ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ဝယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလမတိုင်ခင်က ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀၀၀၀ (ခုနစ်သိန်းလေးသောင်း) ကျော်ရှိခဲ့ပြီး အရောင်း အဝယ် မရှိဖြစ်ခဲ့ကြောင်း၊ ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈၅၀၀ (ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာ) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၇၃၀၀၀ (ခြောက်သိန်းခုနစ်သောင်း သုံးထောင်) ဈေးပေါက်သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့် ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည် တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။
“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေ တကျပ်သားကို ၈၀၀၀၀ လောက်အထိကို ထိုးဆင်းသွားတာ။ အရင် အခေါက် တကျပ်သားကို ခုနစ်သိန်းခွဲလောက် ရှိနေရာကနေ ခြောက်သိန်း ခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများ ကျသွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ဘဏ္ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထုတ်ရောင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ဆိုကြသည်။
ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရွှေများ ဆိုက်ပရက်စ်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ဖိုး ထုတ်ရောင်းရန် ရာထားထားရာ အခြား အကြပ်ဆိုက် ဥရောပနိုင်ငံများကလည်း ရွှေ ထုတ်ရောင်းရန် စဉ်းစား သုံးသပ်လာကြသောကြောင့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ ရွှေဈေးနှုန်း များ စံချိန်တင်ကျဆင်းခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၅၈ ဒသမ ၃၈ ရှိခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့တွင် ရွှေတအောင်စ လျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ အထိ အနိမ့်ဆုံး ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
ရွှေဈေးနှုန်းများ ထိုးကျမှုနှင့်အတူ ဝယ်သူ၊ ရောင်းသူများဖြင့် ဈေးကွက်စည်ကားနေပြီး အထူးသဖြင့် ရွှေဝယ်သူ များပြားကြောင်း၊ ထို့ပြင် ရန်ကုန်ရွှေဈေးနှုန်းသည် နယ်စပ်ဒေသမှ ရွှေဈေးနှုန်းများထက် မြင့်မားနေသဖြင့် နယ်စပ်ဒေသများမှ ရွှေများ ပြည်တွင်းရွှေဈေးကွက်သို့ ပြန်လည် ဝင်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေကုန်သည်တဦးက ဆိုသည်။
“ရောင်းတဲ့သူလည်း ငွေလိုတော့ ထုတ်ရောင်းတယ်။ ဝယ်တဲ့သူတွေကလည်း ဈေးကျနေတဲ့အချိန် တချိန် ဈေးတက်မှာပဲဆိုပြီး ဝယ်ကြတယ်။ အခုလက်ရှိ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေဈေးနှုန်းက နယ်စပ်ဒေသက ရွှေဈေးနှုန်းထက် တကျပ်သားကို ၂၀၀၀၀ ကျော် ဈေးမြင့်နေတော့ နယ်စပ်ဒေသက ရွှေတွေ ရန်ကုန်နဲ့ မန္တလေးဈေးကွက် ကို ပြန်ဝင်နေတယ်” ဟု အဆိုပါ ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်းများ ထိုးကျနေချိန် အမေရိကန်နှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်နေပြီး သင်္ကြန်ကာလမတိုင်မီက အမေရိကန်တဒေါ်လာ ၈၈၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိကန်တဒေါ်လာလျှင် ၈၉၅ ကျပ် ရှိကြောင်း သိရှိရသည်။
စီးပွားရေးပညာရှင်အချို့ကမူ ရွှေဈေးကျဆင်းမှုသည် ပြည်သူအများစုအပေါ် သက်ရောက်မှုနည်းသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် သွင်းကုန်ဈေး မြင့်တက်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။