မြန်မာအာဏာပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုးတုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲပြောဆိုလိုက်သည်။
ရခိုင်ပြည် မြောက်ဘက် လူနည်းစု ဖြစ်သော မွတ်စလင်တို့သည် ရာနှင့်ချီ၍ အသတ်ခံခဲ့ရပြီး ၁၂၅၀၀၀ မှာ နေအိမ်များကိုစွန့်ခွာရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါ အဖွဲ့က ယမန်နှစ်ကဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇဝတ်မှုများအဖြစ် ဖော်ပြလိုက်ပြီး ဓားရှည်နှင့် လုပ်သေနတ်များကိုင်ဆောင်ထားသည့် ဗုဒ္ဓဘာသာလူစုကြီးက ထောင်နှင့်ချီသော မွတ်စလင်အိမ်များကို ဖျက်ဆီးခဲ့သည့် ကိစ္စတွင် တရားခံများကို တရားခွင်ဆီ ခေါ်ထုတ်လာနိုင်ခြင်းမရှိသည့် သမ္မတဦးသိန်းစိန် အစိုးရကိုလည်း ပြင်းထန်စွာ ဝေဖန်လိုက်သည်။
လုံခြုံရေးတပ်ဖွဲ့များသည် ထွက်ပြေးလာသော မွတ်စလင်များကို တခါတရံကာကွယ်ပေးသော်လည်း များသောအားဖြင့် ဘေးမှ ဒီအတိုင်း ရပ်ကြည့်နေခြင်းဖြင့်ဖြစ်စေ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်ပါခြင်းဖြင့် ဖြစ်စေ ပဋိပက္ခကို ပိုမိုကြီးထွားလာအောင်ပြုတတ်ကြကြောင်း အဖွဲ့ကဆို၏။
ယခု စွပ်စွဲချက်သည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူမှုများကို လက်နက်ခဲယမ်းရောင်းဝယ်ချင်းမှအပ အားလုံးရုပ်သိမ်းပေးရန် စီစဉ်နေခြင်းနှင့် တရက်တည်းမှာပင် ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးရာ တိုးတက်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ဥရောပသမဂ္ဂက ပိတ်ဆို့မှုများဖယ်ရှားရန် လုပ်ဆောင်လာခဲ့ခြင်းလည်းဖြစ်သည်။
ယမန်နှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ဥရောပသမဂ္ဂက ရရှိခဲ့ခြင်းနှင့် မြန်မာ နိုဘဲလ်ဆုရှင်တို့ကို ရည်ညွန်းပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖေလ်ရိုဘင်ဆန်က “လူ့အခွင့်အရေးပြဿနာတွေ ဆက်ရှိနေပေမယ့် ဥရောပသမဂ္ဂအနေနဲ့ ဒဏ်ခတ်မှုတွေ ပြန်ရုပ်တာ၊ ရခိုင်ပြည်မှာဖြစ်နေတာတွေကို မြန်မာအစိုးရက ရပ်တံ့ရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောဆိုဖို့ ဆက်ပြီး ပျက်ကွက်နေတာတွေက မြန်မာပြည်ကို နိုဘဲလ်စိတ်ပျက်မှုဇုံ အလျင်အမြန် ဖြစ်လာနေစေတယ်” ဟု ပြောဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကမူ ယင်းစွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ပယ်ချလိုက်၏။ အစီရင်ခံစာသည် တဘက်သတ်ရရှိသော သတင်းများကိုသာ အခြေခံရေးသားထားသည့်အပြင် အစီရင်ခံစာတွင် ပါဝင်သော စကားလုံးအသုံးအနှုန်းများမှာလည်း လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
“နိုင်ငံတော်အနေနဲ့ ဒီလိုတစ်ဘက်သတ်ရေးသားတဲ့အစီရင်ခံစာအပေါ် အလေးထားမှမဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ်မှာပဲ အလေးထားအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ပြန်လည် သုံးသပ်မည့် ဥရောပ သမဂ္ဂ၏ အစည်းအဝေးနှင့် ချိန်ကိုက်ထုတ်ပြန်ခဲ့သည့် လုပ်ဆောင်ချက်သည် မေးခွန်းထုတ်ဖွယ်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် ပဋိပက္ခများ ကျယ်ပြန့်လာခြင်းသည် နှစ်ပေါင်းငါးဆယ်နီးပါး ရှိခဲ့သည့် စစ်အာဏာရှင်စနစ်ဆီမှ ကူးပြောင်းလာသော ဦးသိန်းစိန်၏ အရှိန်ယူခါစ အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုတွေထဲက တခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်း ယမန်နှစ် ဇွန်လတွင်တကြိမ်၊ အောက်တိုဘာလတွင်တကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ယခုနှစ် မတ်လထဲတွင်လည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆူပူမှုများ ကူးစက်ခဲ့ပြီးနောက် မိတ္ထီလာမြို့တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
မြန်မာနိုင်ငံ အနောက်ခြမ်းမှ ပဋိပက္ခများကို ဆယ်စုနှစ်များစွာအထိ ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် မူဆလင်အခြေချနေထိုင်သူများသည် မည်သည့်ဒေသမှ ဖြစ်သည်ဆိုသည့် အငြင်းပွားဖွယ်ရာ အချက်များအပေါ်တွင် အခြေခံကြောင်းတွေ့ရှိရမည်ဖြစ်သည်။ “ရိုဟင်ဂျာ”ဟု ခေါ်ဆိုကြသူ မွတ်စလင်များသည် မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့ကြပြီးဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဒေသခံများအတွက်မူ ၎င်းတို့သည် မြေယာများကိုခိုးယူရန် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မဖိတ်ခေါ်ဘဲရောက်လာသည့် နိုင်ငံခြားသားများသာဖြစ်သည်။
အဆိုပါ မွတ်စလင်တို့၏ အရေအတွက်သည် ၈၀၀၀၀၀ ခန့်ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ၎င်းတို့သည် ဒေသခံဘင်္ဂါလီ စကားနှင့် ကွဲပြားသောစကားကိုပြောကြပြီး ဘင်္ဂလားဒေ့ရှ် မူဆလင်များနှင့်ဆင်တူကာ အသားအရေ မဲနက်သူများဖြစ်၍ ပြင်းထန်စွာ ခွဲခြားခံကြရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာက ဆိုသည်။
ယမန်နှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သောပဋိပက္ခသည် အသက် ၂၈ နှစ်အရွယ် ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ကို မူဆလင် ယောက်ျား သုံးယောက်က မုဒိန်းကျင့်ပြီးသတ်ဖြတ်ခဲ့သည်ဟု ဆိုရာမှ အမှတ်မထင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခမှာမူ ပိုမို၍စုစည်းကာ စနစ်တကျရှိကြောင်းကို ရှင်းလင်းစွာ တွေ့ရှိရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ဇွန်လပိုင်း အရေးအခင်းဖြစ်ပွားပြီးနောက်တွင် ရခိုင်ပြည်နယ်တွင် သြဇာရှိသည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဒေသတွင်းရှိ မွတ်စလင်များနှင့် ပတ်သက်သော ၎င်းတို့၏ အမြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသခဲ့ ကြောင်း လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာတွင် ရေးသားထားသည်။ သူတို့က ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များ သီးခြားစီနေထိုင်ကြရေး နှင့် မူဆလင်ပိုင် စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ရေးတို့ကို တိုက်တွန်းအားပေးခဲ့ကြပြီး ရခိုင်တိုင်းရင်းသားများအကြားတွင် မွတ်စလင်များ ရှိနေခြင်းသည် ပြည်နယ်အတွက် ခြိမ်းချောက်မှုတရပ်ဟု ရှုမြင်ကြ ကြောင်းလည်း ဖော်ပြထားသည်။
“ မကောင်းဆိုးဝါးတွေကို ဆန့်ကျင်သလိုမျိုး ပြတ်ပြတ်သားသား ငြင်းပယ်ကြတယ်။ တိုင်းပြည်ထဲကနေထွက်သွားဖို့ တောင်းဆိုကြပြီးတော့ “လူမျိုးစုသန့်စင်ရေး” ဆိုတဲ့ စကားလုံးကို သုံးစွဲလာကြတယ်။ ဒေသဆိုင်ရာ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရ တာဝန်ရှိသူတွေ မျက်စိအောက်မှာတင်ပဲ ကြေညာချက်တွေထုတ်၊ အစည်းအဝေးတွေလုပ်နေကြပေမယ့် ဘာအရေးယူမှုမှ မရှိခဲ့ဘူး” ဟု လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ကဆိုသည်။
ထို့နောက် ၂၀၁၂ အောက်တိုဘာ ၂၃ရက်မှ စတင်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုတွင် လူစုလူဝေးများက မူဆလင်များကို အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့၏။ ရက်သတ္တ တပတ်ကြာခဲ့သော ထို ဆူပူမှုအရေးအခင်းတွင် သောင်းနှင့်ချီသော မူဆလင်များနေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုတခုတွင် ကလေး ၂၈ ယောက်အပါအဝင် လူ ရ၀ ကို ဓားရှည်များကိုင်ဆောင်ထားသည့် လူအုပ်ကြီးက သတ်ဖြတ်ခဲ့ကြကြောင်း အစီရင်ခံထားသည်။
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကြိုတင်သတိပေးထားသော်လည်း အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့၊ ရဲနှင့် စစ်သား အနည်းငယ်သာ တာဝန်ချပေးထားကြောင်း၊ ၎င်းတို့ကလည်း မွတ်စလင်များ မိမိကိုယ်ကို ကာကွယ်ရန် ဆောင်ထားသော တုတ်များနှင့် အိမ်တွင်းဖြစ် လက်နက်များကို ရှာဖွေသိမ်းယူခြင်းအားဖြင့် သတ်ဖြတ်သူများကို ကူညီခဲ့ကြောင်းလည်း အစီရင်ခံထားသည်။
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အာရှဆိုင်ရာ လက်ထောင်ညွှန်ကြားရေးမှူးက “အစိုးရအနေနဲ့ မလျော်ကန်တဲ့ လုပ်ရပ်တွေနဲ့ လက်သည်တရားခံတွေကို ဖုံးကွယ်ထားတာမျိုးကို ချက်ချင်းရပ်ပစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင် ပဋိပက္ခတွေ နောက်ထပ် ဖြစ်ပေါ်လာခဲ့ရင် သူ့တာဝန်ဖြစ်သွားပါပြီ” ဟု ပြောဆိုသည်။
စာမျက်နှာ ၁၅၃မျက်နှာရှိ အစီရင်ခံစာကို လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ဧပြီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာတွင် မြန်မာအစိုးရအာဏာပိုင်များအနေဖြင့် ယနေ့တိုင် စားနပ်ရိက္ခာအကူအညီများ၊ ထောက်ပံ့ရေးလုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ဟန့်တားထားဆဲဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ရခိုင်ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် အစိုးရက ကော်မရှင် တစ်ရပ် ဖွဲ့စည်းထားခဲ့ပြီး ထိုကော်မရှင်မှ မတ်လ ၃၁ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် စီစဉ်ထားသော်လည်း မိတ္ထီလာအကြမ်းဖက်မှုများကြောင့် အစီရင်ခံစာမထုတ်ပြန်နိုင်ခဲ့ပေ။ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၈ လကျော်ကြာသည်အထိ အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိကာ ဧပြီလ ၂၃ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်နိုင်မည်ဟု ကော်မရှင်က တရားဝင် သတင်းထုတ်ပြန်ထားသည်။