သတင်း

ယခုနှစ် သင်္ကြန်လည်ရန်ကား ငှားရမ်းမှုနှုန်း အနည်းငယ်လျော့ကျ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခုနှစ် ရန်ကုန် သင်္ကြန်တွင် ရေပက်ခံထွက် လည်ပတ် လိုသူနည်းပါးပြီး ရေပက်ခံကား ငှားရမ်းမှုမှာ ယခင်ထက် အနည်းငယ် လျော့ကျသွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အငှားလိုက်သည့် ကားများ၏ ဈေးကွက်သည် ယခင်နှစ်များကထက် သိသိသာသာ မဟုတ်သော်လည်း အနည်းငယ်မျှ လျော့နည်းသွားသည်ဟု ကားအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုအောင်စိုးမိုးက ပြောသည်။

“အရင်နှစ်တွေက သင်္ကြန်ကားကို ၁၀ စီး ငှားရတယ်ဆိုရင် ဒီနှစ်မှာက ၈ စီးလောက်ပဲ ငှားရတယ်။ အပြင်မှာ ပြောကြသလို အငှားက သိသိသာသာ လျော့သွားတယ်တို့ အငှားမရှိသလောက် ဖြစ်သွားတယ်ဆိုတာ မျိုးတော့ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ထို့အပြင် ရေပက်ခံထွက်ရာတွင် အသုံးပြုများသည့် ဂျစ်ကားများမှာ မရှိသလောက် လျော့နည်းသွားခြင်းကြောင့် ယခုနှစ် သင်္ကြန်တွင် လိုက်ထရက် ကားများကို ပိုမို ငှားရမ်းကြကြောင်း၊ စက်မှုဇုန်ထုတ် ဂျစ်ကားများလည်း အနည်းအကျဉ်းမျှ ငှားရမ်းရကြောင်း ကားအငှားလုပ်ငန်း လုပ်ကိုင်နေကြသူ များထံမှ သိရသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် ကားငှားရမ်းလည်ပတ်ကြရာ၌ ဂျစ်ကားကို ငှားရမ်းမှု များပြားသော်လည်း ၎င်းကာလများသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ အထိသာဖြစ်ကြောင်း၊ ယခုနှစ်တွင် ဂျစ်ကားငှားရမ်းမှုနှုန်း အနည်းဆုံး ခုနှစ်ဖြစ်ကြောင်း ကားအငှား လုပ်ငန်း လုပ်ကိုင်ကြသူများက ပြောသည်။

“ဂျစ်ကားတွေကို ပြန်အပ်နေရပြီ ဆိုတော့ ဂျစ်ကားတွေက မရှိသလောက်ဖြစ်နေပြီ။ ဒါပေမယ့် ဇုန်ထုတ်ကားတွေတော့ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ကတော့ ဂျစ်ကားထက် လိုက်ထရက်တွေပဲ လာငှားနေတာ တွေ့ရတယ်” ဟု ကားအငှားလုပ်ငန်း လုပ်ကိုင်သည့် ကိုသန့်ဇင်က ပြောသည်။

ယခုနှစ်အတွက် သင်္ကြန်ကားများ လာရောက် ငှားရမ်းကြရာတွင် သင်္ကြန်ရက် ၄ ရက်လံုံးထက် အကြတ်နေ့နှင့်၊ အတက်နေ့ အတွက် ငှားရမ်းသူ ပိုများပြီး ဂျစ်ကားငှားရမ်းခ နှုန်းထားသည် လိုက်ထရက်ကား ငှားရမ်းခနှုန်းထက် ၂ သောင်းခန့် ပိုမိုလျော့နည်းကြောင်း သိရသည်။

“သင်္ကြန်ရက် ၁ ရက်ကို ၁ သိန်း ၂ သောင်းယူတယ်။ နောက်ဆုံးနေ့ ဆိုရင်တော့ ၁ သိန်းခွဲ ယူတယ်။ အဲဒါက လိုက်ထရက် ဈေးနှုန်းပေါ့။ ဂျစ်ကားဈေးနှုန်း ကျတော့ ၁ သိန်းနဲ့ နောက်ဆုံးနေ့ဆို ၁ သိန်း ၃သောင်း” ဟု ကိုသန့်ဇင်က ဆက်ပြောသည်။

သင်္ကြန်တွင် ကားငှားရမ်း၍ လည်ပတ်ကြရာတွင် လိုက်ထရက်ကား တစီးလျှင် ၁ သိန်း ၂ သောင်းဟု သတ်မှတ် ထားသော်လည်း သတ်မှတ်ထားသော လူဦးရေ ၂၀ ကျော်ပါက လူပိုတင်ကြေး အဖြစ် ပိုပေးရသကဲ့သို့ ဂျစ်ကားတွင်လည်း သတ်မှတ်ထားသည့် လူဦးရေ ၉ ယောက်ထက် ပိုတင်မည် ဆိုပါက ကားငှားရမ်းခ ပိုပေးရမည်ဟု သိရသည်။

“ကျနော်တို့က သင်္ကြန်မှာ မဏ္ဍပ်တော့ မထိုင်ဖြစ်ဘူး။ သူငယ်ချင်းတွေစုပြီး ကားနဲ့ လည်ဖို့လုပ်ထားတယ်။ အရင်နှစ်တွေ ကတော့ လိုက်ထရက်နဲ့လည်း လည်တယ်၊ ဂျစ်ကားနဲ့လည်း လည်တယ်။ ဒီနှစ်တော့ လိုက်ထရက်နဲ့ပဲ လည်ဖြစ်တော့မယ်။ ကားငှားပြီး လည်ဖို့ကို ကျနော်က စီစဉ်တာဆိုတော့ တခြားလိုက်မယ့် သူတွေကို ၁ ယောက်ကို ၁ သောင်းခွဲ ယူတယ်” ဟု ယခုနှစ် သင်္ကြန်တွင် ကားဖြင့် လည်ပတ်မည့် မှော်ဘီမြို့နယ်တွင် နေထိုင်သူ အသက် ၂၀ ဝန်ကျင် အမျိုးသားတဦးက ဆိုသည်။

ယခုနှစ် သင်္ကြန်ကား ငှားရမ်းခ နှုန်းထားသည် ယခင်နှစ်များကနှင့် အတူတူပင်ဖြစ်ပြီး ရန်ကုန်မြို့တွင်းတွင် လည်ပတ်ကြရန် လာရောက် ငှားကြသည်က ပိုများသည်ဟု သိရသည်။

“သင်္ကြန်မှာ နယ်တွေသွားဖို့အတွက် ကားလာငှားတာတော့ မရှိဘူး။ လုံးဝကို မရှိသလောက်ပဲ။ အရင်နှစ်တွေကဆို နယ်ကို အပန်းဖြေ ခရီးထွက်ဖို့ လာငှားတဲ့သူတွေရှိတယ်။ ဒီနှစ်တော့ ကားလာငှားဖို့ လာမေးတဲ့သူ ၁ ယောက်၊ ၂ ယောက် လောက်တော့ ရှိတယ်။ သူတို့တွေလည်း မငှားဖြစ်ပါဘူး” ဟု ကားအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုမင်းမင်းက ဆိုသည်။

သင်္ကြန်ကား အငှားလိုက်ရာတွင် မြို့တွင်း၌လည်ပတ်ရန် ဈေးနှုန်းကို ပုံသေ သတ်မှတ်ထားသော်လည်း ခရီးဝေးအတွက်ကိုမူ ကားငှားခနှုန်းအား ပုံသေ သတ်မှတ်ထားခြင်း မရှိကြောင်း ကားအငှား လုပ်ကိုင်ကြသူများက ပြောသည်။

ယခုနှစ် သင်္ကြန်တွင် အပန်းဖြေခရီး ထွက်ရန် ကားလာရောက် ငှားရမ်းကြသူများ အများဆုံး သွားကြသော မြို့များသည် တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာတို့ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မတ်လအတွင်းက မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း ပဋိပက္ခများ ဖြစ်ခဲ့ခြင်း၊ ကိုယ်ပိုင်ကား သွင်းမှု ပိုမို များပြား လာခြင်းတို့ကြောင့် သင်္ကြန်တွင်း လည်ပတ်လိုသူနှင့် ကားငှားသူ အနည်းငယ် လျော့နည်းသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading