မန္ထလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်ပြီးခဲ့သော မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် တက္ကသိုလ်ပထမနှစ်ဝက် စာမေးပွဲများအား လာမည့် မေလ ၆ ရက်နေ့မှစတင်၍ ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်ကျောင်းများဖြစ်သော မိတ္ထီလာ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်တို့၏ ပထမနှစ်ဝက်စာမေးပွဲကို မေလ ၆ ရက်နေ့မှ စတင်ကာ ပြန်လည် ဖြေဆိုရမည်ဖြစ်ကြောင်း၊ နည်းပညာ တက္ကသိုလ်ကျောင်းသားများက ယခင် မတ်လ ၂၁ ရက်တွင် ဖြေဆိုထားသော ဘာသာရပ် ၁ ဘာသာကိုပါ ပြန်လည် ဖြေဆိုရမည် ဖြစ်ကြောင်း မိတ္ထီလာ နည်းပညာတက္ကသိုလ် ကျောင်းသားရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်လေးမွန်က ပြောကြားသည်။
ဖြေဆိုရမည့် တက္ကသိုလ်များမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များသာ ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များဖြစ်သော မိတ္ထီလာ တက္ကသိုလ်နှင့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ် မပါဝင်ကြောင်း နှင့် ကျောင်းပြန်လည် ဖွင့်လှစ်မည့်ရက်ကို ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ သိရသည်။
ယခုစစ်ဆေးမည့် ပထမနှစ်ဝက် စာမေးပွဲများကို မေလ ၆ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပ စစ်ဆေးမည်ဖြစ်ပြီး ယခင်က နည်းပညာ တက္ကသိုလ် စာမေးပွဲကို မတ်လ ၂၁ ရက်၊ ကွန်ပျူတာ တက္ကသိုလ်စာမေးပွဲကို မတ်လ ၂၅ ရက်၊ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်စာမေးပွဲကို မတ်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်ရန် အချိန်စာရင်း ထွက်ရှိထားသော်လည်း ပဋိပက္ခများကြောင့် မဖြေဆိုခဲ့ရခြင်းကို ပြန်လည် အစားထိုး ပြုလုပ်ပေးခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ ရွှေရောင်းဝယ်ရာမှ စကားများရန်ဖြစ်မှုကို အစပြု၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒေသခံ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများကို ပိတ်ထားခဲ့ရပြီး မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ ဘောဂဗေဒ ဘာသာရပ်ကိုလည်း စာစစ်ဌာနတချို့ ပြောင်းရွှေ့ ဖြေဆိုခဲ့ရခြင်းများ ရှိခဲ့သည်။