မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံက အကူအညီများ ပေးသွားမည် ဖြစ်သည်ဟု ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုကြောင်း သတင်းရသည်။
ယမန်နေ့ ညနေပိုင်းက ၎င်း၏ တိုကျိုမြို့ရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံစဉ် ဂျပန် ဝန်ကြီးချုပ် က ပြောကြားခြင်း ဖြစ်သည်။
“မနေ့ည ၇ နာရီကျော်လောက်က ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်ဘက်က မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲကို အားပေး ကူညီသွားမယ်ဆိုတာနဲ့ ပညာရေး အကူအညီတွေ ပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောသွားတာကို ဂျပန် သတင်းတွေမှာ ဖော်ပြတယ်”ဟု ဂျပန်နိုင်ငံရှိ ကိုထွန်းဝေက ဧရာဝတီကို ပြောသည်။
ဂျပန်သတင်းများတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးများကို ဆွေးနွေးကြကြောင်း၊ ပညာရေး အကူအညီနှင့် ပတ် သက်သည့် အသေးစိပ် အစီအစဉ်ကိုမူ ဖော်ပြခြင်းမရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်း ဧပြီ ၁၅ ရက်က တွေ့ဆုံပွဲတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး ကိုထွန်းဝေ က မေးမြန်း ဆွေးနွေးခဲ့သည်ဟုလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမကတော့ အဆင့်မြင့်ပညာ တက္ကသိုလ်ပညာ ဥပဒေဆွဲရေးမှာ ကျမ ဦးဆောင်နေပါတယ်။ ဒါပေ မယ့် တချိန်တည်းမှာပဲ နိုင်ငံတော် ပညာရေး စီမံကိန်း တခုလည်း ကျမ မဟုတ်တဲ့ တခြား ပညာရေးဘက်ကလည်း ရေးဆွဲနေပါတယ်။ အဲဒီတော့ တနိုင်ငံလုံး အတွက်ပေါ့နော်။ အခြေခံ ကနေစပြီးတော့ ကျမတို့ပညာရေးနဲ့ ပတ်သက်လို့ပြုပြင်ပြောင်း လဲ စရာတွေ အများကြီးရှိပါတယ်”ဟု ၎င်း၏ မေးမြန်းဆွေးနွေးချက်ကို ပြန်လည်ဖြေကြားသွားကြောင်း ကိုထွန်းဝေက ပြောပြ သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံ ဘက်က အကူအညီများ ပေးမည်ဟု ကတိပေးသည်ကို ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံမှပေးမည့် အကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျရှိသင့်ပြီး မြန်မာပြည်သူများ အတွက် အမှန်တကယ် အကျိုးရှိသင့်ကြောင်း ပြောဆိုသည်ဟုလည်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများ၌ ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Fumio Kishida နှင့် ဧပြီလ ၁၆ ရက်နေ့က တိုကျိုမြို့တွင် တွေ့ဆုံပြီးနောက် ဖိတ်ခေါ်ခဲ့သေးသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ပေပေါင်း ၂၀၀၀ ကျော် မြင့်သော တိုကျိုမြို့ Skytree အသံလွွှင့် တာဝါနှင့် Panasonic Center showroom တို့ကို သွားရောက်လေ့လာခဲ့သည်။
ထို့အပြင် ဂျပန် သတင်းထောက်များ အသင်း Japan National Press Club တွင်လည်း သတင်းထောက်များနှင့် တွေ့ ဆုံပြီး သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်းထောက်တဦးက ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ၂ နှစ်အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မြန်ဆန် လာသည်နှင့် သမ္မတ ဦးသိန်းစိန်အပေါ် အမြင်ကို မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲမှုများ မြန်ဆန် သည်မှာ မှန်သော်လည်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ကျကျ မဟုတ်ဘဲ လွှတ်တော်များသည် ထင်ထားသည်ထက် ဒီမိုကရေစီ ပိုအားကောင်းကြောင်း ချီးမွမ်းပြောဆိုသွားသည်ဟု ကိုထွန်းဝေက ပြောသည်။
တိုကျိုတက္ကသိုလ် ကျောင်းသား ၄၀၀ ကျော်နှင့် ဧပြီလ ၁၇ ရက်နေ့က တွေ့ဆုံပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေသည် ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ပြင်ဆင်ရေးအတွက် တပ်မတော်၏ ထောက်ခံ အားပေးမှုသည် အရေးပါကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။
“စစ်တပ်က လက်ခံတဲ့ အချိန်ကျရင် နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူး။ ဒီမိုကရေစီ တည်ဆောက်တဲ့ လမ်းပေါ်ကိုတော့ ကျမတို့ ရောက်နေပါပြီ။ ဒါပေမယ့်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်နေပြီလို့ ပြောဖို့ကတော့ သိပ်ကို စော လွန်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်”ဟု တိုကျို တက္ကသိုလ်တွေ့ဆုံပွဲကို တက်ရောက်ခွင့် ရခဲ့သူူ ကိုထွန်းဝေက ဧရာဝတီကို ပြောသည်။
ခရီးစဉ်အတွင်း ဂျပန် အိမ်ရှေ့စံမင်းသားနှင့်လည်း တွေ့ဆုံပြီး တချိန်က တက်ရောက် ပညာသင်ကြားခဲ့သည့် ကျိုတို တက္ကသိုလ်သို့လည်း သွားရောက်ခဲ့သေးသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု မလုပ်ဘဲ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ODA ခေါ် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေးအကူအညီများ ပေးအပ်လျက်ရှိပြီး မကြာသေးမီကလည်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များသို့ ပေး ရန်ရှိသည့် မြန်မာ့ကြွေးမြီ ၆ ဘီလျံ ကျော် ကို စိုက်ထုတ် ချေးငှား ကူညီခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်သည့် အတွက် ဂျပန်နှင့်မြန်မာ ၂ နိုင်ငံဆက်ဆံရေး ပိုမို နွေးထွေးရန်ရှိပြီး ဂျပန်နိုင်ငံသားများလည်း မြန်မာ့ ဒီမိုကရေစီအရေး ပိုမို စိတ်ဝင်စားလာကြကြောင်း၊ ဂျပန်ရှိ မြန်မာများလည်း အားတက်ခဲ့ကြကြောင်း တိုကျိုတက္ကသိုလ်မှ မကြာသေးခင်က မဟာ ဘွဲ့ရသူ ဂျပန်ရောက် မြန်မာဒုက္ခသည် ကိုမျိုးမြင့်ဆွေက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၇ နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဧပြီ ၁၃ ရက်က ၁၉ ရက် အထိ ခရီးစဉ် သွားရောက်နေခြင်း ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၁၁ နာရီကျော်က ဂျပန်နိုင်ငံ တိုကျို နာရီတာ လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ည ၇ နာရီကျော်တွင် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။