အင်တာနက် သုံးစွဲမှု တစ်ရာခိုင်နှုန်းနှင့် လူဦးရေ နှစ်သိန်းခန့်သာ အင်တာနက် အသုံးပြုနိုင်သေးသော မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြု၍ မဲပေးရသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း ၏ ၂ဝ၁၃ခုနှစ် သြဇာကတ္တိမအရှိဆုံး အွန်လိုင်းမဲ ကောက်ယူမှုတွင် တိုင်းမ် မဂ္ဂဇင်းမှ ရွေးချယ်ထားသော စကာတင် အယောက် ၁၀၀ ထဲမှ နောက်ဆုံးအဆင့် အမေရိကန်ပေါ့ပ်အဆိုကျော် လေဒီဂါဂါနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးခိုင်းခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အနိုင်ရခဲ့သည်။
အင်တာနက် စာမျက်နှာပေါ်ကတဆင့် အကြိမ်အရေအတွက် ကန့်သတ်မထားဘဲ မဲပေးခွင့်ကို TIME မဂ္ဂဇင်းက ခွင့်ပြုထားသောကြောင့် ပြည်တွင်းမှ မြန်မာများနှင့် နိုင်ငံတကာရောက် မြန်မာများသည် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိရန် ကွန်ပျူတာကို အချက်ပေါင်းများစွာ နှိပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲပေးမှု စုစုပေါင်း၏ ၆၁% မဲ ရရှိခဲ့ပြီး TIME မဂ္ဂဇင်း၏ The Most Influential People of the Past 10 Years တွင် WINNER အဖြစ် သတ်မှတ်ခံလိုက်ရသည်။
Twitter စာမျက်နှာတွင် Follower ၃၅သန်းကျော်ရှိသော ကမ္ဘာကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါမှာ မဲစုစုပေါင်း၏ ၃၉% သာ ရရှိခဲ့ပြီး မြန်မာနှင့် နိုင်ငံတကာမှ မြန်မာများက ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်စလုံးတွင် “မျိုးချစ်စိတ်”၊ “မခံချင်စိတ်”များ၊ လေဒီဂါဂါကို ရှုံးမည်ကို “စိုးရိမ်”စိတ်များဖြင့် မဲအသည်းအသန်ပေးခဲ့ကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏
ဆက်သွယ်မေးမြန်းချက်များတွင် မဲပေးသူတို့က ဆိုသည်။
”ပြိုင်ပွဲကလည်း ဘယ်လောက်နှိပ်နှိပ်ရတယ်ဆိုပြီး ခွင့်ပြုထားတော့ ကျနော်တို့လုပ်နိုင်တာက ကွန်ပျုတာ မောက်စ်လေးကို အဆက်မပြတ်နှိပ်ကြရုံပဲ။ အဲဒီလို မလုပ်လို့ မရတော့ဘူး။ လေဒီဂါဂါမှာ အွန်လိုင်းမန်ဘာ သန်းနဲ့ချီတယ်။ တယောက်တချက်နှိပ်ရုံနဲ့ သာနိုင်တယ်။ ကျနော်တို့ဆီမှာ အွန်လိုင်းသုံးသူ နိုင်ငံတွင်း နှစ်သိန်းကျော်ပဲရှိတာ”ဟု အွန်လိုင်းပုံမှန် သုံးစွဲသူ
ဥက္ကာကိုကိုက ပြောသည်။ ”နည်းပါတယ်။ ကျနော် အချက် သုံးဆယ်ကျော်လောက်ပဲ နှိပ်ခဲ့တယ်”ဟု သူက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို Vote လုပ်ခဲ့ကြောင်း ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ကွန်ပျူတာ စခရင်ကို အချိန်ပြည့်ဖွင့်၍ နာရီပေါင်းများစွာနှိပ်ခဲ့ရခြင်းမှာ ကမ္ဘာပေါ်တွင် နိုင်ငံသစ်တစ်ခုဆီသို့ မျှော်လင့်ချက်အပြည့်နှင့် ပြုပြင်ပြောင်းလဲနေသည်ကို ကမ္ဘာသိအောင် ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း အသက် ၂၆ နှစ်အရွယ် ကွန်ပျူတာဘွဲ့ရ ကိုဖြိုးက ပြောသည်။ ”တချိန်က ဒေါ်စု ဆန့်ကျင်ဖက် ဒုဝန်ကြီးတယောက်ကတောင် အမကြီး
ဒေါ်အောင်ဆန်းစုကြည်ကို မဲ ပေးတယ်လို့ တရားဝင် ပြောနေတာပဲ” ဟုလည်း ပြောသည်။
လူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဟု ရန်ကုန်မြို့ နေ အသက် ၂၇ နှစ်အရွယ် ကိုဟန်ထက်ကလည်း ပြောသည်။ ”နှစ်ခါပဲပေးခဲ့တယ်။ ခဏခဏပေးရမှာလည်း မလုံဘူး။ရလဒ်ထွက်လာတော့ ကျေနပ်တယ်။ အန်တီက လေဒီဂါဂါနဲ့တော့ နှိုင်းယှဉ်စရာလားဗျာ။ ဒါပေမဲ့ မဲပေးမှ ရမယ်ဆိုလို့ပေးရတာ”ဟုလည်း ဆိုသည်။
”Vote ခဲ့ပါတယ်။ အမှန်အတိုင်းဖြေရရင် ရေဗူးကို ဘေးမှာ ချတယ်။ ဆာရင် ပေါင်မုန့် စားတယ်။ မထတမ်း Vote ခဲ့တာပါ။ အိပ်လည်း မအိပ်ခဲ့ပါဘူး။ အမေစုကို အရမ်းချစ်ပါတယ်။မြန်မာမလေးဖြစ်ရတာ ဂုဏ်ယူလို့ပါ။ မြန်မာဆိုတာ ကမ္ဘာက သိစေချင်တယ်။ ကောင်းတဲ့ဖက်က သိစေချင်တာပါ”ဟု အသက် ၂၁ အရွယ် ကျောင်းသူ ဆုမြတ်နိုးရတနာကလည်း ပြောသည်။
မဲပေးရာတွင် Voting System ကို သဘောကြကြောင်း၊ ကိုယ်ကြိုက်သောသူကို vote ခွင့် ရရှိလာခဲ့ခြင်းသည် အိပ်မက်တခုဖြစ်ခဲ့ပြီး ယခုအချိန်တွင် အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့သောကြောင့် ကျေနပ်ကြောင်း ဆုမြတ်နိုးရတနာက ပြောသည်။ ”အကြိမ်ပေါင်းများစွာ တယောက်ထဲကို vote နေပေမယ့် တခါ click တိုင်းမှာ လက်ကလေးနဲ့တင်မဟုတ်ပဲ စိတ်ရော နှလုံးသားနဲ့ရော vote တာပါ။ တခါ click တိုင်း အမေစုကို ချစ်တဲ့စိတ်နဲ့ vote လိုက်တာပါ။ ငါမြန်မာ။ အမေစု မြန်မာ။ မြန်မာကို ကမ္ဘာက သိရမယ်ဆိုတဲ့ ပြင်းပြတဲ့ နိုင်ချင်စိတ်နဲ့ vote ပါတယ်” ဟုလည်း သူက ဆိုသေးသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အခါ ၂၀ ခန့် ခလုပ်နှိပ်၍ မဲပေးခဲ့ကြောင်း လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်ကလည်း ပြောသည်။ ”ကလစ်ကို အချက်ပေါင်းများစွာ နှိပ်ခဲ့ရတာက သူပေးထားတဲ့ အခွင့်အရေးကို ယူတာ။ တမင်ညစ်တာလည်း မဟုတ်ဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချတာ၊ ပြသနာ မရှိဘူး။ ဒါပေမယ့် တဘက်ကိုတော့ နှိမ့်ချတာ မလုပ်သင့်ဘူး။ လေဒီဂါဂါကို သွားပုတ်ခတ်တာ တွေ့ရတယ်။ ကိုယ်ခေါင်းဆောင်ကို ချစ်လို့ ရတယ်။ သူများကိုတော့ မပုတ်ခတ်သင့်ဘူး”ဟု ကိုနေဘုန်းလတ်က ပြောသည်။
အွန်လိုင်း vote ကို ဒေါ်အောင်ဆန်းစုကြည် မတိုင်မီ Miss International ဆုရရှိခဲ့သူ နန်းခင်ဇေယျာသည်လည်း မြန်မာပရိသတ်ထံမှ ရခဲ့ဖူးသည်။
”vote ခဲ့ပါတယ်။ အကြိမ် ကန့်သတ်မထားလို့ ဘယ်နှစ်ခါ Vote လုပ်လုပ်။ တရားပါတယ်။ လူချစ်လူခင်များမှုကို ယှဉ်တယ်လို့ထင်ပါတယ်။ သူငယ်ချင်း ဂျပန်တွေလဲ vote ကြပါတယ်။
သူတို့နိုင်ငံ အထူးဧည့်သည်မို့ပါ’ ‘ဟု ဂျပန်နိုင်ငံတွင် ကျောင်းတက်နေသူ အသက်၂၄ နှစ် အရွယ် မမြရည်ထွေးကလည်း ပြောသည်။
အသက် ၂၅ အရွယ်ရှိ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်ကျော်ကျော်ကလည်း အင်တာနက်သုံးနိုင်သူချင်း ယှဉ်ပြီး တခါသာ vote လုပ်ရမည်ဆိုပါက မြန်မာပြည်သူတစ်ဦးအနေဖြင့် စိတ်အားငယ်မိသော်လည်း အကြိမ်ကြိမ် အခါခါမဲပေးခွင့် ရသည့်အတွက် ကိုယ့်ခေါင်းဆောင်ကို အထပ်ထပ်အခါခါ မဲပေးပြီး လေးစားမှုကို ပြသခဲ့ကြောင်း ပြောသည်။
အကြိမ်ကြိမ် မဲပေးရခြင်းကို မကြိုက်ဘဲ လူတယောက်ကို ခိုင်ခိုင်မာမာနှင့် တစ်မဲကို တစ်ကြိမ်သာ မဲပေးခွင့်ကို သဘောကျကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိမှုကို ဝမ်းသာကြောင်း စင်ကာပူနိုင်ငံတွင် MBA တက်နေသူ မအိမွန်မွန်ဦးက ပြောသည်။
Vote လုပ်ခြင်းကို ထပ်ခါတလဲလဲခွင့်ပြုထားခြင်းမှာ Time မဂ္ဂဇင်း မူဝါဒပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို IP (Internet Protocol) တခုတည်းသာ သတ်မှတ်မဲပေးခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် Global Protocol မရှိသောကြောင့် တရားမျှတမှု မရှိနိုင်ကြောင်း မန္တလေးမြို့မှ ကွန်ပျူတာ ပညာရှင် ဦးရဲမြတ်သူက ပြောသည်။ ”တဖက်က စဉ်းစားရင်တော့ လူဘယ်နှစ်ယောက်က ပေးလဲဆိုတဲ့ဟာက ပို အရသာ ရှိတယ်။ လူတယောက်က တစ်သန်းနှိပ်လိုက်လို့ တစ်သန်း ဖြစ်တာနဲ့ လူတစ်သန်းက ပေးတဲ့အရသာနဲ့က တူမှ မတူတာကိုး” ဟု သူက မြင်သည်။