ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများ၌ ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုကြောင်း သိရသည်။
ယမန်နေ့က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Fumio Kishida နှင့် တွေ့ဆုံပြီး ထိုသို့ ပြောဆိုခြင်း ဖြစ်သည် ဟုဂျပန်သတင်းများက ဖော်ပြသည်။
ဂျပန်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်ဟု သိရသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ် သက် ၍ ဥပဒေဆိုင်ရာ ကိစ္စများနှင့် အခြေခံ အဆောက်အအုံ ဆိုင်ရာ လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းနေပြီ ဖြစ်ကြောင်း ယနေ့ တိုကျိုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထည့်သွင်းပြောကြား သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက စိတ်ဝင်စားသူတွေများပေမယ့် လက်တွေ့မှာ လာရောက်တာ နည်းနေသေးတယ်။ ဒါဟာ ဘာကြောင့်လည်း ဆိုတော့ စီးပွားရေး လုပ်ငန်းကြီး တော်တော်များများဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ဘယ်လို ရှိမယ် ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အခြေအခံ အဆောက်အအုံပိုင်း ဆိုင်ရာတွေကိုလည်း လေ့လာနေသေးလို့ပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာ့ ဒီမိုကရေစီအရေးတွင် ထိရောက်မှု ရှိခဲ့ကြောင်း ဖြေကြားခဲ့သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဂျပန်ရောက် မြန်မာဒုက္ခသည် တဦး ဖြစ်သော တိုကျို တက္ကသိုလ်မှ မဟာဘွဲ့ ရခဲ့သူ ကိုမျိုးမြင့်ဆွေ က ဧရာဝတီကို ပြောသည်။
“ကျနော့်မေးခွန်းနဲ့ပတ်သက်ပြီး ဒဏ်ခတ် အရေးယူမှုဆိုတာကို သူက လိုတဲ့အချိန်ရှိသလို၊ မလိုတဲ့အချိန်ဆိုတာ ရှိတယ် လို့ ဖြေတယ်။ ဒါပေမယ့် အခုတော့ မလိုတော့ဘူးလို့ ပြောတယ်။ အခု Sanction တွေဖြေလျှော့ ပေးလိုက်တဲ့အတွွက် ကြောင့် မြန်မာပြည်က စီးပွားရေးတံခါး ပွင့်သွားတယ်ပေါ့”ဟုလည်း သူက ဆက်ပြောသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး မြီရှင်နိုင်ငံလည်းဖြစ်ပြီး ယမန်နှစ်က ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သို့ ပေး ဆပ်ရန် အကြွေး အမေရိကန် ဒေါ်လာ ၆.၆ ဘီလျံကို ယာယီ စိုက်ထုတ်ကာ ဆပ်ပေးခဲ့သည်။
တိုကျိုတက္ကသိုလ်တွင် တက်ရောက်နေသည့် တရုတ်ကျောင်းသားတဦး၏ တရုတ်နှင့် မြန်မာ အနာဂတ် ဆက်ဆံရေး ဆိုင်ရာ အမေးကို ဖြေကြားရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံအကြား အိမ်နီးချင်း မိတ်ဆွေများအဖြစ် ဆက်လက်ရှိနေမည်သာဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
အဆိုပါ ဂျပန်တက္ကသိုလ် ကျောင်းသားများနှင့်တွေ့ဆုံရာတွင် မကြာမီက မိတ္တီလာအပါအဝင် မြန်မာနိုင်ငံ မြို့တချို့တွင် ဖြစ် ပေါ်ခဲ့သော မွတ်စလင်နှင့် ဗုဒ္ဓဘာသာ လူအုပ်စုအချင်းချင်း အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းချက်ကို လည်း လွယ်ကူစွာ အဖြေပေး၍ ရသည့်ကိစ္စ မဟုတ်ကြောင်း၊ သူ့အနေဖြင့် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့သည့် ပြဿနာ များကို ရုပ်ချည်းပြေလည်စေရေး မစွမ်းနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထို့ကြောင့် တရား ဥပဒေ စိုးမိုးရေးသည်သာ အလွန်အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်၏ တရားဥပဒေ စိုးမိုးရေးနှင့် အေး ချမ်းသာယာရေး ကော်မတီ ဥက္ကဌ လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလ ကျမတို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး”ဟုလည်း သူက ဆိုသည်။
တရားဥပဒေ စိုးမိုးမှုဆိုသည်မှာ တရားစီရင်ရေးတခုတည်းကို ဆိုလိုခြင်းမဟုတ်ကြောင်း၊ အုပ်ချုပ်ရေး၊ အစိုးရအာဏာပိုင်များနှင့် လည်း သက်ဆိုင်ကြောင်း၊ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း သင်တန်းများ ပေးရန်လိုအပ်ကြောင်း များလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့် နိုင်ငံသား ဥပဒေဆိုင်ရာများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်လွှတ်တော်များသို့လည်း သွားရောက် လေ့လာခဲ့ရာ လွှတ်တော် အမတ်များက မတ် တတ် ရပ်ကာ ဂုဏ်ပြု နုတ်ဆက်ကြိုဆိုကြသည်ဟု ဆိုသည်။
ထို့အပြင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးက တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာ၌ တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်ဘက်မှ အကူအညီပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း၊ မနက်ဖြန် တွင်လည်း ရှင်ဇိုအာဘေးနှင့် သီးခြား တွေ့ဆုံရန် ရှိကြောင်း သတင်းများအရ သိရသည်။
ဧပြီ ၁၅ ရက်နေ့က ဂျပန်ရောက် မြန်မာ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့ရာ ဒီမိုကရေစီ သဘောတရားအရ မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ်ပြု၍ ဒီမိုကရက်တစ် စိတ်ဓာတ်ကို တည်ဆောက်သွားကြရန်လည်း တိုက်တွန်း ပြောဆိုသည်
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၇ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ဧပြီ ၁၃ ရက်က ၁၉ ရက် အထိ ခရီးစဉ် သွားရောက်နေခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း ဂျပန် အိမ်ရှေ့စံမင်းသားနှင့်လည်း တွေ့ဆုံပြီး တချိန်က တက်ရောက် ပညာသင်ကြားခဲ့သည့် ကျိုတို တက္ကသိုလ်သို့လည်း သွားရောက်ခဲ့သေးသည်။
ယမန်နှစ် ဧပြီလကလည်း သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သေးသည်။