ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးကန်သည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရေများ ယခင်နှစ်ထက် ခန်းခြောက်ကာ ဒေသခံများ အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်လာကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
အင်းလေးကန်တွင် ရေများ ခန်းခြောက်လာသည့် အတွက် ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်မှု ကျဆင်းလာနိုင်သည်ဟု အင်းလေးကန် တာလေးကျေးရွာမှ ကိုခင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
“သောက်သုံးရေကန်တွေ ကလည်း ဟိုတယ်ဇုန်တွေ ဆောက်တော့ အပင်တွေခုတ်တာ၊ ကုန်းတွေကို တိုက်ချတာတွေ လုပ်တော့ ရေထွက်တွေပိတ်ပြီး အခု ရေထွက်နည်းသွားတယ်။ ဒါကြောင့် သောက်သုံးရေတွေ ခက်ခဲသွားတာ။ အခုဆိုရင် မိုးမျှော်နေရတယ်။ မိုးမရွာရင်တော့ နောက်လဆိုရင် ပိုဆိုးနိုင်တယ်” ဟု ကိုခင်ဇော်ဦးက ဆိုသည်။
အင်းလေးကန် ပတ်ဝန်းကျင်တွင် သစ်ပင်များ လျော့နည်းသွားခြင်း၊ တောင်ပေါ်တွင်လည်း သစ်ပင်များမရှိတော့သဖြင့် မိုးရွာချသည့်အခါ မြေဆီလွှာကို ထိန်းသိမ်းမှု နည်းပါးကာ ကန်ထဲသို့ နုန်းများအဖြစ် ရောက်ရှိသွားခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ နုန်းများကို ကန်ပြင်ပသို့ ဆွဲထုတ်နိုင်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုကြောင့် အင်းလေးကန် တွင် နေထိုင်သည့် ပြည်သူများ ရေပြတ်လပ်မှုနှင့် ကြုံနေရပြီး ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်မှု ကျဆင်းလာနိုင်သဖြင့် ဒေသခံများ၏ စားဝတ်နေရေး ပြဿနာ ရှိနိုင်ကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ရေအား လျှပ်စစ် ထုတ်နေသည့် လောပိတ ရေးအားလျှပ်စစ်လည်း ပျက်စီးသွားနိုင်ကြောင်း အင်းလေးကန် ဒေသတွင် နေထိုင်သည့် ပြည်သူများ ထံမှ သိရသည်။
“ရေခန်းတာ ဒီနှစ်က အရင်နှစ်တွေထက် ပိုဆိုးတယ်။ ဖောင်တော်ဦးကို ဝင်တဲ့ မြောက်ဘက်လမ်း တခုပဲ ရတော့တယ်။ဖောင်တော်ဦးကနေ နမ့်ပန်အလိုတော် ပေါက်ဘုရားကို သွားတဲ့ လမ်းဆိုရင် ခြောက်ကပ်နေပြီ။ လှေနဲ့ သွားလို့မရဘူး၊လမ်းလျှောက် သွားရတယ်” ဟု ဖောင်တော်ဦးကျောင်း ဆရာတော် ဦးဓမ္မဇဂ က ပြောသည်။
အင်းလေးကန် ဖောင်တော်ဦးဘုရား အနီးတဝိုက်တွင် ယခင်နှစ်က နွေရာသီတွင် ရေ ၆ ပေခန့် ရှိသဖြင့် သွားရလာရ အဆင်ပြေကြောင်း၊ ယခု တချို့နေရာတွင် လုံး၀ ခြောက်သွားသဖြင့် လမ်းလျှောက်သွား၍ ရကြောင်း၊ ဖောင်တော်ဦး ဘုရားရှိရာ နမ့်ဟူးရွာမှ ရွာသားတဦးက ဆိုသည်။
“အဓိကကတော့ ရာသီဥတု ဖောက်ပြန်တော့ အပူချိန်မြင့်လာပြီး မိုးနည်းတာပေါ့။ သစ်တောတွေ ပြုန်းတော့ မိုးရွာတဲ့အခါ ရေတိုက်စားပြီး နုန်းတွေက အကုန် ကန်ထဲရောက်ပြီး အနည်ထိုင်တယ်။ သစ်တောပြုန်းတဲ့ အခြေအနေတွေကို ဆက် မထိန်းထားနိုင်ဘူး ဆိုရင် နောက်နှစ်တွေမှာ ဒီထက် အခြေအနေ ဆိုးနိုင်တယ်” ဟု သစ်တော ပညာရှင် ဦးအုန်း (FREDA) က
ဧရာဝတီသို့ ပြောသည်။
နောင်တချိန်တွင် အင်းလေးကန် ဆိုသည်မှာ ရေထဲတွင် ဆောက်သည့်အိမ်များ၊ လှေများကို ခြေနှင့်လှော်သည့် အင်သားများ နေထိုင်ရာ နေရာဖြစ်ကြောင်း ပုံပြင်များထဲတွင်သာ ကျန်တော့မည်ကို စိုးရိမ်သည်ဟု ဦးအုန်းက ဆိုသည်။
၂၀၁၀ ခုနှစ်မှ စ၍ အပူချိန်မြင့်တက်လာပြီး သစ်တော ပြုန်းတီးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်း လာသည့်အတွက် အင်းလေးကန်မှာ တနှစ်ထက် တနှစ် ရေခမ်းမှု မြင့်မားလာကြောင်း သိရသည်။
ထိုနည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲတွင်လည်း မိုးခေါင်လာမှုကြောင့် ယခုနှစ်တွင် မကြုံစဖူး ရေရှားပါးမှုများ ကြုံလာပြီး မိုးရွာသွန်းမှုမရှိသဖြင့် လ္ဘက်စိုက်ပျိုးသည့် ဒေသတွင် လ္ဘက်များ အထွက်နှုန်းလျော့လာကာ လ္ဘက်စိုက်ပျိုးသူများ အဆင်မပြေ ဖြစ်နေကြကြောင်း ကြားသိရသည်။
“ဒီလိုရေရှားပါးမှုက ကျောက်မဲမှာ မဖြစ်ဖူးဘူး။ အခုဆိုရင် စက်ရေတွင်းရှိတဲ့ ရပ်ကွက်ကနေပြီးတော့ ၁၂ ဘီးကားပေါ်မှာ မိုကာခင်းပြီး ရေမရှိတဲ့ နေရာတွေ သွားပို့နေရတယ်” ဟု ကျောက်မဲမြို့ခံ ဦးမောင်မောင်က ဆိုသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သစ်တော့ ပြုန်းတီးမှု တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာသဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယခုနှစ်၌ ယခင်နှစ်များကထက် အပူချိန်မြင့်မားကာ တွင်းထွက်ရေနှင့် သဘာဝ ရေထွက်များ ခန်းခြောက် လာကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောများကို အချိန်မီ မထိန်းသိမ်းပါက နွေရာသီ ရေရှားပါးမှု ကြုံတွေ့ကာ လူနှင့် တိရစ္ဆာန်များ၏ အသက်အန္တရာယ်များ လာမည့်နှစ်များတွင် ပိုမို စိုးရိမ်ရမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာသူများက ပြောဆို သုံးသပ် နေကြသည်။