကိုယ်ရေး အချက်အလက်များ၊ ထင်ရှားသည့် အမှတ်အသားများနှင့် မိဘ၊ ဘိုးဘွားများ၏ ကိုယ်ရေး အချက်အလက်များပါ ပါဝင်မည်ဖြစ်ပြီး စက်ဖြင့် စစ်ဆေးသည့် နည်းစနစ်လည်း ဖြစ်သည်။
အချက်အလက်များကို သိမ်းဆည်းထားသော အဆိုပါ စမတ်ကတ်ကို ကွန်ပျူတာစက်အတွင်းသို့ ထည့်သွင်း စစ်ဆေးလျင် ကာယကံ ရှင်၏ ကိုယ်ရေး အချက်အလက်များအားလုံး ပေါ်ထွက်လာမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် နိုင်ငံသား စိစစ်ရေး ကတ် ထက် ခိုင်ခန့်ပြီး အသုံးပြုရန်လွယ်ကူမည် ဖြစ်ကြောင်း သိရသည်။
“ပြောင်းမယ်ဆိုရင် ကုန်ကျမယ့် စရိတ်တွေက အများကြီးရှိတာပေါ့နော့ ဒါကို ဘယ်လိုလုပ်လို့ရမလဲ ဆိုတာကို အရင်ဆုံး ကျနော် တို့က စမ်းသပ်နေတာပေါ့၊ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ ငွေကြေး ကုန်ကျစရိတ်တွေ တွက်ချက်ရမယ်၊ ပြီးတော့မှ ဘယ်လိုလုပ် ပေးလို့ရမလဲ၊ နိုင်ငံတော်ကပဲ လုပ်ပေးနိုင်မလား၊ ပြည်သူဆီကနေ ကတ်ဖိုး ကောက်ရင်ရော ဘယ်လိုရှိမလဲ ဒါတွေကို အကုန်လုံး
ချိန်ဆရ ဦးမှာပေါ့၊ ပထမဦးဆုံး ကတော့ Data Center ကြီးကိုဆောက်ဖို့ အဓိကပေါ့”ဟု ဦးမောင်မောင်သန်းက ပြောဆိုသည်။