၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များ စတင်ဖြန့်ချိမည့် ဧပြီ ၂၄ ရက်တွင် တနိုင်ငံလုံးသို့ ဆက်သွယ်ခေါ်ယူနိုင်ရန် စီစဉ်ထားကြောင်း မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ သိရသည်။
“ဖုန်းလိုင်းတွေ အခက်အခဲရှိရင် ကျနော်တို့ Call Center နံပါတ် ၃၄၅၆ ကို တိုက်ရိုက် ဆက်သွယ်လို့ရတယ်၊ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်သွယ်ရေး စခန်းတွေ ဖွင့်ပြီးပြီဆိုပေမယ့် နေရာတွေတော့ မပြောပြနိုင်သေးဘူး” ဟု MEC ၏ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
လူအများ ပြောနေသကဲ့သို့ မြို့တွင်းတွင်သာ ဆက်သွယ်နိုင်ရန်အတွက် မဟုတ်ဘဲ တနိုင်ငံလုံးတွင် ပြောဆို ဆက်သွယ်နိုင်ရန် အတွက် MEC ၏ ကိုယ်ပိုင် ဆက်သွယ်ရေးလိုင်းနှင့် စက်များ တည်ထောင်ထားပြီး ဖြစ်သည့်အတွက် ဆက်သွယ်၍ မရနိုင် သည့် ပြဿနာ၊ ကတ် ပြဿနာများ လုံးဝ ရှိနိုင်မည်မဟုတ်ကြောင်း၊ ချင်းပြည်နယ်ကိုမူ မြန်မာ့ဆက်သွယ်ရေး၏ WCDMA ဖုန်းကတ်များသာ ချထားမည် ဖြစ်ကြောင်း MEC မှ တာဝန်ရှိသူက ဆိုသည်။
မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းက ဖုန်းကတ်များ ထုတ်လုပ်ခဲ့သည့်အပြင် CDMA 800 MHZ ဟန်းဆက်များ ကိုလည်း အသုံးပြုနိုင်ရန် တရုတ်နိုင်ငံရှိ ကုမ္ပဏီတချို့အား နည်းပညာများ ပေးကာ ထုတ်လုပ်ရန် ဆောင်ရွက်ပြီး ဖြစ်သော်လည်း ကုမ္ပဏီများ၏ နာမည်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
“ကျနော်တို့က တင်ဒါဝင်ပြီးတော့ ဖုန်းကတ်တွေ ထုတ်တာမဟုတ်ပါဘူး၊ ဆက်သွယ်ရေးက ပထမ အော်ပရေတာ ဖြစ်ပြီး MEC က ဒုတိယအော်ပရေတာအနေနဲ့ ယူပြီး လုပ်တာဖြစ်တာကြောင့် မြန်မာ့ဆက်သွယ်ရေးရဲ့ လက်အောက်ခံလို့ ပြောလို့ ရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောပြသည်။
လက်ရှိတွင်မူ အဆိုပါ ၁၅၀၀ ကျပ်တန် ဖုန်းသည် အင်တာနက်လိုင်းပါ ပူးတွဲအသုံးပြုနိုင်မည် ဖြစ်ပြီး အင်တာနက်လိုင်း အတွက် ငွေကောက်ခံမှုကို MPT ၏ နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ ဆက်သွယ်ရေးမှ သီးသန့်လိုင်း တလိုင်းလည်း ဝယ်ယူထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ်ဦးဌေးဝင်းကမှု လက်ရှိတွင်ဖုန်းကဒ်များကို မဲစနစ်ဖြင့် အစိုးရမှ ပြည်သူသို့ တိုက်ရိုက်ချထားပေးနေသော်လည်း နောက်ပိုင်းတွင် ကုမ္ပဏီများက ဖုန်းကဒ်များရောင်းချလာနိုင်သည့်အတွက် လိုသ လောက်ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ မဲစနစ်ဖြင့်ချထားပေးရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များ တွင် ဆက်သွယ်ရေးတာဝါတိုင်ရှိသလောက်အရေအတွက်ဖြင့်သာ ချထားပေးနေခြင်းဖြစ်ကြောင်း ပြောသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင်မှု ၁၅၀၀ ကျပ်တန် ဖုန်းကတ် လျှောက်ထားရန်အတွက် အိမ်ရာ ပိုင်ဆိုင် ကြောင်း စာချုပ်ကိုပါ အထောက်အထားအဖြစ် တောင်းယူနေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ မယုယုက ပြောသည်။
ပြီးခဲ့သည့် ၁၉ ရက်က ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်အများစုတွင် ဖုန်းကတ်များကို မဲစနစ်ဖြင့် ကံစမ်းဖောက်ပေးခဲ့ ရာတွင်လည်း အုပ်ချုပ်ရေးမှူးများနှင့် မဲဖောက်ရာတွင် ပါဝင်ခဲ့သူတချို့ ခြစားမှုများ ရှိခဲ့သည်ဟု ရန်ကင်းမြို့နယ် ဒဂုံမြို့သစ် မြို့နယ်များမှ ဒေသခံများက ဆိုသည်။
ဧပြီ ၂၄ ရက်တွင် ထွက်ရှိလာမည့် ဖုန်းကတ်များကို တရက် ကြိုတင်ကာ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံတွင် ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
“တချို့က စာရင်းမပေးဘဲနဲ့ သူမသိလိုက်ဘူး လုပ်ပြီး ပြဿနာရှာတာမျိုးတွေပါ။ မြို့နယ်က ခိုင်းတဲ့အတိုင်း လုပ်တာပဲ။ အားလုံး ထင်သာမြင်သာနဲ့ လုပ်သွားတာပါ” ဟု လတ်တလောတွင် ဖုန်းကတ်ကိစ္စ မဲလိမ်လည်မှုများ ရှိသည်ဟု ပြောဆိုစွပ်စွဲ ခံနေရသည့် မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ရှင်းပြသည်။။
အဆိုပါ ရပ်ကွက်တွင် ၁၅၀၀ ကျပ်တန် ဖုန်းကတ်အတွက် လျှောက်ထားသူ ၂၉၄ ဦးရှိခဲ့ပြီး ၁၂၀ ဦးက ဖုန်းကတ်မဲပေါက် ခဲ့ကြောင်း၊ ကျန်သည့် လူများကိုလည်း လာမည့်လများတွင် ဆက်လက် မဲဖောက်ပေးမည်ဖြစ်ကြောင်း၊ နယ်မြို့များမှ လာသော်လည်း ဧည့်စာရင်းဖြင့် အချိန်အတိုင်းအတာ တခုအထိ နေထိုင်ထားသူဖြစ်ပါက လျှောက်ထားနိုင်ကြောင်း ဦးဇော်လွင်က ပြောသည်။
၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်းကတ်များ ပေါ်လာသော်လည်း လစဉ် ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အထိ သုံးစွဲရမည်ဟု ကြေညာထားခြင်း၊ လက်ရှိ အသုံးပြုနေသည့် ငွေဖြည့်ကတ်များနှင့် မရဘဲ MEC က ထုတ်သည့် ငွေဖြည့်ကတ်ဖြင့်သာ သုံးစွဲရခြင်း စသည့် ခြွင်းချက် အခြေအနေများကြောင့် ယင်းကတ်များကို လျှောက်ထားလိုသူ များအနေဖြင့် စဉ်းစားမှုများ ရှိနေကြောင်း သိရသည်။
“ရန်ကုန်တမြို့လုံးမှာ ငွေဖြည့်ကတ် ဝယ်လို့ရတာ ၄ ဆိုင် ၅ ဆိုင်လောက်ပဲရှိတယ်၊ လိုင်းတွေကလည်း ဘာမှန်း မသိသေးဘူး၊ ဟန်းဆက်တွေ ကလည်း WCDMA နဲ့ GSM လို မဟုတ်ဘူး၊ ဈေးမြင့်တော့ ၁၅၀၀တန် ဖုန်းကတ်က ၂ သိန်းတန်၊ ၅ သိန်းတန် ဖုန်းတွေ ထက်တောင် ပိုပြီး အကုန်အကျ များလာမလားဘဲ” ဟု ၁၅၀၀ ကျပ်တန် ဖုန်းကတ် ဝယ်ယူလိုသော်လည်း ကုန်ကျမည့် အထွေထွေစရိတ်နှင့် အာမခံချက် နည်းပါးသည့်အပေါ် ရန်ကင်းမြို့နယ်နေ ကို စိုင်းသီဟက သုံးသပ်သည်။