သတင်း

ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းတော့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို လာမည့် ရက်သတ္တပတ်အတွင်း ဖယ်ရှားပေးဖွယ် ရှိနေပြီး လက်နက်ရောင်းဝယ်ခြင်းကိုမူ ဆက်လက် တားဆီးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည့် ကြေညာချက် မှုကြမ်းတခုကို ရိုက်တာသတင်းဌာနမှ ကြည့်ခွင့်ရခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တနှစ် ဆိုင်းငံ့ပေးသွားရန် ယမန်နှစ်က သဘောတူခဲ့သည်။ သို့သော်လည်း ယခုအခါတွင် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ အားလုံးကို ပယ်ဖျက်သွားရန် ရှိသည်။

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ် သံအမတ်များက ပိတ်ဆို့မှုများ ပယ်ဖျက်ရန် ဧပြီ ၁၇ ရက်နေ့တွင် သဘောတူခဲ့ကြခြင်းဖြစ်ပြီး ဝန်ကြီးအဆင့် သဘောတူညီချက်ရရှိရေးအတွက် ဧပြီ ၂၂ ရက် နေ့တွင် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကန့်သတ်မှုများ ပယ်ဖျက်လိုက်ပြီးပါက ဥရောပကုမ္ပဏီများအနေဖြင့် သယံဇာတအရင်း အမြစ်ကြွယ်ဝပြီး တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်း စီးပွားရေးနိုင်ငံကြီးများရှိနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် များရရှိနိုင်တော့မည် ဖြစ်သည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုတွင် အခန်းကဏ္ဍသစ်တရပ် ဖွင့်လှစ်ရန် ဆန္ဒရှိနေပြီး ကြာရှည်ခိုင်မြဲသည့် ဆက်ဆံရေးမျိုး တည်ဆောက်လိုကြောင်း ဧပြီ ၂၂ ရက်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် ဆုံးဖြတ်ချက် မူကြမ်းတွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်းမှ ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀၀၀ ခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရပ်တန့်ထားခဲ့ပြီး လူပုဂ္ဂိုလ် ၅၀၀ ခန့်ကို လည်း ဥရောပသမဂ္ဂ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ထားခဲ့သည်။ ထို့အတူ စစ်ဖက်နှင့်ဆိုင်သော နည်းပညာ အကူအညီပေးရေးကိုလည်း တားမြစ်ထားခဲ့ပြီး သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများတွင် ဥရောပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံခွင့်မရှိပေ။

၂၀၁၁ ခုနှစ် တွင် စစ်တပ်က ဘေးဖယ်ပြီး အရပ်သားအသွင် အစိုးရစနစ်ကို ကူးပြောင်းခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လာချိန်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသည် ၎င်းတို့၏ ပိတ်ဆို့ကန့်သတ်မှုများကို ဖြေလျော့ပေးခဲ့သည်။

ဒီမိုကရေစီအရေး အရွေ့များအတွက် ချီးမွမ်းခဲ့သော်လည်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက်လည်း ဥရောပသမဂ္ဂ၏ မူကြမ်းတွင် တောင်းဆိုထားသည် ဟု ရိုက်တာသတင်း၏အဆိုအရ သိရသည်။

ထိုနည်းတူ ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အထိကရုဏ်းများတွင် လူ ၁၁၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်တွင်း မငြိမ်သက်မှုများကို ရင်ဆိုင်နေကြရသူများအတွက်လည်း မြန်မာအစိုးရအနေဖြင့် ဆောလျင်စွာ အရေးယူဆောင်ရွက်ရန် တောင်းဆိုသည်ဟု ရေးသားကြောင်းလည်း သိရသည်။

တပြိုင်တည်းတွင် ရခိုင်ဒေသအတွင်း လူမှုကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့များက အိုးအိမ်မဲ့ဒုက္ခသည်များအတွက် အကူအညီပေးနေကြသူများသည် ခြိမ်းချောက်မှုများနှင့် ကြန့်ကြာအောင် တားဆီးနှောက်ယှက်မှုများ ကြုံတွေ့နေရကြောင်း ပြောကြားနေကြသည်။

“ဒုက္ခသည်တွေဆီ ရောက်နိုင်ဖို့ ကို အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ ဒေသခံအဖွဲ့အစည်းတချို့ရဲ့ ခြိမ်းချောက်မှုတွေ၊ နှောင့်နှေးအောင် တားဆီးတာတွေ ကြုံတွေ့နေရပါတယ်” ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် UN Office for the Coordination of Humanitarian Affairs (OHCA) မှ မှတ်ချက်ပြုသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆေးဖက်ဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Médecins Sans Frontières (MSF) အဖွဲ့ကလည်း ၎င်းတို့အနေဖြင့် လူနည်းစု မူဆလင်များကိုသာ အလေးပေးကူညီနေသည်ဟု ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ စွပ်စွဲပြောဆိုမှုများကို ရင်ဆိုင်နေကြရကြောင်းပြောသည်။

“တင်းမာမှုတွေ အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ အမျိုးသားအစွန်းရောက်တချို့ရဲ့ နှောက်ယှက်မှု၊ ခြိမ်းချောက်မှုတွေ ကြောင့် မြန်မာဝန်ထမ်းတွေကို ဆက်လက် ထိန်းထားဖို့နဲ့ ခန့်ထားဖို့က အကူအညီပေးရေး အဖွဲ့တွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်နေတယ်” ဟု European Commission Humanitarian Aid and Civil Protection department (ECHO) မှ အရှေ့တောင်အာရှဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Matthias Eick က ပြောသည်။ ထိုအဖွဲ့သည် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် မူဆလင်ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁.၈ သန်း ထည့်ဝင်ကူညီပေးခဲ့သည်။

“နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ပတ်သက်လို့ လူတွေကြားမှာ ဟိုနား ဒီနား ပြောနေကြ မှတ်ချက်ပေးနေကြတဲ့ စကားတွေ ကြောင့် ဆက်လုပ်သင့် မသင့် မေးခွန်းထုတ်စရာတေ ွဖြစ်လာတယ်” ဟု Matthias Eick က ပြောသည်။ ထိုသို့ပြောဆိုမှု များသည် ဗုဒ္ဓဘာသာရော မူဆလင်များပါ ပါဝင်သည့် ဒေသခံ ကူညီရေး လုပ်သားများကို အဓိက ထိခိုက်စေကြောင်း သူက ဆက်ပြောသည်။

“ဝန်ထမ်းတွေဟာ လူမျိုးရေး အဓိကရုဏ်း ဖြစ်လာရင် ပစ်မှတ် ဖြစ်လာနိုင်တယ်။ သူတို့ရဲ့မျိုးရိုးကြောင့် အကူအညီပေးရေး လုပ်သားတွေ ဆိုတဲ့အချက်ကလည်း အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု အမေရိကန်အခြေစိုက် Kroc Institute for International Peace Studies မှ သုတေသီတဦးဖြစ်သူ Larissa Fast က ဆိုသည်။ အစွန်းရောက်ဝါဒီအချို့က ဆန္ဒပြခြင်း၊ ဟောပြောခြင်း နှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ကာ မူဆလင် ဆန့်ကျင်ရေး၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး စကားများကို ပြန့်ပွားအောင် လုပ်နေခြင်းဖြစ်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အလှူရှင်များ၏ အဆိုအရ သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း ထိုသို့သော လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု သွေးထိုးစကားများကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတွင် ဆူပူမှုများ ဖြစ်ပွားလာရကြောင်း မတ်လ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။ အစိုးရ သတင်းဌာနများက ရခိုင်ပြည်နယ်တွင် ရဲအဖွဲ့ဝင် အင်အား ၆၀၀၀၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များနှင့် စစ်ဖက်မှ တပ်ရင်း ၅၁ ခု ချထားသည်ဆိုသော်လည်း ဆူပူမှု ဖြစ်ပွားအောင ်သွေးထိုးလှုံ့ဆော်သူများကို ထိန်းချုပ်တားဆီးနိုင်ခြင်း လုံးဝမရှိ ကြောင်း The Arakan Project မှ ညွှန်ကြားရေးမှုး Chris Lewa က ဆိုသည်။

ဗုဒ္ဓဘာသာဝင် အများစ ုနေထိုင်ရာ ဖြစ်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သောလက လူမျိုးရေးအဓိကရုဏ်းတခု ထပ်မံပေါ်ပေါက်ခဲ့ ပြီး သေဆုံးသူ ၄၃ ဦးအထိ ရှိခဲ့သည်။ မူဆလင်အများစုဖြစ်သော လူထောင်ပေါင်းများစွာသည် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရပြီး ဆူပူမှုများမှာလည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတလျှောက် ပြန့်နှံ့သွားခဲ့သည်။

Ref: EU set to lift Myanmar sanctions, except on arms By Reuters

Sectarian tensions in Myanmar limit aid worker access By IRIN

Did you find apk for android? You can find new Free Android Games and apps.
Loading