မန္တလေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရသည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဆင်းကတ် ၆ သောင်းကျော်ကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမှုကြောင့် မန္တလေး ချမ်းမြသာစည်နှင့် အောင်မြေသာစံမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကာ ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
“ကျမတို့က မနက် ၂ နာရီ ကတည်းက ရပ်ကွက်ရုံးမှာ တန်းစီရတာပါ။ သူတို့က မနက် ၉ နာရီမှာ တိုကင်ဝေပါတယ်။ ၁၀ နာရီကြမှ တိုကင်နဲ့ ဖုန်းကတ်တွေကို လဲလှယ်ရတာပါ။ ဒါကို ကျမတို့ ကြားကနေ လူတွေက ဖြတ်ကျော်တော့ မခံနိုင်တဲ့ လူတွေက ပြောကြဆိုကြ၊ ဆဲကြနဲ့ ခိုက်ရန်ဖြစ်ပွားကြတာပါ။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေနဲ့ကလည်း ရောင်းချမယ့် ကတ် အရေတွက်ကို ကျမတို့ ပြည်သူတွေကို ချမပြဘူး။ အဲဒီတော့ ရောင်းချမယ့် ကတ်ထက် လူတွေက ပိုများပြီး တန်းစီ စောင့်ကြရတာ ပင်ပန်းတာပဲ ရှိတယ်။ တချို့ မရဘဲ ပြန်ကြရတာတွေ ရှိတယ်။ အမှန်ဆို ကတ် ၁၀၀ ဆိုရင် လူ ၁၀၀ တန်းစီပြီး စောင့်ယူရုံပဲပေါ့” ဟု ၁၅၀၀ တန် ဖုန်းကတ်ကို တန်းစီစောင့်ဆိုင်းခဲ့သော ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသမီးတဦးက ပြောသည်။
အိမ်ထောင်စု ၂၀၀၀ ကျော်ကို ဆင်းကတ် ၁၆၀ သာ ရရှိခဲ့ခြင်း ဖြစ်ပြီး လိုအပ်ချက် မြင့်မားနေသည့် ဆင်းကတ်များကို သူ့ထက်ငါ အပြိုင်အဆိုင် ဝယ်ယူရင်းမှ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ချမ်းမြသာစည် မြို့နယ်ရဲစခန်းမှ ဆင်းကတ်ရောင်းချနေသည့် ရပ်ကွက်ရုံးများကို သံဆူးကြိုးများ ကာရံထားရကြောင်း သိရသည်။
မန္တလေးဟိုတယ်လုပ်ငန်းရှင် တဦးက မန္တလေးတွင် ကျပ် ၁၅၀၀ တန် ဆင်းကတ် ရောင်းချနေပုံနှင့် ပတ်သက်၍ “အစိုးရက နေရာတကာ စီးပွားရေးလိုက်ပြီး မလုပ်သင့်ပါဘူး။ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တာတွေ များတယ်။ အထူးသဖြင့် ဆက်သွယ်ရေး ဘက်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေ များတယ်။ ကုမ္ပဏီအနေနဲ့ ဒါတွေကို အသေးစိတ် လိုက်ပြီး လုပ်ဆောင်သွားလိမ့်မယ်။ နိုင်ငံတော် အနေနဲ့က ဒီအပေါ်ကနေ အခွန်ပဲကောက်ဖို့ ကောင်းတယ်။ အခုတော့ ဖုန်းကတ်လေး တကတ်ရဖို့ ခေတ်နောက်ပြန် ဆွဲနေသလိုပဲ၊ လမ်းဘေးမှာ တန်းစီပြီး စောင့်နေကြရတယ်။ ဒါမျိုး နိုင်ငံတကာ အမြင်မှာ ကြည့်လို့ မကောင်းပါဘူး” ဟု ပြောသည်။
တချို့က နံနက် အစောကြီးထကာ တိုကင်များ သွားရောက်တန်းစီပြီး ယင်းတိုကင်များကို ရပ်ကွက်ထဲသို့ ပြန်လည် ရောင်းစားကြောင်း၊ တိုကင်တခုလျှင် ကျပ် ၈ ထောင်မှ ၁ သောင်းဝန်းကျင်ဖြင့် ရောင်းချကြောင်း၊ ချမ်းမြသာစည်မြို့နယ်ကို ဆင်းကတ် ၅၅၀၀ ချပေးထားသော်လည်း ရပ်ကွက်များတွင် လူဦးရေ နေထိုင်မှု များပြားသည့် အတွက် လောက်ငခြင်း မရှိကြောင်း သိရသည်။
“ကျနော်တို့ အောင်မြေသာစံမြို့နယ်မှာ သီရိကျက်သရေ အရှေ့ရပ်ကွက်က ဆင်းကတ် ၂၄ ကတ်ပဲ ရတယ်။ ပုလဲငွေရောင် ၅၀၊ ဌာနီအနောက် ၇၀၊ လူဦးရေ ထူထပ်တဲ့ မတဲအီကင်း ရပ်ကွက်က ၂၈၀ ရတယ်။ ဒါပေမယ့် လူတွေက တအားများတော့ လူတိုင်းစေ့ ရဖို့တော့ ခက်ခဲတာပေါ့။ နောက်လကျရင်တော့ မရကြသေးတဲ့ လူတွေကို ဦးစားပေးစနစ်နဲ့ ရောင်းချသွားမှာပါ” ဟု အောင်မြေသာစံမြို့နယ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တွင် ခွဲတမ်းအနေဖြင့် ၃၂၄၀၀ ရရှိပြီး ကျန်ခရိုင်နှင့် မြို့နယ် ၆ ခုအတွက် ဆင်းကတ် ၃၂၆၀၀ ကို ခွဲတမ်းချပေးမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့တွင် မြို့နယ် ၇ ခုရှိပြီး ခွဲတမ်းများအနေဖြင့် အောင်မြေသာစံ မြို့နယ်အတွက် ၄၅၀၀၊ ချမ်းအေးသာစံမြို့နယ် အတွက် ၃၅၀၀၊ မဟာအောင်မြေမြို့နယ် အတွက် ၃၅၀၀၊ ချမ်းမြသာစည် မြို့နယ်အတွက် ၅၅၀၀၊ ပြည်ကြီးတံခွန် မြို့နယ် အတွက် ၃၅၀၀၊ အမရပူရမြို့နယ် အတွက် ၅၉၀၀ နှင့် ပုသိမ်ကြီးမြို့နယ်အတွက် ၆၀၀၀ တို့ ဖြစ်သည်။
ရန်ကုန်နှင့် တခြားမြို့ကြီးများမှ ရပ်ကွက်ကျေးရွာများကို မဲခွဲစနစ်ဖြင့် ဆင်းကတ်များ ရောင်းချပေးခဲ့သော်လည်း မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဦးရာလူစနစ်နှင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က ဦးရာလူစနစ်နဲ့ ဆိုပေမဲ့ ရပ်ကွက်မှူးတွေကို ကိုယ့်ရပ်ကွက်အလိုက် ခွဲတမ်းချပေးလိုက်တာပါ။ ဦးရာလူ စနစ်ဆိုတဲ့အတိုင်း နီးစပ်တဲ့ ရပ်ကွက်တွေက အကုန်စုပြုံပြီး လာတယ်ဆိုရင် ကျန်တဲ့ရပ်ကွက်တွေက မရတာမျိုး၊ မသိလိုက်တာမျိုး မရှိရလေအောင်လို့ ကျနော်တို့ ဒီလိုစနစ် လုပ်လိုက်တာပါ။ ကိုယ့်ရပ်ကွက်မှူးဆီမှာ ကိုယ့်ဘာသာ ဦးအောင် တန်းစီရမှာ ဖြစ်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဥက္ကဋ္ဌ ဧရာဝတီ ပြောသည်။
CDMA ၈၀၀ ဆင်းကဝယ်သူများကို အိမ်ထောင်စု မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့် ဝယ်ယူရကြောင်း သိရသည်။
လက်ရှိရောင်းချနေသော ဆင်းကတ်များမှာ CDMA 800 MHz အမျိုးအစား ဟန်းဆက်များတွင်သာ အသုံးပြုရပြီး ငွေဖြည့်ကတ်မှာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်နှင့်သာ သုံးစွဲနိုင်ကြောင်း သိရသည်။
သို့သော်လည်း ယင်းငွေဖြည့်ကတ် များကို မန္တလေးမြို့ပေါ်ရှိ ဆိုင်ကြီး ၃ ဆိုင်တွင်သာ ဝယ်ယူရရှိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာခဲ့သည်။
ယင်းဆိုင်များမှာ ၂၆ ဘီလမ်းပေါ်မှ I – Phone ဆိုင်၊ ၇၈ လမ်းပေါ်မှ Any Call ဆိုင်နှင့် Best Oneဆိုင်တို့ ဖြစ်သည်။ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၆ ခုရှိ ဆိုင်ပေါင်း ၇၉ ဆိုင်တွင်သာ ရောင်းချခွင့်ရှိသည်။
ဖုန်းခေါ်ဆိုခမှာ အထွက်ခေါ်ဆိုမှု နှုန်းထား တစ်မိနစ် ၅၀ကျပ် ဖြစ်ပြီး အဝင်ခေါ်မှုအတွက် ပေးဆောင်ရန် မလိုပေ။ အင်တာနက် အသုံးပြုမှုမှာ တစ်မိနစ် ၄ ကျပ်နှုန်း ဖြစ်သည်။ နိုင်ငံခြား ခေါ်ဆိုခ နှုန်းထားမှာ MECTel အမှတ်တံဆိပ်ပါ နိုင်ငံခြား ငွေသုံးကတ်ကို ထည့်သွင်း ပြောဆိုနိုင်ကြောင်း သိရသည်။
အင်တာနက် အသုံးပြုလိုသည်များသည် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အင်တာနက် စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် တသောင်းကျော် ပေးသွင်းရမည် ဖြစ်သည်။
ကျပ် ၁၅၀၀ တန် ဆင်းကတ်များ ရောင်းချပေးနေချိန်တွင် တချို့သော သူများက ငွေကျပ် ၂ သိန်းတန် ဖုန်းများကို ကျပ် ၃ သိန်းကျော် ပေးပြီး ဝယ်ယူနေသူများ ရှိနေပြီး အမှန်တကယ်အရောင်းဝယ် ဖြစ်သူများလည်း ရှိနေကြောင်း သိရသည်။
“ကျနော့် ဖုန်းကို ကျပ် ၃ သိန်းနဲ့ လာပြီးဝယ်တယ်။ ကျနော်လည်း ရောင်းလိုက်တယ်။ ဘာအတွက် ဘယ်လိုဆိုတာတော့ ကျနော်လည်း သေချာမသိဘူး။ သူလည်း ဝယ်ချင်နေတာရယ်၊ ကျနော်လည်း မြတ်တာနဲ့ ရောင်းလိုက်တာပါ” ဟု မန္တလေး ချမ်းမြသာစည် အနောက်ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနှင့် ထုံးဘိုကျေးရွာတွင် ကျပ် ၂ သိန်းတန် ဆင်းကတ်များကို ကျပ်တစ်သိန်း ရှစ်သောင်း ပေးပြီး ညတွင်းချင်း လိုက်လံရှာဝယ်နေသူများလည်း ရှိကြောင်း သိရသည်။
ကျပ် ၁၅၀၀ တန် ဆင်းကတ်များအတွက် မြန်မာနိုင်ငံ တဝန်လုံးတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်း တည်ဆောက်ထားပြီး မန္တလေးတွင် ရေဒီယိုတိုင် စခန်းပေါင်း ၅၁ ခု တည်ဆောက်ထားပြီး ဖြစ်သည်။ သို့သော်လည်း ရေဒီယိုတိုင် စခန်းများကို ထပ်မံ တည်ဆောက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့ဆက်သွယ်ရေးမှ ဧရာဝတီ ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ကျပ် ၁၅၀၀ တန်ဖုန်းများ ချထားပေးသည့် ဧပြီ ၂၄ ရက်နေ့ မတိုင်မီကပင် မန္တလေးမြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင်များမှ CDMA ၈၀၀ ဟန်းဆက်များမှာ လက်ရှိ ပေါက်ဈေးထက် ကျပ် ၂ သောင်းကျော် ဈေးတက်သွားကြောင်း ဟန်းဆက် အရောင်းဆိုင်များမှ သိရသည်။