သင်္ကြန်တွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက် ရန်ကုန်မြို့အတွင် ယာဉ်ထိန်းရဲ ၄၀၀ ကျော်တို့က စည်းကမ်း ထိန်းသိမ်းရေး တာဝန်များကို ၂၄ နာရီ တာဝန်ယူကြမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ခံအရာရှိတဦးက ပြောသည်။
“လမ်းဆုံလမ်းခွတွေမှာ အားလုံးကို နေရာချထားတယ်။ အရေးပေါ် ကားမတော်တဆမှု ဖြစ်ရင်လည်း မြို့နယ် ယာဉ်မှုစစ်တွေက အသင့်အနေအထားနဲ့ ၂၄ နာရီ အသင့်ရှိနေမှာပါ” ဟု အဆိုပါ တာဝန်ခံ အရာရှိက ပြောသည်။
ယာဉ်သွားလာရေးနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့တွင်းရှိ ဆရာစံလမ်း၊ စက်မှု (၁) လမ်းနှင့် ကန်ပတ်လမ်းစသည့် လမ်း ၃ လမ်းကိုသာ တလမ်းမောင်းစနစ်ဖြင့် ကျင့်သုံးသွားရန် ရှိကြောင်း၊ ကျန်လမ်းများမှာ မူလ သတ်မှတ်ထားသည့် အတိုင်းသာ မောင်းနှင်ရမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“ဆရာစံ လမ်းကျတော့ ကမ္ဘာအေးစေတီလမ်းဆုံ ပုလဲကွန်ဒို ကနေ စက်မှု ၁ လမ်းဆုံ ရန်ကင်းစင်တာ အထိကို အနောက် ကနေ အရှေ့တလမ်းမောင်း လုပ်ပေးထားတယ်။ ဆရာစံလမ်းဆုံ ရန်ကင်းစင်တာကနေ ကမ္ဘာအေး စေတီလမ်းဆုံ ဆီဒိုးနားဟိုတယ် အထိကိုကျတော့ အရှေ့ကနေ အနောက် တလမ်းမောင်း လုပ်ထားတယ်။ နောက် ကန်ပတ်လမ်း ကျတော့ သူ့ဆီဝင်မယ့် ကားတိုင်းကို ညာကွေ့လက်ဝဲရစ်ပဲ သွားဖို့ ခွင့်ပြုထားတယ်။ အထက်ပန်းဆိုးတန်းက လာမယ့်ကားတွေ ကန်ပတ်လမ်းထဲ ဝင်မယ်ဆိုရင် ဒေါ်သိန်းတင် မီးပွိုင့်ကလာနိုင်တယ်။ သိမ်ဖြူကနေဆို သိမ်ဖြူ ၅ ခွဆုံ လမ်းလွှဲကနေ ဝင်နိုင်တယ်။ နောက်ဗဟန်းအဝိုင်း၊ ကန်ရိပ်သာတို့ကနေ ဝင်နိုင်တယ်။ အထွက်ကတော့ နတ်မောက်လမ်းကနေ ကမ္ဘာအေး ဘုရားလမ်းဆုံအထိ ထွက်နိုင်တယ်။ နောက် အဲဒီမှာ မနက် ၆ ကနေ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခွင့် မပေးထားဘူး” ဟု ၎င်းက ရှင်းပြသည်။
“ယာဉ်တွေနဲ့ ပတ်သတ်ပြီး လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ထားတယ်။ အရင်တုန်းက ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ဒီနှစ် မီးပွိုင့်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေ တဆင့် ကြည့်ပြီး သတ်မှတ် စည်းကမ်းလိုက်နာမှု မရှိတဲ့ ဓာတ်ပုံ ရိုက်ယူမယ်။ အဲဒီကနေလည်း အရေး ယူသွားမှာပါ” ဟု တာဝန်ခံ အရာရှိက ပြောသည်။
သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာများ ရှိပါက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် အရေးပေါ်အတွက် ဆရာဝန်၊ ဆရာမများကို ၂၄ နာရီ အသင့်အနေအထားဖြင့် ထားရှိကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်များနှင့် ပတ်သတ်၍ လည်း ဆေးရုံကြီးတွင် လည်းကောင်း၊ ဆရာဝန်အသင်းတွင် လည်းကောင်း အသင့်ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာမြင့်သိန်းထံမှ သိရသည်။
“ကျန်းမာရေး အတွက် လိုလေသေး မရှိအောင် ထားထားတယ်။ ယာဉ်ထိခိုက် အတွက်ကတော့ ယာဉ်ထိန်းရဲနဲ့ ပေါင်းပြီး လုပ်ထားတဲ့ လူနာတင်ယာဉ် ၂ စီးထားတယ်။ အရေးပေါ် အတွက်လည်း သီးသန့်ထားထားတာ ရှိတယ်။ နောက် လူမှုရေး အသင်းတွေဖြစ်တဲ့ နာရေးကလည်း ကူညီဖို့ ရှိတယ်” ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။
အရေးပေါ် ပြဿနာ တစုံတခု ဖြစ်ပွားလာပါကလည်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာန အပြင် ဂျပန်ဆေးရုံကြီးတွင်ပါ စောင့်ရှောက် ပေးမည်ဖြစ်ကြောင်း သိရသည်။
“ဒါက စီစဉ်ထားတာပါ။ ဖြစ်မှာမို့ လုပ်ထားတာ မဟုတ်ဘူး။ ပြည်သူလူထု ကျန်းမာရေး၊ လုံခြုံရေးအတွက် ပြည့်ဝစွာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားတာ” ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။
ထိခိုက်မှု တစုံတရာ ဖြစ်ပေါ်လာလျှင် လည်းကောင်း၊ ဆေးရုံကား အရေးပေါ် ခေါ်ယူလိုလျှင်လည်းကောင်း ဖုန်းနံပါတ် ၀၁ – ၅၀၀၀၀၅၊ ၀၁ – ၂၉၁၂၈၄၊ ၀၁ – ၂၉၁၂၈၅၊ ၀၁ – ၂၉၆၄၅၄ တို့သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။