မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ နိုင်ငံတဝန်းလုံးတွင် အကြိုနေ့မှ အတက်နေ့အထိ ၄ ရက်အတွင်း အမှု စုစုပေါင်း ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၂၆ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာနက သတင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ထားချက်အရ မှုခင်းဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အများဆုံးမှာ သင်္ကြန် အတက်နေ့တွင် အများဆုံး ဖြစ်ကြောင်း သိရပြီး လူသေဆုံးမှုမှာ ယာဉ်တိုက်ကြောင့် ၁၁ ဦး၊ သေမှုသေခင်းများတွင် ၁၂ ဦးနှင့် လူသတ်မှုကြောင့် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယင်းအမှုများနှင့် သေဆုံး၊ ဒဏ်ရာရ စာရင်းများသည် သင်္ကြန်လည်ပတ်မှုနှင့် ဆက်စပ်အကျုံးဝင်သော ဖြစ်ရပ်များသာ ဖြစ်ပြီး အကျုံးမဝင်သော မှုခင်းဖြစ်စဉ်များကို ထည့်သွင်းထားခြင်း မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောသည်။
“သင်္ကြန်နဲ့ မဆိုင်တဲ့ဟာတွေ ထည့်မရေးထားဘူးပေါ့။ သင်္ကြန်မှာလည်လို့ သွားရင်းလာရင်းနဲ့ ဖြစ်တဲ့ဟာတွေကိုပဲ ထည့်ထားတာပါ” ဟု ဒုတိယ ရဲမှူးကြီး မင်းအောင်က ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်းတွင် သင်္ကြန်အကျနေ့က ရဲဝန်ထမ်းတဦး မောင်းနှင်လာသည့်ကားသည် ရေကစားနေသည့် ကလေးများအား ဝင်တိုက်မိခဲ့သဖြင့် ကလေးနှစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကလေးငယ် တချို့ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍လည်း မှုခင်းဖြစ်စဉ် ထုတ်ပြန်ချက်၌ ပါဝင်ကြောင်း ယင်းအမှုနှင့် ပတ်သက်၍ ယာဉ်မောင်း ရဲဝန်ထမ်းအား သက်ဆိုင်ရက ဖမ်းဆီးထိမ်းသိမ်းထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“သူက ရဲတပ်ဖွဲ့ဝင် ဆိုပေမယ့်လည်း သေမှုသေခင်းနဲ့ ဖွင့်ပြီးတော့ အရေးယူဖို့ လုပ်ထားပါတယ်။ လောလောဆယ်တော့ ချုပ်ထားတာပေါ့” ဟု ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယခုနှစ် အတာသင်္ကြန်ကို ယခင်နှစ် သင်္ကြန်ကာလများထက် လုံခြုံရေးကို အထူး တင်းကြပ်စွာ ထားရှိပြီး ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ယခုနှစ် အတာသင်္ကြန်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သင်္ကြန်ထက် သေဆုံးသူ ၁၈ ဦး ပိုများခဲ့ပြီး ယခင်နှစ်က ၈ ဦးသာ သေဆုံးခဲ့ကြောင်း ယခင်နှစ် သင်္ကြန်အပြီး ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ထားချက်အရ သိရသည်။
၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင် အမှုပေါင်း ၁၉၂ မှု ဖြစ်ပွားခဲ့ပြီး ၈ ဦး သေဆုံးကာ ၁၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူများမှာ ယာဉ်တိုက်မှုဖြင့် ၃ ဦး၊ သေမှုသေခင်းကြောင်း ၄ ဦးနှင့် ပေါ့လျော့မှုကြောင့် သေဆုံးသူ တဦးတို့ ဖြစ်ကြောင်းသိရပြီး ဒဏ်ရာရရှိသူများမှာ ယာဉ်တိုက်မှုကြောင့် ၅၉ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁၀၅ ဦးနှင့် ဝတ္တရားနှောက်ယှက်မှုကြောင့် ၂ ဦးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနည်းတူ ရိုးရာသင်္ကြန်ကျသည့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ အန္တရာယ်အများဆုံး ၇ ရက်ဟု သတ်မှတ်ထားသည့် ဧပြီ ၁၁ ရက်မှ ၁၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၂၈၂၈ ခုတွင် စုစုပေါင်း ၃၂၁ ဦး သေဆုံးပြီး ၃၀၄၀ ဦး ဒဏ်ရာရရှိကြောင်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျော့ကျရေးဌာနကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။