တိုင်းရင်းသား မီဒီယာ ဖွံဖြိုးရေးတွင် တိုင်းရင်းသား စာပေ အရေးကြီးသည် ဆိုသည့် အချက်ကို အသိအမှတ် ပြုရေးနှင့် သတင်းမီဒီယာဆိုင်ရာ ကျင့်ဝတ်တိုးတက် မြင့်မားလာရေးတို့ အတွက် မကြာမီရက်ပိုင်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။
တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ စထရင်း ဟိုတယ်တွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် ဧပြီ ၂၅ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပရန် စီစဉ်ထားသော ညီလာခံတွင် အဆိုပါ အချက်များ ထည့်သွင်း၍ မီဒီယာများက ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်း (BNI)၊ မော်လမြိုင် အခြေစိုက် သံလွင်တိုင်းမ် ဂျာနယ်နှင့် စနောင်းတိုင်း (Guiding Star) ဂျာနယ်တို့ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ကြောင်း သံလွင်တိုင်းမ် ဂျာနယ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးမင်းလတ်က ဧရာဝတီသို့ ပြောသည်။
“မီဒီယာ ဥပဒေ ပေါ်ထွန်းလာလို့ရှိရင် တိုင်းရင်းသား မီဒီယာ ဖွံဖြိုးမှုတွေနဲ့ ပတ်သက်ပြီးတော့ အာမခံချက်ရှိတဲ့ ဥပဒေတွေ ပါလာဖို့၊ နောက်ပြီး မီဒီယာ ကောင်စီမှာ တိုင်းရင်းသား ကိုယ်စားပြုမှုတွေ ရရှိဖို့ရယ်၊ Multimedia တခုလုံး ဖွံဖြိုးလာဖို့ အတွက် ဘာတွေဘယ်လို လုပ်ကြမလဲ ဆိုတာ ဆွေးနွေးကြမယ်” ဟု ၎င်းက ဆိုသည်။
ယခု ကျင်းပမည့် ညီလာခံမှ တိုင်းရင်းသားများ အနေနှင့် အခွင့်အလမ်းများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ထား ကြောင်းလည်း ဦးမင်းလတ်က ဆက်ပြောသည်။
အသစ် ရေးဆွဲပြဌာန်းမည့် မီဒီယာ ဥပဒေသစ်တွင် တိုင်းရင်းသား မီဒီယာနှင့် ပတ်သက်သည့် အခန်းကဏ္ဍအား ထည့်သွင်း ရေးဆွဲနိုင်ရေး အတွက် စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသား မီဒီယာများ ကိုယ်စားပြုမှု ရရှိရေး၊ ဒေသန္တရ ဆိုင်ရာနှင့် နိုင်ငံကာ မီဒီယာ အတွေ့အကြုံများကို လေ့လာဖလှယ် သင်ယူမှုများ ပြုလုပ်နိုင်ရေး တို့ကို ဆွေးနွေးမည့် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
မြန်မာ ဂျာနယ်လစ် ကွန်ယက်မှ အတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း တိုင်းရင်းသား မီဒီယာများ အနေနှင့် ဒေသအလိုက် ပေါ်ပေါက်လာမှုတို့ကို ကြိုဆိုပြီး ထားဝယ်နှင့် ချင်းပြည်နယ်တို့တွင် ဂျာနယ်များ ထုတ်ရန် စီစဉ်ကြောင်း ပြောသည်။
“အဲဒီလို တိုင်းရင်းသား မီဒီယာတွေ ပေါ်လာတာကို အားပေးတယ်၊ ကြိုဆိုတယ်၊ ဘာလို့လဲဆိုတော့ ဒေသဆိုင်ရာ သတင်းတွေ၊ နောက် သူတို့ လူမျိုးစုတွေရဲ့ ပြဿနာက ရန်ကုန်၊ မန္တလေးက လူတွေ မသိနိုင်ဘူးလေ၊ မသိနိုင်တော့ နယ်က လူတွေ ကာဗာလုပ်တာတွေ အင်တာနက် စာမျက်နှာ ဝက်ဘ်ဆိုက်ပဲ ပေါ်ပေါ်၊ စာစောင်ပဲ ပေါ်ပေါ် အားပေးတယ်၊ ကြိုလည်း ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းညီလာခံ အစည်းအဝေးကို မြန်မာ ဂျာနယ်လစ် ကွန်ယက်အနေဖြင့် တက်ရောက်မည်ဟုလည်း ဦးမြင့်ကျော်က ဆက်ပြောသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ညီလာခံ အခမ်းအနား ဖွင့်ပေးမှာ ဖြစ်ပြီး အစိုးရ ပြန်ကြားဌာနမှ ဒုဝန်ကြီး ဦးပိုက်ထွေး၊ နိုင်ငံတကာ မီဒီယာများ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသား မီဒီယာ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံရုံးမှ သံ အရာရှိများနှင့် အလှူရှင်တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ခေတ်ဂျာနယ်၏ အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်ကလည်း လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်များ ရှိသင့် သကဲ့သို့ နယ်များအတွက် ရေဒီယို အစီအစဉ်များ ရှိသင့်ကြောင်း၊ တဖြည်းဖြည်း လုပ်ဆောင်လာလိမ့်မည်ဟု ယုံ ကြည်ကြောင်း ပြောဆိုသည်။
“မီဒီယာ အလုပ်က တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဟာတွေကို စုစည်းပြီးတော့ ဖော်ပြပေးတယ်၊ ကျနော်တို့ ဖော်ပြချင်တဲ့ ဟာတွေကို သက်ဆိုင်တဲ့ ပြည်သူတွေကို ဒီမီဒီယာနဲ့ အသိပေးတယ်၊ အဲဒီတော့ နယ်တွေမှာ နေတဲ့ လူတွေကလည်းပဲ သူတို့နယ်က သတင်းတွေ၊ သူတို့နယ်က ပရိသတ်တွေအတွက် လိုမှာပေါ့။ သတင်းစာတို့၊ ဂျာနယ်တို့ ရေဒီယိုတို့ စတဲ့ အစီအစဉ်တွေ ရှိဖို့ လိုတယ်” ဟု စာရေးဆရာ ဖေမြင့်က ပြောသည်။
ယနေ့ထုတ် အစိုးရ သတင်းစာတွင်လည်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာ လုပ်ငန်းများတွင် တိုင်းရင်းသား လူမျိုး များအတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
အမျိုးသားရေး စရိုက်လက္ခဏာကို ပေါ်လွင်စေရန် ဖော်ပြခြင်းနှင့် တိုင်းရင်းသား လူမျိုးစုံများနှင့် လူနည်းစုအတွက် ၎င်းတို့ ဘာသာစကားဖြင့် ဖော်ပြ ထုတ်လွှင့်သည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
BNI အဖွဲ့အစည်းသည် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား မီဒီယာ အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။
၂၀၀၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် BNI အဖွဲ့ဝင်အဖြစ် လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကချင် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကန္တာရ ဝတီတိုင်း(မ်)၊ ရွှေဟင်္သာ သတင်းဌာန၊ ကေအိုင်စီ၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ နိရဉ္စရာ သတင်းဌာန၊ သတင်းနှင့် မီဒီယာကွန်ယက်၊ သျှမ်းသံ တော်ဆင့် သတင်းဌာနတို့ ပါဝင်သည်။