ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စဉ်များအတွင်း နိုင်ငံရေးပါတီဝင်များ ပါဝင်ပက်သက်ခြင်းနှင့်ဆိုင်သည့် ကျင့်ဝတ် ကိစ္စရပ်များအကြောင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၂၂ ပါတီတို့ တွေ့ဆုံမည့်ပွဲ ကျင်းပမည် ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ခဲ့သော မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ဖြစ်စဉ်များအတွင်း နိုင်ငံရေး ပါတီဝင်များ ပါဝင်ပက်သက်ခဲ့မှုနှင့် ပက်သက်၍ နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ဆိုင်ရာ ခေါင်းစဉ်တွင် အထက်ပါကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက ဧရာဝတီသို့ ပြောသည်။
“အစီစဉ်တခု အနေနဲ့တော့ ပါပါတယ်။ ဒါပေမယ့် ကော်မရှင်ဘက်က ဘယ်လို ဦးဆောင်ဆွေးနွေး သွားမယ်ကိုတော့ မသိ သေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တချို့ပါတီဝင်တွေပါဝင်ခဲ့တယ် ဆိုတာကို ခေါ်ပြောမှ ကျနော်ကိုယ်တိုင် အံ့အားသင့်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပါတီမှာတာဝန်ရှိတယ်။ အဲဒီလို ပဋိပက္ခတွေမှာ ပါဝင်ခဲ့တယ်ဆိုတာ ပါတီရဲ့ ကျင့်ဝတ်အ ပိုင်းပေါ့” ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ပြီး ရပ်တည်နေသော နိုင်ငံရေးပါတီ ၅၆ ပါတီ အနက် ၂၂ ပါတီကို ခေါ်ယူတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပအို့ဝ် အမျိုးသားအဖွဲ့၊ ကရင်ပြည်သူ့ပါတီ၊ တအောင်း (ပလောင်) ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ၀ ဒီမိုကရက်တစ် ပါတီ၊ ဖလုံ စဝေါ် ပါတီ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီများထံသို့ ပေးပို့ထားသော ဆွေးနွေးပွဲ ခေါင်းစဉ်များမှာ လာမည့်ရွေးကောက်ပွဲ တွင် မဲစာရင်း ပြည့်စုံမှန်ကန်မှုရှိရေး၊ မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှုများ၊ ပါတီများ၏ ကျင့်ဝတ်များ၊ ပါတီများ၏ ဘဏ္ဍာငွေ သုံးစွဲမှုများ အကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက် မှုများအကြောင်း စသည့် အကြောင်း အရာများ ပါဝင်ကြောင်း ဖိတ်ကြားခံရသော ပါတီတချို့ထံမှ သိရသည်။
“ဆွေးနွေးပွဲက စကားဝိုင်း ဆွေးနွေးပွဲမျိုး လုပ်မယ့် ပုံစံမှာရှိတယ်။ တကယ်လို့ ကိုယ့်ဘက်ကလည်း ပါတီဝင်တွေ ပဋိပက္ခ ဖြစ်စဉ်တွေမှာ ပါဝင်တဲ့အကြောင်း ဆွေးနွေးရမယ် ဆိုရင်တော့ ဝင်ဆွေးနွေးပါ့မယ်။ ကိုယ့်ဘက်ကတော့ အဲဒီကိစ္စကို ဦးဆောင် ဆွေးနွေးမှာတော့ မဟုတ်ဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီသု့ိ ပြောသည်။
ထို့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောစေးဝါးက ဆိုသည်။
“ဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေ ဆိုရင်တော့ ဆွေးနွေးမယ်။ တကယ်လို့ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ အကြောင်းအရာတွေ ဆိုရင်တော့ ဝင်ပြီးမဆွေးနွေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပျက်ရန် လှုံ့ဆော်မှုများ၊ ဖြစ်စဉ်များတွင် ပါဝင်ကြသူ တချို့သည် နိုင်ငံရေးပါတီ တချို့၏ ပါတီဝင်များ ကိုယ်တိုင် ပါဝင်နေကြောင်း သိရသည်။
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံရေးပါတီများ အနေဖြင့် ပဋိပက္ခ ဖြစ်စေမည့် ဟောပြောမှု၊ စည်းရုံးမှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအဖြစ် အသုံးချမှုမျိုး မပြုလုပ်ရန် ပြဌာန်းထားကြောင်း သိရသည်။
ပါတီဝင်များအနေဖြင့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက် ဆက်နွှယ်ကြရာတွင် ပါတီဗဟိုပိုင်းမှ ညွှန်ကြားမှုမျိုး မဟုတ်ဘဲ သီးခြား ကိုယ်တိုင် ပါဝင်မှုဖြစ်ပါက ပါတီဘက်မှ ထုတ်ပယ် အရေးယူရမည်ဖြစ်ကြောင်း၊ ပါဝင်မှု ထင်ရှားပါက နိုင်ငံတော်၏ တည်ဆဲ ဥပဒေအရ အရေးယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိတိကျကျ တိုင်ကြားမှုမျိုး မရှိသေးသောကြောင့် မည်သည့်ပါတီကိုမှ အရေးယူခြင်း မပြုလုပ်ကြောင်း၊ ပဋိပက္ခဖြစ်စဉ်များအတွက် လှုံ့ဆော်မှုများကို တချို့ပါတီများက ပြုလုပ်နေသည်ကို ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ကော်မရှင်အနေနဲ့က အကြားနဲ့တင် လုပ်မရဘူး။ တိုင်ကြားမှ ဆက်အရေးယူလို့ရမှာ။ အခုအချိန်ထိတော့ အဲဒီလို အရေးယူတာ မရှိပါဘူး။ တကယ်လို့ ပါတီထိပ်ပိုင်းတွေက အစ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ဆက်နွှယ်နေတာ ထင်ရှားရင်တော့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူလို့ရတယ်။ ပါတီဝင်တွေ သူ့ဘာသာ သီးခြား ဆက်နွှယ်တာ ဆိုရင်တော့ ပါတီထိပ်ပိုင်းက အပြစ်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။