ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ရခိုင်အရေးကို နိုင်ငံတကာမှ ဝင်ရောက်မစွက်ဖက်ရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့ သူများအဖြစ် အမှုဖွင့် ခံ ထားရသူ ၂ ဦးကို အာဏာပိုင်များက ဧပြီ ၉ ရက်တွင် ရုံးတင် တရားစွဲဆိုလိုက်ကြောင်း သတင်းရသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက် က ဆန္ဒပြပွဲ၌ ပါဝင်သည့် ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးနှင့် ရခိုင်လူမှု ကွန် ရက်မှ ဦးကျော်ဇောဦး တို့ကို တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးကို ပုဒ်မ ၁၈ ဖြင့် စစ်တွေ မြို့နယ် တရားရုံး၌ အမှတ် ၁ ရဲ စခန်းမှ စခန်းမှူး မိုးကျော်နှင့် အမှတ် ၂ ရဲစခန်းက တရားလိုအဖြစ် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဦးကျော်ဇောဦးက ဧရာဝတီ သို့ ပြော သည်။
“၉ ရက်နေ့က ကျနော်နဲ့ ဒေါ်ညိုအေးကို တရားစွဲပါတယ်။ တရားစွဲတယ်ဆိုတော့ အာမခံ ပြန်တင်ရတာပေါ့။ အာမခံ တင်တယ် ဆိုတော့ ကျနော်တို့ကို ရုံးချိန်းကို ဧပြီလ ၂၃ ရက်နေ့ ပြန်ချိန်းပေးလိုက်ပါတယ်။ လောလောဆယ် ရှေ့နေပါဝါတွေ ဘာတွေ မတင် ရသေးဘူး။ ရှေ့နေတွေလည်း မငှားရသေးပါဘူး။ ဒါပေမယ့် မြို့ခံလူကြီးတွေကတော့ ရှေ့နေငှားဖို့ တိုက်တွန်းကြပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခု တရားစွဲခံထားရသည့် ပုဒ်မ ၁၈ အရ ပြစ်မှုထင်ရှားပါက ဒဏ်ငွေ ၃၀၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် ကျခံရနိုင် သည်ဟု ဆိုသည်။
မတ်လ ၇ ရက်နေ့ ဆန္ဒပြခွင့်ကို မြို့နယ်အဆင့် ပြည်နယ်အဆင့်များသို့ တဆင့်ခြင်း တင်ပြတောင်းဆိုသော်လည်း ခွင့်ပြုမိန့် ပြန် ကျမဘဲ ဆန္ဒပြသည့်အတွက် ယခုကဲ့သို့ တရားစွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၀ ရက်နေ့က ရသေ့တောင်မြို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုတိုးတိုးနှင့်ဦးသန်းဌေးတို့ ၂ ဦးကိုလည်း မတ်လ ၂၃ ရက်နေ့က တရားစွဲဆိုထားပြီး တောင်ကုတ်မြို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုစိုးဝင်း အပါအဝင် ၃ ဦးကိုလည်း ဒေသခံ အာဏာပိုင်များက စည် တန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသီးသီး တရားစွဲဆို ထားသည်။
“ကျနော်တို့ ဆန္ဒပြပွဲကို ခွင့်ပြုပေးပြီး ဆန္ဒပြမယ့်နေ့ မတိုင်ခင် အချိန်ပိုင်းလောက်မှ ဆန္ဒပြခွင့်ကို ခွင့်မပြုဘူးဆိုပြီး အကြောင်းကြား လာတော့ စီစဉ်ပြီးသားဖြစ်နေလို့ ဆန္ဒပြလိုက်ကြတာ”ဟု ရသေ့တောင်မြို့မှ ဆန္ဒပြခေါင်းဆောင် တဦးက ပြောသည်။
မတ်လအတွင်း၌ စစ်တွေ၊ မြောက်ဦး၊ ကျော်တော်၊ ရသေ့တောင် စသည့် မြို့များတွင် ဆန္ဒပြသူများက ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ရန်၊ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားအခွင့် အရေးမပေးရန်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး(အမြန်ဆုံး)အကောင်အထည် ဖော်ပေးရန်၊ တရား မဝင်နေထိုင် သူများကို ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန်။ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို လေးစားရန်။ ဘင်္ဂါလီ အရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိရန်၊ ၁၉၈၂ ဥပဒေ အကောင်အထည် မဖော်နိုင်သရွေ့ ကယ်ဆယ်ရေး စခန်းများတွင် ထားရန် ဆိုသည့်အချက်များကို တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။