ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေး ကော်မရှင်၏ ၅ ကြိမ်မြောက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
အရပ်ဘက် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်သည် ၎င်းတို့၏ စုံစမ်းတွေ့ရှိချက်များနှင့် ပတ်သက်၍ ရေးသားထားသော အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ဧပြီလ ၂၂ ရက်နေ့က တင်ပြထားပြီး ဖြစ်၍ ထိုကိစ္စကို ပြည်သူများထံ ထပ်မံ ထုတ်ပြန်ပေးသွားမည်ဟု ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရုံး အဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“အစီရင်ခံစာရဲ့ အသေးစိတ်ကိုတော့ ကျနော်တို့က ထုတ်ပြန်ပေးလို့ မရပါဘူး။ သမ္မတဆီတင်ပြီးပြီ ဆိုတာကိုပဲ ထုတ်ပြန်ပေးမှာပါ။ အသေးစိတ် အချက်အလက်တွေက အစိုးရအဖွဲ့ကပဲ ပြောဆိုလုပ်ပိုင်ခွင့် ရှိပါတယ်” ဟု ကော်မရှင်ရုံး တာဝန်ရှိသူက ဆိုသည်။
ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် ကော်မရှင်အဖွဲ့၏ စုံစမ်းမေးမြန်း တွေ့ရှိထားမှုများနှင့် ကြားဖြတ် အစီရင်ခံစာပါ အချက်များအပေါ် အခြေခံ၍ တင်ပြထားကြောင်း၊ ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဧရာဝတီကို ပြောသည်။
အစီရင်ခံစာ၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ရေတို၊ ရေရှည် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြံပြုချက်များ၊ စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး စသည့် ကိစ္စများလည်း ပါဝင်ကြောင်း သိရသည်။
“လက်ရှိမှာ လူအုပ်စု ၂ ခုကို သီးသန့်စီခွဲထားတော့ တည်ငြိမ်မှု တချို့ရှိတယ်။ ဒါပေမယ့် ဒါက ရေတို ကိစ္စပါ။ ရေရှည်မှာ အရင်တုန်းကလိုမျိုး အတူယဉ်တွဲနေထိုင်ဖို့ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာတွေကို အစိုးရကို အကြံပြုထားတာတွေ ပါတယ်” ဟု ဒေါ်သန်းသန်းနုက ပြောသည်။
အစီရင်ခံစာတွင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။ စုံစမ်းရေး ကော်မရှင်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ထုတ်ပြန်ချက် ၂ ခု ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ကြားဖြတ် အစီရင်ခံစာတခုကို တင်ပြခဲ့သေးသည်။
ကြားဖြတ် အစီရင်ခံစာ၌ ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းအကျဉ်း၊ ရခိုင်ဒေသတွင်း လူ့အဖွဲ့အစည်းနှစ်ခု အကြား ဖြစ်ပွားရသည့် ပဋိပက္ခဖြစ်စဉ်များ၊ နစ်နာဆုံးရှှုံးမှုများ၊ ရခိုင်ပြည်နယ်၏ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများနှင့် ၎င်းတို့အပေါ် အခြေခံ၍ ပဋိပက္ခချုပ်ငြိမ်းရေး အကြံပြုချက်၊ နိုင်ငံတော် အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် ၂၆ ချက်နှင့်အတူ ယဉ်တွဲနေထိုင်ရေး အကြံပြုချက် ၉ ချက်တို့လည်း ပါဝင်ကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ သတင်းမှန်များကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်ရေး၊ ဘာသာရေး အစွန်းရောက်မှု အတွေးအခေါ်များ ဝင်ရောက် မလာရေးနှင့် တရားမဝင် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ပေးရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှှုံ့ဆော်သူများကို ဖော်ထုတ်၍ ထိရောက်စွာအရေးယူရေး စသည်တို့လည်း ပါဝင်သည်။
အလားတူ တောင်ကုတ်မြို့၌ မွတ်စလင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း ပြည်ထဲရေး ဒုဝန် ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေအရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထူး စုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး ပါဝင်သော စုံစမ်းရေး ကော်မရှင်တခု ဖွဲ့စည်းထားသေးသည်။ ထိုအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကိုမူ ပြည်သူများသိရန် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးေပေ။
တောင်ကုတ်မြို့၌ ၁၀ ဦး အသတ်ခံရမှု ကိစ္စသည် အရပ်ဘက် ကော်မရှင်အဖွဲ့၏ အစီရင်ခံစာတွင်လည်း ပါဝင်ကြောင်း၊ သို့သော် ဥပဒေကြောင်းအရ အသေးစိတ် လုပ်ဆောင်မှုများကိုမူ ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အရပ်ဘက် ကော်မရှင်အဖွဲ့ဝင် တချို့က ဆိုသည်။
တောင်ကုတ်လူသတ်မှုနှင့် ပတ်သက်၍ လက်ရှိတွင် မြို့ခံတချို့အား ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းမှအပ ဖမ်းဆီးထားသူ မရှိသေးကြောင်း၊ လက်ရှိတွင်လည်း ထိုအမှုနှင့် ပတ်သက်၍ ထူးခြားမှု တစုံတရာ မရှိကြောင်း တောင်ကုတ်မြို့ခံ တချို့က ဧရာဝတီကို ပြောသည်။