မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း နေရာတချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်၍ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အနေဖြင့် ပါဝင်ပတ်သက်ရန် မလိုအပ်ကြောင်း သမ္မတ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုလိုက်သည်။
ယင်းသို့ မြန်မာ ဗုဒ္ဗဘာသာဝင်များနှင့် မွတ်စလင်တို့ အကြားဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး မွတ်စလင်များအရေး ဖြေရှင်းပေး ရန် အတွက် ၎င်းတို့၏ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးနိုင်ရန် အစိုးရကို ကမ်းလှမ်း တောင်းဆိုသွားမည်ဟု OIC က ပြောဆိုထားသည်။
OIC ၏ ထိုပြောဆိုချက်နှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် က တုံ့ပြန် ပြော ဆိုခြင်း ဖြစ်သည်။
“OIC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို နိုင်ငံတကာ သတင်းတွေအရပဲ သိရပါတယ်။ အစိုးရဆီကို အခုအချိန်အထိ တရားဝင် ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ ကျနော့်အမြင် ပြောရရင်တော့ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြည်တွင်း ရေး ကိစ္စတွေသာဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတခု က ဝင်ရောက်ဆောင်ရွက်ဖို့ အကြောင်း မရှိဘူးလို့ပဲ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။
အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော OIC အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတခုကို ဆော်ဒီ အာရေးဗီးယား နိုင်ငံ Jeddah မြို့၌ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ရာတွင် ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို မြန်မာနိုင်ငံ သို့ လာရောက်ခွင့်ပြုရေး ကမ်းလှမ်းမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်း မီဒီယာများ၌ ရေးသားထားသည်။
မြန်မာပြည်တွင်း ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရများကလည်း စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဥပဒေ ချိုးဖောက်သူများအား အရေးယူခြင်း၊ ဒုက္ခသည်များ ပြန်လည် နေရာချထား ရေး အစီအစဉ်များ စသည်တို့ကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သမ္မတ ပြောခွင့်ရသူ က ပြောဆိုသည်။
မကြာသေးခင်က ဖြစ်ပွားသည့် မိတ္ထီလာ ပြဿနာသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဟုတ်ကြောင်း၊ သို့ဖြစ်၍ OIC အဖွဲ့က ပါဝင်ဖြေရှင်းရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း၊ ရုံးခန်းဖွင့်ခြင်းများလည်း လုပ်ဆောင်ရန် မလိုအပ်ကြောင်း ပခုက္ကူမြို့ မှ ရှင်မတောင် ဆရာတော် ဦးကဝိန္ဒောဘာသ က ဧရာဝတီ ကို မိန့်ကြားသည်။
“OIC ကို လက်မခံဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒီဒေသက မြို့နယ် ၈ ခုက သံဃာတော်တွေ စုပေါင်းပြီးတော့ သမ္မတရုံး ကို စာပို့ ထား တယ်၊ ပြည်သူတွေရဲ့အသံကို နားထောင်ပြီးမှ ပို့တဲ့စာ ဖြစ်လို့ သမ္မတ အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးထားလိမ့်မယ်လို့ ယုံကြည် တယ်”ဟု ဆရာတော်က မိန့်သည်။
OIC အဖွဲ့အား လက်မခံရေး ကိစ္စနှင့်ပတ်သက်၍ ပခုက္ကူ၊ မုံရွာ၊ ဆားလင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ မြိုင်၊ ရေ စကြို စသည့်မြို့နယ်များမှ ဆရာတော်၊ သံဃာတော်များက နိုင်ငံတော်သမ္မတ ရုံးသို့ ပြီးခဲ့သည့် ၃ ရက်ခန့်က စာပေးပို့ထားကြောင်း၊ တခြားဒေသများမှ ဆရာတော်၊ သံဃာတော်များကလည်း အလားတူ ဆန္ဒသဘောထားများ ပေးပို့ကြမည်ဟု ယူဆကြောင်း လည်း ဆရာတော် ဦးကဝိန္ဒောဘာသ က မိန့်ကြားသည်။
လွန်ခဲ့သည့် မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့နယ် ပြွန်ကောက် ကျေးရွာသား ၃ ဦးက နယူးဝိန့်စိန် ရွှေဆိုင်သို့ ရွှေထည်ပစ္စည်း လာရောက် ရောင်းချရာ ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှင့် အချင်းများပြီး ထိခိုက်နာကျင်သည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အခင်းဖြစ်မှုအပေါ် မကျေနပ်မှုမှ စတင်ကာ နယူးဝိန့်စိန် ရွှေဆိုင်အား လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမှု ဆက်လက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ပျံ့နှံ့ခဲ့သည်။
ပဋိပက္ခဖြစ်ပွားသည့် နာရီပိုင်းအတွင်း ဗုဒ္ဓဘာသာ ရဟန်းတပါး တိုက်ခိုက်ခံရ၍ သေဆုံးမှုဖြစ်ပေါ်ပြီးနောက် အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်ပွားကာ လူပေါင်း ၄၀ ကျော်သေဆုံး၍ ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်ပျက် စီး ခဲ့သည်။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင် ဘာသာဝင် စုစုပေါင်း ဒုက္ခသည် ၃ သောင်းနီးပါး ရှိခဲ့သည်။
ထိုပဋိပက္ခများ စတင်ရာ နယူးဝိန့်စိန် ရွှေဆိုင်မှ လူ ၃ ဦးကို မိတ္ထီလာမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၄ နှစ်စီ ဧပြီ ၁၁ ရက်နေ့က ပြစ်ဒဏ် ချမှတ်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် နှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင်လည်း OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံး တရုံး မြန်မာပြည်တွင် ဖွင့်လှစ်ရန် မြန်မာအစိုးရနှင့်သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း OIC အထွေထွေ အတွင်းရေးမှူးရုံးက ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်ဒေသ အပါအဝင် မြန်မာနိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြမှုများကြောင့် OIC ရုံးဖွင့်ရေးကို အစိုးရ က ပယ်ဖျက်ပေးခဲ့ရသည်။