အစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဓာတ်အားပေး စက်ရုံနှစ်ရုံ တည်ဆောက် နိုင်ရန် နိုင်ငံခြား ကုမ္ပဏီ နှစ်ခုကို လေ့လာခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာသည့် နားလည်မှုစာချွန်လွှာကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ယခုလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ထိုးလိုက်ကြောင်း ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုး က ပြောပြသည်။
“အခုဟာက စီမံကိန်းဖြစ်မြောက်ရေးအတွက် ဖြစ်နိုင်မဖြစ်နိုင် ကြိုတင်လေ့လာနိုင်ဖို့ ဒီကုမ္ပဏီတွေနဲ့ သဘောတူညီမှု လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ သူတို့အနေနဲ့ စာချုပ်အရတော့ တနှစ် လေ့လာခွင့် ရှိမှာပေါ့၊ ပြီးမှ စီမံကိန်းတည်ဆောက်ဖို့ ဖြစ်နိုင်မယ် ဆိုရင် ဆက်လုပ်မှာပေါ့”ဟု ဦးကြီးစိုး က ဧရာဝတီသို့ပြောသည်။
ဧရာဝတီတိုင်း ငရုတ်ကောင်း ဒေသ၌ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးနှင့် အိန္ဒိယနိုင်ငံ Tata Power Co., Ltd. ၏ Executive Director Mr. Sowmyan Ramarkrishnan တို့ နှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ထို့အတူ လျှပ်စစ်စွမ်းအား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်နှင့် Dawei Power and Utility Co., Ltd. ဥက္ကဋ္ဌ Mr. Upakit Pachariyangkun တို့ကလည်း တနင်္သာရီတိုင်း ကံပေါက်၌ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံစီမံ ကိန်းဖြစ်မြောက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကြေးမုံ သတင်းစာကလည်း ဖော်ပြ ထား သည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ယင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးပါက ဧရာဝတီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးမြှင့် ဖြည့်ဆည်း ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ စီမံ ကိန်း ပြီးမြောက်အောင်မြင်ရေး အတွက် လိုအပ်ချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ပေး သွားမည်ဟု ပြောဆိုကြောင်း သိရသည်။
“ဒီစီမံကိန်းတွေကနေ ဒေသခံတွေအတွက် ဆိုးကျိုးတွေမရှိအောင်တော့ ကျနော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာပါပဲ၊ အဓိက ကတော့ ဒေသခံတွေအတွက် အကျိုးရှိအောင် လုပ်ဆောင်တာပဲဖြစ်ပါတယ်”ဟု ဦးကြီးစိုး က ပြောသည်။ စီမံကိန်း ဖြစ်မြောက် လာပါက ဧရာဝတီတိုင်းတွင် ပထမဆုံးသော လျှပ်စစ်ဓာတ်အား စီမံကိန်း ဖြစ်လာမည်ဟု ဆိုသည်။
လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယင်းသို့ပြောဆိုနေသော်လည်းယခင် တည်ဆောက်ခဲ့သော ပြည်တွင်း စီမံကိန်းများမှာ ဒေသခံများအတွက် အကျိုးစီးပွား၊ သဘာဝ ပတ်ဝန်းကျင်နှင့် အခြားဆိုးကျိုး များကို ထည့်သွင်း တွက်ချက်ချင်းမရှိဟု ဆိုကာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများက ကန့်ကွက်မှုများ ရှိခဲ့ သည်။
ထို့အတူ ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ ရေအားလျှပ်စစ် စီမံကိန်းကိုလည်း နယ်ပယ် အသီးသီးနှင့် ဒေသခံများက ကန့်ကွက် ထားသည့် အတွက် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း ငရုတ်ကောင်း ဒေသ၌ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၅၄၀ မဂ္ဂါဝပ်မှ ၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည် ဖြစ်သည်ဟု အစိုးရသတင်းစာ၌ ဖော်ပြထားသည်။
အလားတူ တနင်္သာရီတိုင်း ကံပေါက်ဒေသက သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူခံသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတည်ဆောက် ပြီး စီးပါကလည်း လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
တနင်္သာရီတိုင်းသည် နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိမှု မရှိသေးသည့် ဒေသဖြစ်သည့်အတွက် ယင်းစီမံကိန်း ပြီးစီးလျှင် ဒေသ တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့တိုင်းအတွင်း စက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထိုစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ယခုပြုလုပ်မည့်စီမံကိန်းမှ များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ လူထု၏ လူနေမှုဘဝကို ပိုမိုမြင့်မားအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဦးမြတ်ကို က ပြောဆိုကြောင်း ကြေးမုံ သတင်းစာတွင် ပါရှိသည်။
ယင်းစီမံကိန်းများမှ ဒေသခံ ပြည်သူလူထုထံသို့ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့်အပြင် နိုင်ငံတော်၏ ဓာတ် အား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်သောကြောင့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် အလေးထားကြိုးပမ်းနေသည်ဟု ဆိုသည်။