ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်က သင်္ကြန်အကြတ်နေ့ မြန်မာပြည်ကို ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြထားပါတယ်။
မစ္စတာသက်ဆင်ဟာ တရုတ်ပြည် ဟူနန်ပြည်နယ်က တဆင့် လေယာဉ်နဲ့ မန္တလေးမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြင်ဦးလွင်(မေမြို့)မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
မေမြို့က နှစ်တရာကျော် သက်တမ်းရှိ ကိုလိုနီခေတ် ဘုရင်ခံအိမ်တော်မှာ ညအိပ်နားနေခဲ့ပြီး သင်္ကြန်အတက်နေ့မှာတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို အတာရေ ပက်ဖြန်းခဲ့သေးတယ်လို့လည်း မစ္စတာသက်ဆင် က ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။
မန္တလေးမြို့ဟာ အလွန်ပူပြင်းပေမယ့် မေမြို့ကတော့ ရာသီဥတု အလွန်ကောင်းမွန်ပြီး နေထိုင်ရတာ နှစ်သက်စရာ ဖြစ်တယ်၊ ရုက္ခဗေဒ ဥယျာဉ်ကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာသက်ဆင် တည်းခိုခဲ့တဲ့ ဘုရင်ခံ နွေရာသီ အိမ်တော်ဟာ အခုအခါမှာတော့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ဝယ်ယူပြီး ဆက်လက် ထိန်းသိမ်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ တခြားသော မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တယ် မပါဝင်ဘူး ဆိုတာ မသိရပေမယ့် တပ်မတော် ထိပ်တန်း ခေါင်းဆောင်တချို့ကိုတော့ သင်္ကြန်ကာလ အနားယူခွင့်မပေးဘဲ၊ အသင့်အနေအထားရှိစေ တယ်လို့ စစ်တပ် အသိုင်းအဝိုင်းက ဆိုပါတယ်။
အခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ရဲ့ အတာရေသဘင် ဆင်နွှဲနေတဲ့ ဓာတ်ပုံတွေကို အစိုးရ သတင်းစာတွေမှာ ဖော်ပြပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုတော့ မတွေ့ရပါဘူး။
လေ့လာသူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ နှစ်ဦး အခုလိုတွေ့ဆုံတာကို ထူးခြားမှုတခုလို့ မှတ်ချက်ပြုပါတယ်။
မစ္စတာ သက်ဆင်ဟာ ပြီးခဲ့တဲ့လအတွင်းကလည်း ကိုယ်ပိုင်လေယာဉ်နဲ့ ရန်ကုန်မြို့က တဆင့် ထားဝယ်မြို့ကို သွားရောက်ပြီး ရေ နက် ဆိပ်ကမ်း စီမံကိန်းကို လေ့လာခဲ့ပါသေးတယ်။
အာဏာရှိစဉ်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးခဲ့တဲ့ မစ္စတာ သက်ဆင်ဟာ ညီမဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာ ရခါစကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးတွေ ဆွေးနွေး ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
မစ္စတာသက်ဆင်ဟာ ၂၀၀၁ ခုနှစ်က ဝန်ကြီးချုပ် တာဝန်စတင်ယူခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ပြည်ပကို တိမ်းရှောင် နေခဲ့ရတာ ဖြစ်ပါတယ်။