လက်ရှိ ရန်ကုန်နှင့် တခြားသော မြို့နယ်များတွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက် နေခြင်းမှာ သင်္ကြန်ကာလ အလုပ်ပိတ်ရက် ကြာမြင့်သောကြောင့် ပစ္စည်းအဝင် နည်းနေခြင်းနှင့် ဝန်ထမ်းများ လစာတိုးခြင်းတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးနားလည် တတ်ကျွမ်းသူတို့ထံမှ သိရသည်။
ဆန်တအိတ်လျှင် အမျိုးအစားပေါ် မူတည်၍ ၅၀၀ ကျပ်မှ ၁ ထောင် အထိ ဈေးတက်နေခြင်းမှာ သင်္ကြန်ကာလ အလုပ် ပိတ်ရက်တွင် ပစ္စည်းအဝင်နည်းသောကြောင့် ဖြစ်ကြောင်း ဘုရင်နောင်ရှိ ကောင်းမြတ်စံပွဲရုံမှ ဦးထူးဝင်းက ပြောသည်။
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဒု ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန အကြံပေး အဖြစ် တာဝန်ယူနေသော ဒေါက်တာမောင်မောင်လေးက ပြည်တွင်း၌ ကုန်ဈေးနှုန်း တက်နေခြင်းမှာ ယာယီသဘောသာ ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်စည် ဈေးကွက်တွင် ဆန်ဈေးအပါအဝင် တခြားပစ္စည်းများ ကျရိပ်ပေါ်နေကြောင်း၊ ဆိုက်ပရပ်တွင် ရွှေထုတ်ရောင်းခဲ့သောကြောင့် ကမ္ဘာ့ရွှေဈေး ထိုးကျခဲ့ပြီး ဒေါ်လာဈေး ခိုင်မာလာသောကြောင့် သွင်းကုန် ပစ္စည်းများ ဈေးတက်နိုင်ကြောင်း သုံးသပ်သည်။
“လစာတိုးမယ့် ကိစ္စရှိလို့ ဈေးတက်ချင်နေတာ။ ပင်စင်တွေလည်း တိုးမှာဆိုတော့ ကျနော်တို့ ဝန်ကြီးကိုယ်တိုင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို ကော်မတီဖွဲ့ပြီး စောင့်ကြည့်နေတယ်။ နိုင်ငံတိုင်းမှာ Inflation Rate ဆိုတာ နည်းနည်းလေး ရှိတယ်ဆိုရင် စီးပွားရေးသမားတွေက ပိုပြီးတော့ ထုတ်လုပ်ချင်တဲ့ စိတ်ရှိတယ်။ အခုက ဈေးတက်တာ ယာယီပါ။ ဆိုးဝါးတဲ့ အဆင့်ကို
မရောက်နိုင်ပါဘူး” ဟု သူက ပြောသည်။
ပေါ်ဆန်းမွှေးဆန် တအိမ်လျှင် ယခင်ဈေး ၂၄၀၀၀ မှ ၂၅၅၀၀ သို့ မြင့်တက်သွားကြောင်း၊ အခြားအခြေခံ စားသောက်ကုန်များ ဖြစ်သော ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲ၊ သကြား၊ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲ အပါအဝင် ကလေးနို့မှုန့်များပါ ဈေးတက်လျှက် ရှိကြောင်း၊ စားဆီတွင် SaJi တံဆိပ်မှာ တဗူးလျှင် ၂၀၀ ကျပ်ခန့် ဈေးတက်၍ တခြားဆီဗူးများမှာ ၅၀ ကျပ်ခန့် ဈေးတက်ခဲ့ကြောင်း၊ ကြက်သွန်နီ တပိဿာလျှင် ၂၀၀ ခန့်၊ ကုလားပဲ ၊သကြားနှင့် ခေါက်ဆွဲခြောက် တို့မှာလည်း ဈေးအနည်းငယ် မြင့်တက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကုန်ဈေးနှုန်း တက်ရခြင်းမှာ ဘာသာရေး ပဋိပက္ခ ဖြစ်ခဲ့သောကြောင့် ဟူ၍လည်းကောင်း၊ အစိုးရဝန်ထမ်းများ လစာ တိုးခြင်းကြောင့် ဟုလည်းကောင်း၊ သင်္ကြန်ကာလ ပိတ်ရက်များသဖြင့် ကုန်စည်များ မဝင်သောကြောင့်ဟု လည်းကောင်း ကုန်စည်ရောင်းချသူတို့က အမျိုးမျိုး ထင်မြင်ယူဆ ပြောဆိုလျက် ရှိကြသည်။
နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် “အဲဒါ တကယ်လားဟင်” ခေါင်းစဉ်ဖြင့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းနှင့် ပင်စင်စားများ လစာတိုးမည့် သတင်းကြောင့် ကုန်းဈေးနှုန်း တက်ချင်နေကြောင်း၊ သဘောၤသီးမှည့် တလုံး ၃၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ ရောက်ရှိသွားကြောင်း ဆောင်းပါးတို တပုဒ်ကို ဦးခင်မောင်ေဋ္ဌး (ပညာရေး) က ရေးသားထားသည်။
ထူးခြားချက်မှာ ဈေးများတွင် ရောင်းချသော အမဲသား ဈေးထိုးကျလျက်ရှိပြီး အမဲသားတွင် လူသေစေနိုင်သော ဓာတ်တမျိုး ပါဝင်သည်ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် အမဲသား တပိဿာလျှင် ၃၀၀၀ ကျပ်သာ ရှိတော့ကြောင်း၊ အမဲသား အစား၊ ဆိတ်သားမှာ ဈေးကောင်းလျက်ရှိပြီး တပိဿာလျှင် ၁၄၀၀၀ ကျပ်သို့ ရောက်ရှိ သွားကြောင်း မြောက်ဒဂုံ မြို့နယ် ၄၀ ဈေးမှ သားငါး ရောင်းဝယ်သူတဦးက ပြောသည်။
တခြား သားငါးများမှာလည်း ဈေးတက်လျက်ရှိပြီး သင်္ကြန်တွင်း တက်ခဲ့သော ဈေးများမှာ ယနေ့အချိန်အထိ ပြန်မကျ တော့ကြောင်း ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
“ငါးကြင်းဆို အရင်က ၄၀၀ ဈေး၊ သင်္ကြန်တွင်းမှာ ၆၀၀ ဈေး ဖြစ်သွားတယ်။ အခုလည်း ပြန်မကျဘူး။ ပုဇွန်ဘော့ကြိတ်က အရင် ၆၀၀၊ ဒီနေ့ ဝယ်လာတာ ၈၀၀။ ငါးဖယ်က တထောင်ကနေ ထောင့်ငါးရာ ဖြစ်သွားတယ်” ဟု သူက ပြောသည်။
သားငါးများ ဈေးတက်ရခြင်းမှာ သားငါးဒိုင်များမှ ဈေးတက်ခြင်းကြောင့် ဖြစ်ကြောင်း၊ သင်္ကြန်ကာလတွင် သားငါး ရှားပါးခြင်းမှာ နှစ်စဉ် ဖြစ်လေ့ ဖြစ်ထရှိကြောင်း ရန်ကုန်မြို့မှ သားငါးရောင်းဝယ်သူ တဦးက ပြောသည်။
သို့ရာတွင် သင်္ကြန်ပြီး၍ တပတ် ကြာသည်အထိ ဈေးများ ပြန်မကျသေးကြောင်း၊ အခြေခံ စားသောက်ကုန်များ ဈေးတက် ခဲ့သောကြောင့် နေ့စဉ်မီးဖိုးချောင် စရိတ်မှာ သိသိသာသာ မြင့်တက်လာကြောင်း၊ ယခင် တရက် ကုန်ကျစရိတ် ကျပ် ၃၀၀၀ မှ ယခုအခါ ၄၀၀၀၊ ၅၀၀၀ ကျပ်သို့ တိုးမြင့်သွားကြောင်း အိမ်ရှင်မများက ပြောဆိုနေကြသည်။
“ကြက်သွန် တက်တယ်၊ ဆန် တက်တယ်။ တောင်ပြန်ပေါ်ဆန်းက ၁၁၀၀ က ၁၂၀၀ ဖြစ်သွားတယ်။ ကြက်သားက ဗမာ ကြက်ကို ၈၀၀ က ၁၀၀၀ ဖြစ်သွားတယ်။ သကြားတက်တယ်။ ဈေးတက်တော့ အိမ်အသုံးစရိတ် ပိုလာတာပေါ့။ ကလေးနို့မှုန့် လည်း ဈေးတက်ပါတယ်” ဟု မြောက်ဒဂုံ မြို့နယ်မှ ကလေး ၃ ယောက်မိခင် ဒေါ်မူမူက ပြောသည်။
ဆန်၊ ဆီ ၊ဆား ၊ အချိုမှုန့် ကြိုတင် ဝယ်ထားသည့်တိုင် နေ့စဉ် ဝယ်ယူရသော သားငါး နှင့် ရာသီစာသီးနှံများ ဖြစ်သည့် ဟင်းသီးဟင်းရွက် များသာမက သစ်သီးများ ဖြစ်သော လိမ္မော်သီး၊ ပန်းသီးများပါ ဈေးတက်လျှက်ရှိကြောင်း သိရသည်။
“သခွားသီး တလုံးကို ၃၀၀ ဆိုတာ မကြားဘူးတဲ့ ဈေးပါ၊ ဂေါ်ဖီတထုပ်ကို ၁၀၀၀၊ ခရမ်းချဉ်သီးကလည်း အစိတ်သား ၃၀၀ ကနေ အခု တဆယ်သား ၁၅၀ ဖြစ်နေပြီ။ ရေသန့်တောင် တစ်ဗူး ၃၀၀ ကနေ ၃၅၀ တက်ပါတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ မမီးမီးက ပြောသည်။
အခြေခံ စားသောက်ကုန်များ လက်လီ လက်ကား ဖြန့်ချိလျက်ရှိသော မြောက်ဒဂုံမြို့နယ်မှ ကျော် ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းမှ မကြည်စန်းက သင်္ကြန်ကာလတွင် အလုပ်လုပ်သူ နည်းပါးသောကြောင့် ပစ္စည်းအဝင် နည်းသည့်အတွက် ရှိသည့် ပစ္စည်းကို ဈေးတင်ရောင်းရသည့် သဘောဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများမှာ ဈေးတက်လျှက် ရှိကြောင်း ရှင်းပြသည်။
“ထိုင်းကဝင်တဲ့ ပစ္စည်းတွေ ဈေးတက်တယ်။ ဘတ်ဈေးတက်လို့လို့ ပြောတာပဲ” ဟု သူက ဆိုသည်။
ပြည်တွင်းထုတ် မုန့်များမှာ ဈေးသိသိသာသာ မြင့်တက်ခြင်း မရှိသော်လည်း ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော မုန့်များ ဈေးတက်ကြောင်း၊ မုန့်တမျိုးလျှင် ၁၀၀ ကျပ်ခန့် တက်လာကြောင်း ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင် လမ်းရှိ အောင်မင်းနှင့် ညီများ မုန့်မျိုးစုံ ဖြန့်ချိရေး လုပ်ငန်းမှ မသီတာက ဧရာဝတီသို့ ပြောသည်။
အခြေခံစားသောက်ကုန် ဈေးနှုန်းများ တက်သော်လည်း ရွှေဈေးနှုန်းမှာမူ သင်္ကြန်ကာလ မတိုင်မီ ပေါက်ဈေးဖြစ်သော အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၇ သိန်း ၃ သောင်းကျော် ဈေးသို့ ပြန်မရောက်သေးကြောင်း ရွှေလုပ်ငန်းရှင် ဦးဝင်းမြင့်က ဆိုသည်။
“အခု ၇ သိန်းနဲ့ ၆ ထောင်ပါ။ ဈေး ပြန်တက်လာပေမယ့် အရင်ဈေးကို ပြန်မရောက်သေးပါဘူး” ဟု သူက ပြောသည်။
အခြေခံ စားသောက်ကုန် ဈေးတက်ခြင်းမှာ ဒေါ်လာဈေး၊ ရွှေဈေး၊ ငွေဈေးများနှင့် မသက်ဆိုင်ဘဲ ဈေးကွက်သဘောအရ လိုအပ်ချက် များသောနေရာတွင် ဈေးတက်ခြင်းသာ ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ မောင်မောင်စိုးက သုံးသပ်သည်။
“နောက်တခုက ငွေကြေးဖောင်းပွမှုပဲ။ အခြေခံကုန်စည်က မရှိမဖြစ် ဝယ်စားရမှာလေ။ ဈေးတက်ရင်လည်း ဝယ်ရမှာဆိုတော့ အဲဒီလိုနေရာမှာ လိုအပ်ချက်တွေ များလာရင် ဈေးတက်မှာပဲ။ ကျနော်တို့က ဝယ်လိုအား များလားလို့ ဖြစ်တာလို့ ပြောချင်တယ်” ဟု သူက ရှင်းပြသည်။
လတ်တလော ဖြစ်ပေါ်လျက်ရှိသော တရုတ်နယ်စပ်တွင် ၅၀၀၀ ကျပ်တန် အတုမိသည့် ကိစ္စကို စိုးရိမ်မိကြောင်း၊ မမိသေးသော ပိုက်ဆံအတုများ မည်မျှရှိမည်ကို မပြောနိုင်သေးကြောင်း ၊ ယင်းကိစ္စသည် ငွေကြေးလှည့်ပတ်မှုအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း၊ ၅၀၀၀ ကျပ်တန် အတုကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်ဈေးနှုန်းတက်မည်ကို စိုးရိမ်မိကြောင်း စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
စားသုံးကုန်စည်များ ထဲမှ အချိုမှုန့်၊ ကြက်ဥ၊ ကြက်သား၊ အာလူး၊ ကြက်သွန်ဖြူ၊ ကော်ဖီမစ်နှင့် ဖယောင်းတိုင်တို့မှာ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။