၄၈ လမ်း အစ္စလမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ရခြင်းမှာ ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အထောက်အထားများဖြင့် ရှင်းပြရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်း ၅ ခုမှ ခေါင်းဆောင်များ လက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မီဒီယာများသို့ ဧပြီလ ၁၀ ရက်နေ့တွင် ပြောသည်။
စာသင်ကျောင်း မီးလောင်ရခြင်းနှင့် ပတ်သက်၍ အစ္စလမ် ဘာသာရေးအဖွဲ့အစည်း ၅ ခုက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ရှင်းပြချက်များကို လက်ခံခဲ့သည်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးရဲနောင်သိန်းက ဧရာဝတီသို့ ပြောသည်။
”ဝန်ကြီးချုပ်က အချက်အလက်နဲ့ သေချာရှင်းပြတယ်။ အထောက်အထားတွေလည်း ပြတယ်။ ကျနော်ကိုယ်တိုင် ၈ ရက်နေ့တုန်းက ကော်မရှင်က မေးတာကို ၅ နာရီလောက် ဖြေခဲ့ရတယ်။ အသေးစိတ်မေးတယ်။ ပြီးတော့ ဖြစ်တဲ့နေ့ကလည်း ဗိုလ်မှူးကြီးတင်ဝင်းရယ်၊ ရဲမှူးကြီး ဝင်းနိုင်တို့နဲ့ အဲဒီနေရာမှာ ကျနော်ရှိခဲ့တယ်။ မြေပြင်အနေအထားကိုလည်း မြင်ခဲ့ရတဲ့ အတွက် အခုကော်မရှင်ရဲ့ ဖြေရှင်းချက်တွေကို လက်ခံလို့ ရတယ်”ဟု သူက ပြောသည်။
မြန်မာနိုင်ငံ တဝန်းလုံးရှိ အစ္စလမ် ဘာသာဝင်များအနေဖြင့်လည်း အမုန်းပွားရန်မလိုဘဲ ယခုကိစ္စမှာ သမာန်ရိုးကျ ဖြစ်စဉ်တစ်ခုသာ ဖြစ်ကြောင်းကို လက်ခံပေးရန် တိုက်တွန်း လိုကြောင်းလည်း ဆိုသည်။
ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဗလီဘာသာရေး စာသင်ကျောင်းအရေးနှင့် ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်ရေး ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်သိန်းက သတင်းမီဒီယာများ ရှင်းလင်းဖတ်ကြားပြခဲ့သည်။
က
ကော်မရှင်၏ စုံစမ်းချက်အရ ညဘက်မီးအားပြန်တက်လာချိန်တွင် မီးအားမြင့်စက်ကို ပြန်လည်လျော့ချမှု မရှိသောကြောင့် မီးအားမြင့်စက် အပူလွန်ကဲရာမှ မီးထလောင်၍ သစ်သားသို့ ကူးစက်ကာ အနီးရှိ ဒီဇယ်ပုံးသို့ တဆင့် မီးကူးကာ လှေကားမီးလောင်ရခြင်း ဖြစ်ကြောင်း၊ မီးအားမြင့်စက်မှာ အဆင့်မြင့် ထုတ်လုပ်ထားသော အော်တို မီးအားမြင့်စက် မဟုတ်ဘဲ လက်ဖြင့် အတင်အချ ပြုလုပ်ရသော Manual မီးအားမြင့်စက် ဖြစ်ပြီး စက်မှာ အလွန်ဟောင်းနွမ်းနေ သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်သိန်းက ပြောသည်။
မီးစတင် လောင်ကျွမ်းနေသည်ကို သိရှိသော ကျောင်းသားများက ဗလီဆရာ ဦးဇေယျာဖြိုးကို နှိုးခဲ့သော်လည်း ဗလီဆရာသည် မီးငြိမ်းသတ်ရန်သာ အာရုံစိုက်ခဲ့ပြီး အပေါ်ထပ်တွင် အိပ်ပျော်နေသော ကျောင်းသား ၁၆ ဦးကို ကယ်တင်ရန်နှင့် မီးသတ်ကို အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း၊ စာသင်ကျောင်း သော့ကိုလည်း မဖွင့်နိုင်ခဲ့ဘဲ မီးသတ်တပ်ဖွဲ့များ ရောက်ရှိလာပြီး ဖွင့်ပေးမှသာလျှင် ထွက်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
စာသင်ကျောင်း အပေါ်ထပ်တွင် အသက် ၁၃ နှစ်မှ ၁၆ နှစ်ကြား ကလေး ၁၆ ဦး အိပ်နေရာ သုံးဦးလွတ်မြောက်ခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ပထမ နှစ်ဦးမှာ နိုးလာပြီး လှေကား ပူနေသော်လည်း မီးမလောင်သေးဘဲ လွတ်မြောက်လာပြီး တတိယကလေးမှာ လှေကား မီးလောင်ကျွမ်းနေသော်လည်း ခုန်ချခဲ့ရကြောင်း၊ ထိုအချိန်တွင် မီးခိုးများ မွန်ထူနေပြီဖြစ်ပြီး
ကျန်ကလေး ၁၃ ဦးမှာ မလွတ်မြောက်တော့ဘဲ ကြမ်းပြင်ပါ မီးလောင်သောအခါ ကလေးများ သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ၄၈ လမ်း ဗလီ ဘာသာရေးစာသင်ကျောင်း မီးလောင်မှုကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ ဗလီဆရာ နှစ်ဦးကို မီးပေါ့ဆမှု၊ ပေါ့ဆမှုကြောင့် လူသေစေမှု စသည့် အမှုနှစ်မှုဖြင့် အရေးယူထားသည်။
ဘာသာရေး စာသင်ကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ကို ရဲက ဖမ်းဆီးထားပြီး ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် ၇ နှစ်အထိ အပြစ်ပေးခံရနိုင်ကြောင်း၊ စိစစ်မှုများအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု တွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်က ဆိုသည်။
“ဒီလူတွေဟာ ဖြစ်စဉ်အမှန်ကို ပြောဆိုရန် ပျက်ကွက်မှုနဲ့လည်း အရေးယူလို့ ရပါတယ်”ဟု သူက ဆိုသည်။
၄၈ လမ်း ဗလီ စာသင်ကျောင်းကို သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုထားခြင်းဖြစ်ပြီး ကလေးများညအိပ် ဘာသာရေးစာပေ သင်ကြားခွင့်ကိုလည်း ဒေသခံ အာဏာပိုင်များက ဧည့်စာ ရင်းဖြင့် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ပြောကြားသည်။
မီးလောင်မှုနှင့် ပတ်သက်၍ စုံစစ်စစ်ဆေးရေး ကော်မရှင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဧပြီလ ၂ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/၂-၃(၆) စီမံဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူး၊ ရန်ကုန်တိုင်း ဒု ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ လက်ထောင်အင်ဂျင်နီယာချုပ်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်များအဖြစ် တာဝန်ယူခဲ့ကြသည်။