မိတ္ထီလာ အရေးအခင်းတွင် လူသတ်မှုအပါအဝင် ကြီးလေးသော ပြစ်ဒဏ်များကျခံနိုင်သည့် စွဲချက်များဖြင့် လူ ၇ ဦးကို စတင် ရုံးထုတ်စစ်ဆေးရာ လုံခြုံရေး တင်းကြပ်ထားပြီး သတင်းမီဒီယာများကို ကန့်သတ်ထားခဲ့သည်။
ထိုသူများကို လူသတ်မှု ပုဒ်မ ၃၀၂၊ တုတ်၊ ဓါး စသည်တို့ဖြင့် ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၄၊ လူတစ်ဦးကို သေစေနိုင်သည်အထိ ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၆၊ အဆောက်အဦးကို မီးလောင်ပျက်စီးနိုင်စေမှု ပုဒ်မ ၄၃၆၊ ပြစ်မှုကျူးလွွန်ရာ တွင် ဝိုင်းဝန်းကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှူးက တရားလိုပြုလုပ်ကာ တရားစွဲခဲ့ကြောင်း မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ အမှုတွင် သံသယရှိသူ ၇ ဦးကို ယနေ့တွင် ဆက်လက်တရားရုံးတင် စစ်ဆေးလျှက်ရှိပြီး တရားခံပြေးအဖြစ် သတ် မှတ်ထားသောသူ ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။
“ ဒီနေ့ညနေမှာလည်း ရုံးချိန်းထားတယ်။ သူတို့ကို အခုမှ စစ်ဆေးနေဆဲကာလဖြစ်တာကြောင့် အမှုသွား အမှုလာကိုတော့ အသေးစိတ် ပြောလို့မရသေးပါဘူး။ သူတို့အတွက်လည်း ရှေ့နေတွေ လိုက်ပေးနေပါတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါ တရားစွဲဆိုခံထားရသူများမှာ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ ဇော်ထက်နိုင်၊ ညီညီနိုင်၊ မျိုးဝင်း(ခ)ဒါဂျိဂန်း၊ မြတ်ကို ကို(ခ)အဏ္ဏဝါတို့ဖြစ်ကြောင်း၊ လတ်ကျော်နိုင်၊ စည်သူ၊ မျိုးဝင်း(ခ)အဒူလမန်၊ ကိုဝင်း(ခ)ကျော်သူဝင်းတို့ကို တရားခံပြေးအ ဖြစ် သတ်မှတ်ထားကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
အထက်ဖော်ပြပါ တရားစွဲဆိုခံရသူများမှာ အစ္စလမ်ဘာသာဝင်များဖြစ်ပြီး မိတီ္ထလာအဓိကရုဏ်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသောဘိတကို သတ်ဖြတ်သည်ဟု သင်္ကာမကင်းခံရသူများ ဖြစ်ခြင်းကြောင့် တရားခွင် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်းလည်း သိရသည်။
တရားခွင်သို့ စွပ်စွဲခံရသူများ၏ မိသားစုများပင် တက်ရောက်ခွင့်မရကြပေ။
အမှုနှင့်ပက်သက်ပြီး တရားရုံး၏ သုံးသပ်ချက်က အရေးကြီးကြောင်း၊ လူသတ်မှုဆိုရာတွင် အရေးအခင်းတွင် လူသတ်မှုမျိုးလား၊ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်မှုမျိုးလားကို တရားရုံး၏ သုံးသပ်ချက်ပေါ်မူတည်ပြီး ပြစ်ဒဏ်များ၏ ပမာဏ ကွာခြားနိုင်မည်ဖြစ်ကြောင်း ရှေ့နေများကွန်ယက်မှ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
“ လက်ရှိ တရားရုံးတင်တယ်ဆိုတော့ တရားဥပဒေကြောင်းအရ သွားတယ်လို့ပဲမြင်ပါတယ်။ ဘယ်လိုပြစ်ဒဏ်တွေပေးနိုင် မလဲက အမှုသွားအမှုလာကို သေချာမသိတော့ မပြောနိုင်ဘူး။ တရားတယ်၊ မတရားဘူးဆိုတာကတော့ တရားရုံးရဲ့ဆောင် ရွက်ချက်တွေကို စောင့်ကြည့်ရဦးမှာပေါ့ ” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ တရားစတင်စွဲဆိုစဉ်ကလည်း ပြည်တွင်းဂျာနယ် ၂ ခုဖြစ်သည့် Eleven မီဒီယာ၊ The Voice သတင်းဌာနနှင့် အစိုးရပိုင်သတင်းဌာနတို့သာ ဝင်ခွင့်ပေးခဲ့သောကြောင့် တရားခွင် လွတ်လပ်မှုမရှိဟု ဝေဖန်ပြောဆိုနေကြသည်။
အစိုးရအနေဖြင့် လုံခြုံရေးအခြေအနေအရ တရားခွင်ကို ယခုလို စီစဉ်ခြင်းဖြစ်နိုင်ကြောင်း၊ အစိုးရမှ သတင်းထုတ်ပြန်လိုက် လျှင်လည်း ပြီးမည်ဟု ယူဆသဖြင့် စတိသဘောမျိုးဖြင့် ပြည်တွင်းဂျာနယ် ၂ ခုကိုသာ တရားခွင်သို့ ဝင်ရောက်ခွင့်ပြုခဲ့သည့် သဘောရှိမည်ဟု မိမိထင်ကြောင်း Open ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။
“ သတင်းသမားတွေကတော့ ပွင့်လင်းမြင်သာမှုရှိစေချင်တာပေါ့။ သူတို့ဘက်ကလည်း လုံခြုံရေးအမြင်နဲ့ ကြည့်နေဦးမှာပဲ။ ဒီမိုကရေစီ ပီပီပြင်ပြင် မရသေးတဲ့ကာလမှာ အစိုးရဘက်က ဒီအမြင်တွေတော့ရှိနေဦးမှာပဲ ” ဟု ဦးသီဟစောက ဆိုသည်။
ယနေ့ နောက်ဆုံးအခြေအနေအရ မိတ္ထီလာအရေးအခင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော သူ ၇၀ မှ အမှုဖွင့် တရားစွဲဆို ထားသောသူ ၂၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင်းရှိ ဗုဒ္ဓဘာသာဝင်များကတော့ မူလအတိုင်း ရောင်းဝယ်ဖောက် ကားပြီး တည်ငြိမ်နေပြီဖြစ်သော်လည်း အစ္စလမ်ဘာသာဝင်များ၏ ဆိုင်များကတော့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း မိတ္ထီလာဒေသများ ထံမှ သိရသည်။
ထို့အပြင် အစ္စလမ်ဘာသာဝင်များမှာ မိမိတို့နေရပ်သို့ပြန်ချင်နေပြီဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ပြန်လည် အခြေချခွင့်ကို သက်ဆိုင်ရာမှ ခွင့်မပြုသေးကြောင်း အစ္စလမ်သာသနာရေးကောင်စီ တွဲဘက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။
“ကျနော့်အနေနဲ့တော့ အခု တရားစွဲတဲ့အပေါ် ကျယ်ကျယ်လောင်လောင် မပြောချင်ဘူး။ အားလုံး ပြဿနာ မဖြစ်တာဘဲ လိုချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်။ အခုချိန်ထိက ကျနော်တို့တွေ စိုးရိမ်မကင်းဖြစ်နေရတုန်းပဲ။ အစ္စလမ်ဘာသာနဲ့ပက်သက်ပြီး ဆန့်ကျင်တာတွေကို ပြောနေကြတုန်း၊ ဆန့်ကျင်ဖို့ စည်းရုံးနေကြတုန်းမို့ စိုးရိမ်နေရပါတယ် ” ဟု ဆိုသည်။