ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ် ထိုင်သူများ အလွန်ပင် နည်းပါးနေခြင်းကြောင့် လက်မှတ်ဈေးနှုန်းများ လျှော့ချ ရောင်းချ နေရကြောင်း ရေးကစားမဏ္ဍပ် တည်ဆောက်သူများ ထံမှသိရသည်။
မြန်မာနိုင်ငံအတွင်း မကြာသေးမီက ပဋိပက္ခ ဖြစ်ပွားခဲ့မှုနှင့် သင်္ကြန်အတွင်း အက်ဆစ်ဖြင့် ပက်ဖျန်းမည် ဆိုသည့် ကောလာ ဟလကြောင့် ရေးကစား မဏ္ဍပ် လက်မှတ်များ ရောင်းအား ကျဆင်းကာ ဈေးနှုန်းများ လျှော့၍ ရောင်းချ နေရသည်ဟု ကန်တော်ကြီး ပတ်လမ်းတွင် ဆောက်လုပ်ထားသည့် Road Runner မဏ္ဍပ်မှ ကိုကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။
“အခုထိ လက်မှတ်က နှစ်ရာကျော် လောက်ပဲ ရောင်းရတယ်။ All Days ၄၅၀၀၀ ကျပ်ကို ၃၀၀၀၀ နဲ့ ရောင်းလိုက် ရတယ်။အရင်နှစ်တွေ အခုလိုအချိန်ဆိုရင် လက်မှတ် ၇၀၀ ကျော်လောက် ရောင်းရပြီ” ဟု ကိုကျော်ဇေယျက ဆိုသည်။
ကန်တော်ကြီး မဏ္ဍပ်တိုင်း နီးပါး လက်မှတ်များကို လျှော့ဈေးဖြင့် ရောင်းနေရသော်လည်း ယခုအချိန်အထိ လာရောက် ဝယ်ယူသူ နည်းပါးနေသေးကြောင်း၊ လုံခြုံရေးကိုလည်း ယခင်နှစ်ကထက် ပို၍ ယူထားကြောင်း၊ မဏ္ဍပ်၏ ပတ်ပတ်လည် တွင်လည်း CCTV များ တပ်ဆင်ထားကြောင်း ကိုကျော်ဇေယျက ထပ်ပြောသည်။
“လက်မှတ်ကို ဘယ်လောက် ဈေးလျှော့ရောင်းရောင်း လူတွေက ပဋိပက္ခဖြစ်ခဲ့တဲ့ကိစ္စနဲ့ အပြင် မထွက်ကြတော့ ဘယ်လိုမှ ရောင်းလို့မရဘူး။ အခုထိ ကျနော်တို့ မဏ္ဍပ်မှာဆိုရင် လက်မှတ် အစောင် ၁၀၀ ကျော် လောက်ပဲ ရောင်းရသေးတယ်” ဟု CARIBBEAN PARADISE မဏ္ဍပ်မှ ကိုချစ်ငြိမ်းစိုးက ဧရာဝတီသို့ ပြောသည်။
မဏ္ဍပ်များတွင် လူအနည်းဆုံး အယောက် ၅၀၀ ကျော်အတွက် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ လူအလွန် နည်းနေကြောင်း၊ မဏ္ဍပ်တခုသည် သိန်းပေါင်း ၄၀၀ ကျော်ခန့် အကုန်အကျခံ ဆောက်လုပ်ထားသဖြင့် အရင်းပြန်ရရန်ပင် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“အရင်ကဆိုရင် လက်မှတ်တွေ ကြိုဝယ်ကြတယ်။ အခုဆိုရင် လက်မှတ်ကို ကြိုမဝယ်တဲ့အပြင် လျှော့ရောင်းတာတောင် မလာကြဘူး။ သင်္ကြန်ရက်အတွင်းတော့ ဘယ်လို လာမယ်မှန်း မသိသေးဘူး” ဟု ကိုကျော်ဇေယျက ပြောသည်။
ယခုနှစ် သင်္ကြန်တွင် လူအများစုက ကောလာဟလ သတင်းများကြောင့် စိတ်ဝင်စားမှု နည်းနေသဖြင့် သင်္ကြန်လည်ရန် ကားငှားရမ်းမှုလည်း အနည်းငယ် လျော့နည်းခြင်း၊ မဏ္ဍပ်ထိုင် ရေကစားမှု နည်းလာခြင်းတို့ကြောင့် သင်္ကြန်ရက်အတွင်း စီးပွားရှာလိုသူများ စိတ်ညစ်နေကြသည်ဟု သိရသည်။
“ကျနော်တို့က သင်္ကြန်ကျရင် အရက်တို့ ဘီယာတို့ကို မဏ္ဍိပ်နားတွေမှာ ကားနဲ့လည်ပတ်တဲ့ သူတွေကို ရောင်းတယ်။အဲဒီမှာ တော်တော် ရောင်းရတယ်ဗျ။ အများကြီး မြတ်တယ်။ ဒီနှစ်တော့ ဘယ်လိုလာမယ်မှန်းတောင် မသိတော့ပါဘူး” ဟု ကွမ်းယာ ရောင်းသည့် ကိုမျိုးက ပြောသည်။
သင်္ကြန်ကာလအတွင်း လုံခြုံရေးကို ယခင်နှစ်များထက် ပိုယူသွားမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့များနှင့် တပ်သားများကို တိုးချဲ့ ချထားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင်လည်း CCTV ကင်မရာ လေးလုံးခန့်စီ တပ်ဆင်ကာ ရေကစားအပြီးတွင် CCTVမှ ရိုက်ထားသည့် ဖိုင်ကို ရဲတပ်ဖွဲ့သို့ သွားရောက် ပေးရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်အနီး မည်သူမှ ဝင်မရအောင် ခြံစည်းရိုး ကာထားကြောင်း၊ မည်သည့် ဈေးသည်ကိုမှ မဏ္ဍပ်အနီး ကပ်ခွင့်ပေးမထားကြောင်း မဏ္ဍပ်ဆောက်လုပ်သူများက ဆိုသည်။
၂၀၁၀ ပြည့်နှစ်က သင်္ကြန်ကာလ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံးပြီး ၁၇၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။