သတင်း

မီးပေးမည့် အစိုးရအစီအစဉ် ရခိုင်ဒေသခံများ မယုံကြည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဟူသော အစိုးရ၏ ကြေညာချက်ကို ဒေသခံများက ယုံကြည်မှု မရှိသေးဘဲ ရွှေသဘာ၀ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးကိစ္စ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ လျှပ်စစ်မီး ၂၄ နာရီ ပေးနိုင်ရန် ပင်မ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်အားခွဲ စက်ရုံများ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကိုလည်း အိန္ဒိယ နိုင်ငံမှ တင်သွင်းနေကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ မဟာဓာတ်အား လိုင်းမှတဆင့် ရခိုင်ဒေသတွင်းသို့ သွယ်တန်း ဖြန့်ဝေနိုင်ရန် စီမံကိန်းများချမှတ် လုပ်ဆောင်သွားမည်ဟု ဧပြီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားခြင်း အပေါ်ရခိုင် ဒေသခံများက တုံ့ပြန်ပြောဆို ခြင်းဖြစ်သည်။

“ရခိုင်ဒေသကို အစိုးရ သတင်းစာတွေက မီးတွေပေးနေတာ ကြာပါပြီ။ လွှတ်တော်မှာလည်း ဒီကိစ္စတွေက ဖြေဆိုထားပြီးသား ကိစ္စတွေပါ။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ရန်ကုန်မြို့တောင် မီးမမှန်သေးဘူး” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသသို့ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည်ဆိုပါက ကျောက်ဖြူမြို့၌ တည်ဆောက်နေ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိမည့် သဘာ၀ ဓာတ်ငွေ့ဖြင့်သာ ပေးစေလိုကြောင်း၊ ရွှေသဘာ၀ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိရေးအတွက်လည်း ရခိုင်ပြည်သူ တရပ်လုံးက ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

“ရွှေဂက်စ်တွေကို တရုတ်နိုင်ငံကို စရောင်းပြီဆိုရင် ကျနော်တို့ ရခိုင်ဒေသတွေကိုလည်း ဒီဒေသက ထွက်တဲ့ ဂက်စ်နဲ့ပဲ မီးပေးဖို့ လိုပါမယ်။ ကျနော်တို့ ဒေသခံတွေ အားလုံးကလည်းပဲ ဒီ ဂက်စ်နဲ့ပဲ မီးရဖို့အတွက် ရာနှုန်းပြည့် မျှော်လင့်နေကြတယ်” ဟု ကျောက်ဖြူ ဒေသခံများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးလှမျိုးကျော်က ဆိုသည်။

ရွှေဂက်စ် စီမံကိန်းသည် မကြာမီ ပြီးစီးတော့မည်ဖြစ်၍ လာမည့် မေလတွင် ရခိုင်ပြည်နယ်မှ ဂက်စ်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊ ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။ မြန်မာအစိုးရသည် ထိုစီမံကိန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း၌ အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက ပေးထားသော လျှပ်စစ်ဓာတ်အား ရှိကြောင်း၊ သို့သော် ထိုလျှပ်စစ်ကို သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများက ဖွဲ့စည်းထားသော မီးလင်းရေး ကော်မတီများက တယူနစ်လျှင် ကျပ် ၅၀၀ ပေးသွင်း ရကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများမှ ရခိုင်ပြည်နယ် တဝှန်းပေးနေသော လျှပ်စစ်မှာလည်း တယူနစ်လျှင် ကျပ် ၅၅၀ မှ ကျပ် ၈၀၀ အထိ ပေးဆောင်နေရကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ဝန်ထမ်းဟောင်း တဦးဖြစ်သူ ရခိုင်ဒေသခံ ဦးသန်းမောင်က ပြောသည်။

“ရခိုင်ဒေသကို မီး ၂၄ နာရီ ပေးမယ်ဆိုတာကို ဘယ်သူမှ မယုံပါဘူး။ အရင် အစိုးရ အဆက်ဆက်ကလည်း ရခိုင်ဒေသ မီးလင်းရေးအတွက် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ပေးမယ်၊ အမ်းချောင်း၊ သူဌေးချောင်း၊ လေးမြို့မြစ် စတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ တည်ဆောက်ပေးမယ်လို့ ပြောခဲ့ပေါင်း များပါပြီ။ ဒီနေ့အထိ ဘာစီမံကိန်းမှ လုပ်တာ မတွေ့ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရွှေဂက်စ် စီမံကိန်း အပါအဝင် ရခိုင်ဒေသတွင်း၌ တည်ဆောက်နေသော အစိုးရ စီမံကိန်းများသည် ဒေသခံ ပြည်သူများ အတွက် အကျိုးမပြုဘဲ ဆိုးကျိုးများကိုသာ ခံစားနေကြရသည့် အတွက် ကန့်ကွက် ပြောဆိုမှုများ၊ ဆန္ဒပြ ထုတ်ဖော်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေဂက်စ်ဖြင့် လျှပ်စစ်မီး ရရှိရေး လှှုပ်ရှားမှုများကိုလည်း ဆက်လက် လုပ်ဆောင်မည်ဟု

ပြောဆိုနေကြသည့် အချိန်တွင် ရခိုင်ဒေသ ၂၄ နာရီ လျှပ်စစ်မီးပေးရေး လုပ်ဆောင်မည်ဟု အစိုးရ သတင်းစာများက ရေးသားခြင်းသည် ရခိုင်ပြည်သူများအား နှစ်သိမ့်လိုသည့် သဘောသာ ဖြစ်ကြောင်း ဦးသန်းမောင်က ပြောသည်။

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယမှ ဝယ်ယူထားသော (၂၃၀/၁၃၂/၁၁) ကေဗီ (၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး ၂၀၁၄-၂၀၁၅ တွင် လျှပ်စစ်မီး ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။

ရခိုင်ဒေသတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ တောင်ကုတ် စသည် မြို့တချို့တွင် အစိုးရဌာနမှ လက်ရှိပေးနေသော လျှပ်စစ်မီးသည် တရက်လျှင် ၂ နာမှ ၃ နာရီ ဝန်းကျင်သာ ရရှိသည်။ ရခိုင်ပြည်နယ် တခုလုံး၌ မီတာ တယူနစ်လျှင် အနည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၈၀၀ အထိ ရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading