သတင်း

မီးရှို့ဆန္ဒပြရာတွင် ဗိုလ်ချုပ် အောင်ဆန်း ပုံ ပါဝင်မှု မွတ်စလင်များ ရှင်းချက်ထုတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ မွတ်စလင်များ အရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုပွဲ၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ပုံကို မီးရှို့မှုအတွက် မွတ်စလင်များက ရှင်းချက်ထုတ်ကြကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက် မွတ်စလင်များနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော မွတ်စလင်များလည်း ပါဝင်ကြောင်း ယင်းဆန္ဒပြပွဲ၌ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့သည့် Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာကိစ္စမှာရော၊ မြန်မာမွတ်စလင် ကိစ္စမှာရော နှုတ်ဆိတ်နေတဲ့ အတွက်ကြောင့်မို့လို့ မီးရှို့လိုက်တာပါ။ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတဲ့အတွက်ကြောင့်တော့ စိတ်မကောင်းပါဘူး။ ဒါလည်း တဖွ့ဲလုံးရဲ့ သဘောဆန္ဒနဲ့ ရှို့တာ မဟုတ်ပါဘူး၊ ပါလာတဲ့လူတွေထဲက ၃ ယောက်လောက်က လုပ်တာပါ” ဟု မောင်ကျော်နုက ပြောသည်။

မီးရှို့ဆန္ဒပြ ဓာတ်ပုံများတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ပါရှိနေခြင်းကြောင်း သမ္မတရုံးမှ တာဝန်ရှိသူနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြောဆို ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။

လက်ရှိပြုလုပ်နေသော ဆန္ဒထုတ်ဖော်မှုများသည် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချခြင်းနှင့် နိုင်ငံတကာက သိစေရန် လှုံ့ဆော်ဆန္ဒပြခြင်း ဖြစ်သော်လည်း ဗိုလ်ချုပ် အောင်ဆန်းပုံကို မီးရှို့ရန်မှာမူ ရည်ရွယ်ချက်မရှိဟု မောင်ကျော်နုက ဆိုသည်။

ဗိုလ်ချုပ် အောင်ဆန်း ပုံပါ အကျႌကို မီးရှို့သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ အင်္ဂလန်၊ နယ်သာလန်၊ ဂျပန်၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဂျာမနီ နိုင်ငံများရှိ ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ ၆ ခုက ဝမ်းနည်းကြောင်းနှင့် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံကို မီးရှိ့ခြင်းအား ကျနော်တို့ ပူးတွဲပါ ရိုဟင်ဂျာ အဖွဲ့အစည်းများ အားလုံးမှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ပါသည်” ဟု ဧပြီ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ယင်းမီးရှို့မှုသည် မသက်ဆိုင်သော လူတစု၏ အပြုအမူသာ ဖြစ်ကြောင်း ငြင်းချက်ထုတ်ထားပြီး နိုင်ငံတကာရှိ ရိုဟင်ဂျာအရေး လှုပ်ရှား ဆောင်ရွက်သူများကိုလည်း ယင်းသို့ မဖြစ်စေရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မောင်ကျော်နုကမူ “အစက သူတို့က ဒီ ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ အကျႌနဲ့ ဝတ်ပြီး သူတို့ကိုယ်သူတို့ မီးရှို့အသတ်ခံမယ်ဆိုပြီး လုပ်ကြသေးတယ်။ အဲဒီအချိန် ကျနော်က ဟေ့ကောင်တွေ ဒီလိုမလုပ်နဲ့ ပြောလိုက်မှပဲ အကျႌကိုပဲ ရှို့လိုက်တာ၊ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါသွားတာ။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံကို မီးရှို့ဖို့ ကိစ္စပါ” ဟု ပြောသည်။

ဆန္ဒပြ မီးရှို့သူများသည် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ် ကာလအတွင်း လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ဖူးသူများ ဖြစ်ကြောင်း မောင်ကျော်နုက ဆိုသည်။

မောင်ကျော်နုက ဆက်လက် ပြောဆိုရာတွင် BRAT အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ပုံအား မီးရှို့မှုကို ဝေဖန်စရာ မရှိသော်လည်း ဗိုလ်ချုပ် အောင်ဆန်းပုံကို မီးရှို့ခြင်းအား ရှုတ်ချကြောင်း၊ သို့သော်လည်း မီးရှို့သူများကို တစုံတရာ အရေးယူရန် အစီအစဉ်မရှိသေးကြောင်း ပြောသည်။

မီးရှို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ ပါဝင်နေခြင်းနှင့် ပတ်သက်၍ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးမှူးဇော်က “ဗိုလ်ချုပ် အောင်ဆန်းကို ‘အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း’ ဆိုပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် နှုတ်က ထုတ်ဖော် ပြောကြား ကမ္ဗည်းရေးထိုးခိုင်းပြီး သမ္မတတွေကြားထဲ အလယ်ဗဟိုမှာ ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ မှတ်တမ်းဓာတ်ပုံမှာ အဲဒီ ဗိုလ်ချုပ် ဓာတ်ပုံကို တွေ့မြင်နိုင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ဒီနိုင်ငံရဲ့ အထွတ်အမြတ် ထားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီးပါ။ ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံ၊ သင်္ကေတ၊ အမှတ်အသား၊ မိန့်ခွန်းတွေဟာလည်း နိုင်ငံတော်အလံလို ဥပဒေနဲ့ တိတိကျကျ ပြဌာန်းထားခြင်း မရှိသော်လည်းဘဲ နိုင်ငံသားတွေ အလိုအလျောက် ခံယူရမယ့် လူမှုပဋိဉာဉ် (Social Contract) လို့ ပြောနိုင်သလို တနည်းအားဖြင့် အမျိုးသားရေး ပဋိဉာဉ် (National Contract) တခု ဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင်း မွတ်စလင်များအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရပ်တန့်ပေးရေးနှင့် ရှုတ်ချကြောင်း အဝေးရောက် မွတ်စလင်အရေး လှုပ်ရှားသူများက အမေရိကန်၊ အင်္ဂလန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆန္ဒပြခဲ့ကြပြီး ယခုလ ၁၂ ရက် နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသွားဦးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီ ၁၃ ရက်မှ ၁၉ ရက်အထိ ဂျပန်ခရီးစဉ်အတွင်း ကြိုဆိုဧည့်ခံ တွေ့ဆုံဆွေးနွေးမှုများအတွက် မွတ်စလင်အဖွဲ့အစည်းများကို စီစဉ်သူများက ပူးပေါင်းပါဝင်ခွင့် မပေးဟု မွတ်စလင်များက ပြောကြောင်း AFP သတင်းဌာနတွင် ရေးသားထားသည်။ ဂျပန်တွင် မြန်မာနိုင်ငံမှ လာရောက် အခြေချ နေထိုင်သူ ၁ သောင်းခန့် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading