မိတ္ထီလာ အဓိကရုဏ်း စတင်အခြေခံရာ နယူးဝိတ်စိန်ရွှေဆိုင်၏ ပိုင်ရှင်အပါအဝင် လူ ၃ ဦးကို မြို့နယ်တရားရုံး၏ အမြင့်ဆုံး စီရင်ပိုင်ခွင့်ရှိသည့် ပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း နိုင်ငံတော်ပိုင်သတင်းစာမှ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို လုယက်မှု ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ၇ နှစ်၊ ပြင်းထန်နာကျင်စေမှုနှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင်ဒဏ် ၅ နှစ်နှင့် သာမာန်ပြတ်ရှဒဏ်ရာ ရရှိစေမှုနှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၂၄/ ၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ရွှေဆိုင်မှ ဦးထွန်းထွန်းဦး(ခ) ဦးအာရှစ်ကို လုယက်မှု ပုဒ်မ ၃၈၂ ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၇ နှစ်၊ ပြင်ထန်နာကျင်စေမှု ပုဒ်မ ၃၂၅ ၏ ပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်နှင့် သာမာန်ပြတ်ရှဒဏ်ရာ ရရှိစေမှု ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ်ဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ရွှေဆိုင် အလုပ်သမား ညီညီ(ခ) မင်းအောင်ကိုလည်း အဆိုပါ ပုဒ်မများအရ အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်များသည် မြို့နယ်တရားရုံး၏ စီရင်ပိုင်ခွင့်တွင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း၊ ထိုပြစ်ဒဏ်များသည် အယူခံပိုင်ခွင့်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးစိုးမိုးကျော်က ဆိုသည်။ “ အခု ပြစ်ဒဏ်တွေက အယူခံ ဆက်တက်ရင်တော့ လျော့သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ လုယက်မှုဆိုတာကိုလည်း ရွှေ အရောင်းအဝယ်လုပ်တဲ့ဆီမှာ တမင်ကြံရွယ်ပြီး ဈေးနှိမ်ယူလို့ဆိုပြီး ပုဒ်မအတက်ခံရာ ဖြစ်နိုင်ချေရှိပါတယ်။ ပြစ်ဒဏ်လျော့ မလျော့ကတော့ နောက်ပိုင်းဆက်ကြည့်ရမှာပေါ့” ဟု ဆိုသည်။
သို့ရာတွင် မိတ္ထီလာ အဓိကရုဏ်းမှာ ရွှေဆိုင်မှ စသည်ဟု အရပ်ပြောပြောနိုင်သော်လည်း ဥပဒေရှုထောင့်မှကြည့်လျှင် မသက်ဆိုင်ကြောင်း ရှေ့နေများက ပြောဆိုကြပြီး တရားဥပဒေ၏ စီရင်ပိုင်ခွင့်ရှိသော အမြင့်ဆုံး ပြစ်ဒဏ်ကို ကျခံလိုက်ရခြင်းမှာ နိုင်ငံရေးလောင်းရိပ် ဖြစ်နိုင်ချေရှိကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
ရွှေဆိုင်အဖြစ်အပျက်သည် အဓိကရုဏ်းကြီးနှင့် တိုက်ဆိုင်သွား၍သာ ကြီးလေးသော နှစ်ရှည်ချမှတ်လိုက်ခြင်း ဖြစ်သည် ဟု နားလည်ကြောင်း၊ တခါတရံ ပြစ်မှုကျူးလွန်သူကို ချမှတ်သည့် ပြစ်ဒဏ်မျိုး မဟုတ်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောဆိုသည်။
“လူ တယောက်ကို အပြစ်ပေးတဲ့အခါမှာ အကျင့် စာရိတ္တကို ပြုပြင်စေလိုတဲ့ သဘောနဲ့ပဲ ပြစ်ဒဏ်ပေးရမယ်ဆိုတာ ကျနော်တို့ ဥပဒေကျင့်စဉ်က အစဉ်တစိုက် ကျင့်သုံးလာတာ။ ဒါ အစဉ်အမြဲ ပြစ်မှု ကျူးလွန်လေ့ ရှိတဲ့သူတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးလေ့ပေးထ ရှိတယ်”ဟု ဦးအောင်သိန်းက ဆိုသည်။
ယနေ့အထိ မိတ္ထီလာ အဓိကရုဏ်းကြောင့် ဖမ်းဆီးထားသည်မှာ လူပေါင်း ၇၀ ရှိပြီဖြစ်ကြောင်း အဆိုပါ ဖမ်းဆီးထားသူများထဲတွင် အမျိုးသမီး ၂ ဦးပါရှိရာ တooမှာ ရွှေဆိုင်ပိုင်ရှင်ဟု မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
“ အခု ဖမ်းထားတဲ့ လူ ၇၀ ထဲက ရွှေဆိုင်နဲ့ ပတ်သက်တဲ့ ၃ ဦးကို ပထမဆုံး အမိန့်ချလိုက်တာပါ။ ဧပြီ ၁၃ ရက်နေ့ကလည်း မြို့မ ၄ ရပ်ကွက်က ဘေဘီစတိုးဆိုင်ကို လုယက်ဖျက်ဆီးတဲ့သူ ၁၃ ဦးကိုတော့ နောက်ထပ် လုယက်မှု ပုဒ်မ ၃၉၂ နဲ့ တရားစွဲဖို့ ရုံးတင်လိုက်ပြီ။ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးနေဆဲပါပဲ ” ဟု ရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိစာရင်းများအရ ဖမ်းဆီးထိန်းသိမ်းထားသော လူ ၇၀ ဦးတွင် ဗုဒ္ဓဘာသာဝင် ၄၂ ဦး၊ အစ္စလမ်ဘာသာဝင် ၂၈ ဦးရှိကြောင်း၊ ဆက်လက်စစ်ဆေးမှုများအရ လိုအပ်လျှင် ထပ်မံဖမ်းဆီးရန် ရှိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
“ ဖမ်းတဲ့အထဲမှာ အစ္စလမ်တွေလည်း ပါတယ်။ ဗုဒ္ဓဘာသာတွေလည်း ပါတယ်။ အဓိကရုဏ်းဖြစ်တဲ့ဆီမှာ အပြန်အလှန် တိုက်ခိုက်ကြတဲ့အတွက် ၂ ဖက်လုံးကို ဖမ်းထားတာပါ”ဟု ပြောသည်။
လင်းသန့် ပါဝင် ရေးသားပေးပို့သည်။