ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပသော လစ်လပ် မဲဆန္ဒနယ် ၄၅ ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ ခုတွင် အနိုင်ရရှိပြီး လွှတ်တော်တွင်း ဝင်ရောက်ခဲ့သည်မှာ တနှစ်ပြည့်သွားပြီဖြစ်သည်။ ကြားဖြတ် ရွေးကောက်ပွဲအကြိုကာလက NLD ပါတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည် အပါအဝင် ပြည်သူလူထုသို့ အသိပေး၊ ကတိပေး ပြောဆိုမှုများ တနှစ်အတွင်း မည်မျှ လက်တွေ့ကျကျဆောင်ရွက်နိုင်ခဲ့ပါ သနည်း၊ တိုင်းရင်းသားများနှင့် ပြည်သူလူထုအတွက် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများ မည်မျှ ဆောင်ရွက်နိုင်ခဲ့ပါ သနည်း ဆိုသော သုံးသပ်ချက်အမြင်များကို ဧရာဝတီအယ်ဒီတာအဖွဲ့ဝင်သာလွန်ဇောင်းထက်က ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းနှင့် ဆက်သွယ်မေးမြန်း ဖော်ပြ လိုက်ပါသည်။
သခင်ချန်ထွန်း
ဝါရင့်နိုင်ငံရေးသမားကြီး
လွှတ်တော်ထဲမှာက သူတို့ပြောသင့် ပြောထိုက်တာတွေ ပြောနေတာပဲလေ။ ဘာတွေအောင်မြင်သလဲ၊ ဘာတွေ မအောင်မြင်ဘူးလဲ ဆိုတာက ပြောဖို့ခက်တယ်။ သူတို့က လွှတ်တော်ထဲမှာ ပြောသင့်ပြောထိုက်တဲ့ ကိစ္စအရပ်ရပ်ကို ပွင့်ပွင့်လင်း ပြောင်ပြောင်တင်းတင်း သတ္တိရှိရှိ ပြောသွားဖို့ လိုတယ်။ အထိုက်အလျောက် တာဝန်ကျေတယ်လို့တော့ ယူဆပါတယ်။ ထင်သာမြင်သာ သူ့ဟာသူ လုပ်နေမှာပဲ။ ကိစ္စကြီးတွေမှာ ဘယ်လောက်အောင်မြင်သလဲ၊ ဘယ်လောက် မအောင်မြင်ဘူးလဲ ဆိုတာက အတိုင်းအတာတခုအနေနဲ့ ပြောလို့တော့မရဘူး။
ကချင်အရေး၊ ရခိုင်ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောသင့်ပြောထိုက်တွေကို သူ့အနေနဲ့က NLD ခေါင်းဆောင် ဆိုပေမယ့် နိုင်ငံရဲ့ခေါင်းဆောင်၊ အများပြည်သူရဲ့ ကြည်ညိုလေးစားခြင်း ခံရတဲ့ ပုဂ္ဂိုလ်ကိုး။ သူ့အနေနဲ့က တခွန်းပြော တခွန်း အဓိပ္ပာယ်ရှိရမယ်။ လေးနက်တယ်။ အဲဒီတော့ သူက အကုန်စဉ်းစဉ်းစားစားနဲ့ ပြောသင့်ပြောထိုက်တာတွေကို အချိန်အခါ အခြေအနေအရ သူပြောသွားလိမ့်မယ်လို့ ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ ပေါင်းသွားပြီဆိုပြီးပြောကြတာတွေက ကိုယ့်ယူဆချက်နဲ့ ကိုယ် ပြောကြတာတွေ ချည်းပဲလေ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုတော့ သူက လူမျိုးပေါင်းစုံရဲ့ ကြည်ညိုလေးစားမှု ရအောင် သူ တည်ထောင်ရမယ်၊ သူ့ကိုယ်သူ ပြုစုရမှာပေါ့။ နေတာထိုင်တာ ပြောတာဆိုတာ အကုန်လုံးလုပ်ရမှာပေါ့။
ဦးမင်းဇင်
နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့စာတမ်းရေးသားနေသူ
ဘာကလေတက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု
ရွေးကောက်ပွဲ ကြေညာစာတမ်းကို မူအားဖြင့် ပြောရင်တော့ လက်ခံနိုင်ပါတယ်။ အဲဒီမှာပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး မဲဆွယ်တဲ့ အနေနဲ့ ပြောတယ်ဆိုရင်တော့လည်း မဖြစ်နိုင်တာကို ကတိပေးထားသလိုဖြစ်နေတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က အကုန်နိုင်ရင်တောင်မှ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းတောင်မရှိဘူး။ ကြားဖြတ် ရွေးကောက်ပွဲနိုင်ရင်တောင်မှ သူတို့ပြင်ချင်တာတွေ၊ ကတိပေးထားတွေကို ဖြည့်ဆည်းနိုင်ဖို့ မလိုဘူး။
အဲဒီတော့ ကတိတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ သဘောမတွေ့ရဘူး။ တခုဖြည့်ပြောချင်တာက NLD လွှတ်တော်တက်နေတာ တနှစ်ပြည့်ပြီ။ တနှစ်အတွင်းမှာ NLD ဘက်က လွှတ်တော်မှာ ဘာတွေ အဆိုတင်သွင်းတာရှိလဲ၊ အာဏာရ ကြံ့ခိုင်ရေးပါတီက တင်တဲ့အဆိုတွေမှာ NLD ကိုယ်စားလှယ်တွေက ပြည်သူ့အကျိုးစီးပွားနဲ့ မကိုက်ညီဘူးဆိုရင် ဘာတွေကို ကန့်ကွက်မဲပေးတာ၊ ဝေဖန်ပြင်ဆင်ဖို့ ကြိုးစားတာရှိလဲ။ ဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ မသိရဘူး။
NLD အနေနဲ့က Voting Report မှတ်တမ်းကို ထုတ်ပြန်တာတွေမရှိသလို၊ မီဒီယာတွေကလည်း မမေးတာလား၊ NLD က မဖြေတာလား။ အခုသိရတာတွေက ဟိုတကွက် ဒီတကွက်ဖြစ်နေတယ်။ NLD ပြောတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စမှာ NLD က အဆိုတင်တာမဟုတ်ဘူး၊ ကြံ့ခိုင်ရေးက တင်တာဖြစ်နေတယ်။ ဒေါက်တာဆိတ်ဖွား ကိစ္စမှာ NLD က ကန့်ကွက်ပုံမရဘူး။ NLD ကိုယ်စားလှယ် ကိုယ်တိုင် စုံစမ်းရေးကော်မရှင်မှာ ပါနေတယ်။
ကျနော်မြင်တာကတော့ NLD က တင်တာဆိုလို့ အစိုးရအဖွဲ့တွေအနေနဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ စာရင်းထုတ်ပြန်တာကို တင်တာတွေ့ရတယ်။ NLD က လွှတ်တော်ထဲမှာ ဘယ်လိုဆောင်ရွက်တယ်ဆိုတဲ့ မှတ်တမ်းကို မီဒီယာကို၊ လူထုကို ထုတ်ပြန်တာမျိုးမရှိဘူး။ ပွင့်လင်းမြင်သာ မှုမတွေ့ရဘူး။ အဲလိုမှ မဟုတ်ရင် သူကတိပေးထားတွေကို ပြန်တိုင်းထွာဖို့ တော်တော်ခက်လိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အဓိကအားနည်းချက်လို့ ကျနော်တို့မြင်တာက သူက လူပုဂ္ဂိုလ်ကို ကျော်ပြီးတော့ အဖွဲ့အစည်း၊ စံနှုန်းတွေ၊ ကျင့်ထုံးတွေ၊ ကျင့်စဉ်တွေကို ဖွံ့ဖြိုးအောင်လို့၊ အမြစ်တွယ်အောင်လို့ မလုပ်ဘူးဆိုတာ တွေ့ရတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် Instutionalization သူမလုပ်ဘူးဆိုတာ တွေ့ရတယ်။ အဖွဲ့အစည်း တည်ဆောက်တဲ့ နေရာမှာလည်း ညီလာခံတွေ ဘာတွေခေါ်ပေမယ့် တကယ်တန်းကျတော့ ထိပ်ပိုင်းခေါင်းဆောင်တွေ ခေါင်းခေါက် ရွေးတာ တွေ့ရတယ်။ ဒါတွေကို ကြည့်လိုက်ရင် သူ့ကိုယ်သူသာ အာဏာတည်ဆောက်နေပြီးတော့ တကယ် ဒီမိုကရေစီ အသွင်ကျအောင် လုပ်တာမတွေ့ရဘူး။
အများပြည်သူတွေနဲ့ ကိစ္စတွေမှာ လက်ပံတောင်းတောင် ကိစ္စပဲဖြစ်ဖြစ်၊ ရခိုင်အရေးပဲဖြစ်ဖြစ် သူက ပြောသင့် ပြောထိုက် တာတွေ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ ဘာကို သိပ်အာရုံစိုက်သလဲဆိုတော့ ၂၀၁၅ ကို ပိုပြီးအာရုံစိုက်ပုံ ရတယ်။ စစ်တပ်အုပ်စိုးသူတွေ ငြိုငြင်မှာကို ဂရုစိုက် ရှောင်ရှားနေပုံရပါတယ်။ ချုပ်ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးသမား တယောက်အနေနဲ့ အာဏာလိုချင်တာ ပြောစရာမရှိပေမယ့် နိုင်ငံတကာက ပြောနေတဲ့ Moral Leadership နိုင်ငံရေးသမားတင် မဟုတ်ဘူး၊ ကျင့်ဝတ်သိက္ခာအရပါ ဦးဆောင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတဲ့ အမြင်မျိုးကို ကိုင်စွဲထားလို့မရတော့ဘူး။ အဲဒီအခါကျတော့ ပြည်သူလူထုကရော၊ မီဒီယာတွေကရော၊ ပြိုင်ဘက် နိုင်ငံရေးပါတီတွေကရော စောင့်ကြည့်တာ စစ်ဆေးတာတွေ ပိုလုပ်ရမယ်။ ဒါ နိုင်ငံရေးသမားတိုင်းကို လုပ်ရမှာ။ သူတို့ဝေဖန် စောင့်ကြည့်ရမယ်။ အာဏာရပြီးတဲ့အခါ ဝေဖန်စောင့်ကြည့်ရမယ်။
သူတယောက်တည်း သမ္မတဖြစ်ရုံနဲ့ပဲ မပြီးပါဘူး။ ဒါက လူပုဂ္ဂိုလ် တဦးတယောက်တည်းက ဥုံဖွနဲ့ မန်းမှုတ်ပြီးတော့ လုပ်လို့ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ တိုင်းပြည်မှာ လူပုဂ္ဂိုလ်ကိုကျော်ပြီးတော့ Institution လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ အားကောင်းအောင်၊ စံနှုန်းတွေ၊ ကျင့်ထုံးတွေ အမြစ်တွယ်လာအောင် လုပ်ကိုလုပ်ရပါမယ်။ ရေရှည်အတွက်ပေါ့နော်။ ရေတိုမှာတော့ တိုင်းပြည်မှာ Institution တွေ အားနည်းနေတဲ့အချိန်မှာ လူပုဂ္ဂိုလ်ရဲ့ကျော်ကြားမှုက တစုံတရာ အားကိုးလို့ရပါတယ်။ ဒါပေမယ့် ဒါကို သိပ်အားကိုးပြီး လုပ်လို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရုံမကလို့ စကြာဝတေး မင်းပဲ ဖြစ်ဖြစ် မြန်မာပြည်က သိပ်ပြီး ပြောင်းလဲမှာမဟုတ်ဘူး။
ဟံသာဝတီ ဦးဝင်းတင်
နာယက၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်
တနှစ်လည်းပြည့်ပြီဆိုတော့ အမှန်တိုင်းပြောရရင် ကျနော်တို့ ကိုယ့်ပါတီရဲ့ အင်အားနဲ့ အစစ်အမှန်ရွေးကောက်ပွဲကို ဝင်ရတဲ့ အနေအထားမဟုတ်ဘူး။ ဖြတ်ထိုးပြီး လုပ်ခဲ့ရတာဆိုတာကို ပြောချင်တယ်။ ပါတီရဲ့ သဘောထားက နာဂစ်ကာလ အတွင်းမှာ အသိအမှတ် ပြုလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့လက်မခံဘူး။ ဒီပြဿနာက တလျှောက်လုံး ရှိခဲ့တယ်။
ရွေးကောက်ပွဲ ဝင်ခဲ့တဲ့အတွက် ကျနော်တို့ ဘာတွေရလဲ ဆိုတော့၊ ဘာတွေသွားတွေ့ရလဲဆိုတော့ သူတို့ဒီလိုလုပ်တဲ့အတွက် ပြည်သူလူထုကြားမှာ NLD ကို ယုံကြည်မှု အများကြီးရှိလာတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးအပေါ်မှာ ရှင်းရှင်းပြောရရင် ပြည်သူက နိုင်ငံရေးက ပျက်နေပြီလို့ မြင်တယ်။ NLD နဲ့ စစ်တပ်ကလည်း ဆော်နေတယ်။ စစ်တပ်ကလည်း NLD ကို အရင်တုန်းက သဘောထားအတိုင်းပဲ ချေမှုန်းတော့မှာပဲ၊ ဖျက်တော့မှာပဲ ထိပ်တိုက်တွေ့နေတယ်ဆိုတာကို နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဘူး၊ နိုင်ငံရေးက ယုံကြည်စရာ ဘာမှ မရှိဘူးဆိုတဲ့ အနေအထားကနေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲ ဝင်လိုက်တဲ့အခါကျတော့ လူထုရဲ့ ယုံကြည်မှု၊ လူထုရဲ့ နိုင်ငံရေးနိုးကြားမှုက နိုင်ငံရေး အသိတွေက ပိုပြီး မြင့်လာတယ်။ ဒါကအကျိုးရှိတာပေါ့။
တဘက်ကလည်း ဘာပြောလဲဆိုတော့ ကျနော်တို့မှာ ဝေဝါးတာတွေအများကြီးရှိတယ်။ တနှစ်ကျော် ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ပေါင်းသွားပြီ၊ NLD က စစ်တပ်နဲ့ပေါင်းသွားပြီ၊ ကြံ့ဖွံ့နဲ့ပေါင်းသွားပြီ၊ ဒီမိုကရေစီကို ကျောခိုင်းသွားပြီ၊ လူ့အခွင့်အရေးကို ကျောခိုင်းသွားပြီလို့ ပြောဆိုဝေဖန်မှုတွေရှိပေမယ့် လူထုရဲ့ယုံကြည်မှုက NLD က ပင်မ နိုင်ငံရေးရေစီးထဲကို ပြန်ပြီးရောက်လာပြီ၊ ရောက်လာတယ်၊ နိုင်ငံရေးကို တို့ပြည်သူတွေလည်း ပါဝင်လို့ရမယ်၊ တောင်းဆိုလို့ ရမယ်၊ ဆွဲခေါ်မယ်၊ တွန်းပို့မယ်ဆိုတဲ့ နိုင်ငံရေးယုံကြည်မှုတွေ အများကြီး တက်လာတယ်။ ဒါ ကျနော်တို့ အမြတ်ပဲ။ ခုနက ပြောတဲ့ အရှုံးတွေ၊ စွပ်စွဲချက်တွေက ရှိပေမယ့် အမြတ်က အများကြီးမြတ်တယ်။ အရှုံးလေးတွေက အသေးအဖွဲပဲ။
တနှစ်တာ ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Moral Authority ကို နည်းနည်း ထိခိုက်စရာတွေရှိခဲ့ပေမယ့် နိုင်ငံရေး သြဇာကတော့ အခုအချိန်အထိ ပြည်သူအပေါ်မှာ ကြီးကြီးမားမားကိုရှိနေဆဲပါပဲ။
ဦးဆလိုင်းကျဲအိုဘိခ်ထောင်
အတွင်းရေးမှူး၊ချင်းအမျိုးသားပါတီ
NLD ပါတီကနေပြီးတော့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးအတွက်ရော ဒီနေ့ဒီအချိန်အထိ သူတို့သတိထားနေလို့လည်း ဖြစ်နိုင်ပါတယ်၊ ထင်သာမြင်သာ လုပ်တာဘာမှကို မတွေ့ရဘူး၊ သိပ်ပြီး တော့မမြင်ရဘူး။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိုင်းသားရေးအရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူမပြောသေးဘူး။
NLD လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း အဲဒီအတိုင်းပဲ ရှိနေကြတယ်။ ပါတီကိုယ်တိုင်ကလည်း အဲဒီအတိုင်း ရှိနေတယ်။ ဒီအချိန်အထိတော့ ဘာရယ်တော့ ထင်သာမြင်သာလုပ်တာမရှိဘူး။ ကျနော်တို့လည်း ဆက်လက်ပြီးတော့ ဘယ်လိုများ မူဝါဒတွေ ချမှတ်မလဲ စောင့်ကြည့်နေပါတယ်။ NLD ပါတီညီလာခံ ကျင်းပတုန်းကလည်း တိုင်းသားအရေး၊ ဖက်ဒရယ် အရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒ ချမှတ်ထားတာတွေ မတွေ့သေးဘူး။ ငြိမ်းချမ်းရေးဆိုတာက ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံး လေးပဲ ပြောတာမျိုး ကျနော်တို့မကြိုက်ဘူး။
ငြိမ်းချမ်းရေးဆိုတာ ဖက်ဒရယ်နဲ့ ပတ်သက်နေတယ်။ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်နေတယ်။ တိုင်းရင်းသား အခွင့်အရေးနဲ့ ဖက်ဒရယ်အရေးကို ပွင့်ပွင့်လင်းလင်း မပြောဘဲနဲ့ ငြိမ်းချမ်းရေးလို့ ပြောတာကို မယုံဘူး။
ကချင်စစ်ပွဲကိစ္စ၊ ရခိုင်ပြည်နယ်ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရပ်တည်ချက်အပေါ် စိတ်မကောင်းဘူး။ တကယ်တန်း ကျတော့လေ သူတို့ တစုံတရာ ပြောသင့်တယ်လို့ ထင်တာပေါ့။ ဒီအချိန်အထိ ဘာမှ ပြောဆိုမှု မရှိသေးတဲ့အတွက် စိတ်မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောဖို့လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ပါတီနိုင်ငံရေး ဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲအရေးကိုပဲ သူတို့ဦးစားပေး နေတယ်လို့ထင်တယ်။
တိုင်းရင်းသားတွေရဲ့ အရေး၊ တိုင်းသားရေးရာကိစ္စတွေကို ပြောမယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းလို ပြတ်ပြတ်သားသား ပြောရဲဖို့ လုပ်ရဲဖို့ အရမ်းလိုအပ်တယ်။ တကယ်တန်းကျတော့ အစကတည်းက ဒီနေ့အထိ ဗိုလ်ချုပ်အောင်ဆန်းလောက် တိုင်းရင်းသားတွေရဲ့ယုံကြည်မှု ဘယ်သူမှ မရခဲ့ကြဘူး။
ဦးသာဘန်း
နာယက၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
ကျနော်မဝေဖန်ချင်ဘူး။ NLD ကို ဝေဖန်ရင် ကောင်းတာရှိသလို၊ မကောင်းတာလည်းရှိတယ်။ အဲဒါကို ထောက်ပြရင် မျက်နှာပျက်စရာဖြစ်မယ်။ ကျနော်နဲ့ NLD ဆက်ဆံရေးအရ ကျနော်မဝေဖန်ဘူး။
ကိုပြုံးချို
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
NLD ကိုယ်တိုင်က အဆိုတင်သွင်းဖို့၊ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ဖို့ ဥပဒေ ပြုစုရေးတွေ၊ လူနည်းတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ပြောနိုင်ဖို့ အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုရင် လုံလောက်တဲ့ ကိုယ်စားပြုနိုင်တဲ့ အရေအတွက်တွေ မရသေးဘူး။ ရွေးကောက်ပွဲဝင်စဉ်က လူထုအပေါ် ရွေးကောက်ပွဲ စည်းရုံးရေး ကာလ လူထုကို ပြောခဲ့တဲ့ သတင်းစကားတွေ၊ မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ကြိုးစားမှုတွေ လုပ်ရဦးမှာဖြစ်သလို ကိုယ်စားပြု လုံလောက်နိုင်အောင် အတွက်လည်း ဆက်ပြီးတော့ ကြိုးစား ဆောင်ရွက်ရဦးမှာ ဖြစ်တယ်။ ဒီနေ့ ဒီအချိန်ကာလမှာ ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်၊ ဘယ်လောက်ပဲ ဖော်ဆောင်မှုတွေ လုပ်ချင်ပါစေ လွှတ်တော်နိုင်ငံရေး အရ ကြိုးပမ်း ဆောင်ရွက်မှုတွေက ထင်သလောက် အောင်မြင်မှုတွေ မရသေးတာကို တွေ့ရတယ်။
ကိုယ်တင်တဲ့ အဆို၊ ကိုယ်ဖြစ်စေချင်တဲ့ တင်ပြမှုတွေက လွှတ်တော်မှာ အများစုဆန္ဒ ရအောင်မယူနိုင်လို့ မအောင်မြင် သေးပေမယ့် ဒီလိုအမြင်နဲ့ မူဝါဒတွေ ပြုပြင်ပြောင်းလဲလိုစိတ်တွေ အမြဲတမ်း ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူသိအောင် ဖော်ဆောင်ဖို့လိုတယ်။ အဲဒါမှလည်း ပြည်သူလူထုရဲ့ မှတ်ကျောက်တင် ခံရမှုကို ရရှိမှာဖြစ်တယ်။
ဆန္ဒတွေ၊ တင်ပြချက်တွေ လက်ရှိအချိန်မှာ မအောင်မြင်သေးတာတွေ တွေ့ရတယ်။ လူထုအကျိုးစီးပွား ဖော်ဆောင်ဖို့တွေ၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့၊ တိုင်းရင်းသားတွေ အားလုံးကြားမှာ တန်းတူညီမှုရှိရေး၊ နေနိုင်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေမှာ အားလုံးက တူညီတဲ့ အသံတွေဖြစ်နေပေမယ့် နိုင်ငံသားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ လုပ်ဆောင်မှုမှာ ထင်သလောက် မဖြစ်လာသေးတာတွေ့ရတယ်။
အခက်အခဲတွေ ရှိလာလို့ရှိရင်လည်း လူထုကို ပွင့်ပွင့်လင်းလင်းပြောပြီး လုပ်ဆောင်ဖို့လိုတယ်။ ဒါမှ ပြည်သူလူထု ပူးပေါင်း ဆောင်ရွက်မှုက ရှင်းရှင်းလင်းလင်းနဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့လိုပါတယ်။
ဦးသိန်းညွှန့်
ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီပါတီသစ် နှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နိုင်ငံရေးသမားကတော့ အဝေဖန်ခံရမှာပဲ။ မိမိဆောင်ရွက်ချက်သည် ပြည်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီတယ်ဆိုရင် ဘယ်သူပဲ ဘယ်လောက် ဝေဖန်ဝေဖန် နိုင်ငံရေးသမားဆိုတာ သတ္တိရှိရတာပေါ့။ နိုင်ငံရေးသမားတယောက်ရဲ့ အရေးကြီးဆုံးက မိမိပြောခဲ့တဲ့ စကားတွေ ရှေ့နောက်ညီညွတ်ဖို့ လိုတာပေါ့။ ရှေ့နောက်ညီညွတ်မှု အပြင် ကျိုးကြောင်းဖော်ပြချက်တွေ ကလည်း ကျိုးကြောင်း ခိုင်လုံဖို့လိုတာပေါ့။
၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်တာကို မှားတယ်လို့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေ အခု ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အခြေခံဥပဒေကို မပြင်ဆင်ဘဲနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တာပဲ။ ဒါတွေကို ပြန်ကြည့်လိုက်ရင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်တုန်းက မှားတယ်၊ ငါဝင်တဲ့အခါကျတော့ မှန်တယ်ဆိုတဲ့ ကျိုးကြောင်း ဖော်ပြချက်တွေကိုတော့ နိုင်ငံရေးသမားတွေက ပြောတယ်ဆိုရင် ပြောတဲ့သူအပေါ်မှာ ဒီနေ့ ပြည်သူလူထုကရော နိုင်ငံရေးခေါင်းဆောင် တွေရဲ့စကားကို ကျကျနန လေ့လာနေတဲ့သူတွေကရော မေးခွန်းထုတ်ကြမှာပေါ့။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး ပြောခဲ့တာကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲတုန်းက ကြွေးကြော်သံတွေနဲ့ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေကို ပြည်သူလူထုက အကဲဖြတ်ဆုံးဖြတ်ပါ။ ကျနော်သေချာပေါက် သိတဲ့အချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ပြင်ဆင်ဖို့ ကိစ္စ စပြောတာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက သူရ ဦးအေးမြင့်က စပြောတယ်လို့ ကျနော်သိတယ်။ ဦးသိန်းဇော်က ထောက်ခံသွားတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ဖို့ လွှတ်တော်မှာ တရားဝင် ပြောကြားတာကတော့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲ။
ဦးစိုင်းလိတ်
ပြောခွင့်ရပုဂ္ဂိုလ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD ပါတီကို ကျနော်တို့က အများကြီး မျှော်လင့်ထားခဲ့တာ။ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ကြွေးကြော်ပြီး လွှတ်တော်ထဲကို ဝင်သွားတာပဲလေ။ တကယ်တန်းကျတော့ တနှစ်သာပြည့်သွားတယ်၊ ပါတီတည်ဆောက်ရေး လောက်ပဲ လုပ်နေရလို့လားတော့ မသိဘူး၊ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဘာတခုမှ ထိထိရောက်ရောက် လုပ်နိုင်တာ မရှိဘူးလို့ ကျနော်မြင်တယ်။ သူတို့ လုပ်ချင်တဲ့စိတ် မရှိတာတော့ မဟုတ်ဘူးပေါ့နော်။ လုပ်ကောင်း လုပ်ချင်ပါလိမ့်မယ်။ ထိရောက်လောက်အောင် လုပ်ပေးနိုင်တာ မရှိဘူး။ ကချင်အရေးမှာပဲ ကြည့်ကြည့်၊ ရခိုင်အရေးမှာပဲ ကြည့်ကြည့်၊ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ကိစ္စတွေမှာ တာဝန်ယူနိုင်လောက်အောင် ထိရောက်တဲ့ အနေအထားမျိုးကို ပံ့ပိုးဆောင်ရွက်နိုင်တာမျိုး မရှိဘူး။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုပြီး ကြွေးကြော်ပြီး လွှတ်တော်ထဲ ဝင်သွားတာဆိုပေမယ့် ပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီ မပါဘဲနဲ့ ပြုပြင်နိုင်မှာမဟုတ်ဘူး၊ NLD အနေနဲ့ ပြုပြင်နိုင်တဲ့အားက အင်မတန်နည်းတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စည်းရုံးတာမျိုးတွေ့တယ်။ လုပ်ဆောင်နေပဲ။ ဒါပေမယ့် အကောင်အထည် မပေါ်သေးဘူးပေါ့။
တိုင်းရင်းသားတွေအတွက် NLD အမတ်အတွေနဲ့ တနှစ်အတွင်းမှာ လုပ်ဆောင်ပေးနိုင်မှုက ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိသေးတယ်။ အကောင်အထည်ပေါ်မှု အပိုင်းမှာ အင်မတန်ကို အားနည်းတယ်။
စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဆွဲဆောင်စည်းရုံးနေတာထက်ကို စစ်တပ်က အာဏာပြန်မသိမ်းဖို့ ရည်ရွယ်ပြီး လုပ်နေတယ်လို့ ကျနော်မြင်တယ်။ စစ်တပ်နဲ့ သဟဇာတ ဖြစ်အောင်၊ သူလိုချင်တဲ့ နိုင်ငံရေးပန်းတိုင်လည်း ရောက်အောင် ကြိုးစားနေရတဲ့ အနေအထားမှာ တခြားတိုင်းရင်းသား ကိစ္စလိုမျိုး၊ လူ့အခွင့်အရေး ကိစ္စလိုဟာမျိုးကို သိပ်ပြီး ဦးစားမပေး နိုင်သေးဘူးပေါ့နော်။ ဆိုတော့ စစ်တပ်နဲ့ ပေါင်းသွားပြီ ဆိုတာထက် စစ်အာဏာ မသိမ်းအောင် ကြိုးစားနေရတယ်ဆိုတာ ပိုမှန်မယ် ထင်ပါတယ်။
အတိုက်အခံ ဆိုတဲ့နေရာမှာ Check and Balance မလုပ်နိုင်တော့တဲ့ သူကို အတိုက်အခံလို့ မသုံးသင့်တော့ဘူး။ အမှန်အကန် Check and Balance လုပ်နိုင်ဖို့ နောက်တဆင့် ထပ်ကြိုးစားဖို့ လိုမယ်လို့ထင်ပါတယ်။
ဒေါ်မြသန်းသန်းနု
အထွေထွေအတွင်းရေးမှူး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)
NLD က လွှတ်တော်မှာ လုပ်နေတဲ့ အသေးစိတ် ကိစ္စတွေကိုတော့ ကျမမသိဘူး။ ဒါပေမယ့် NLD အမတ်တွေအနေနဲ့ လွှတ်တော်မှာ တော်တော်လေး ထိထိရောက်ရောက် ပြောနိုင် ဆိုနိုင်တာတွေ ရှိတယ်လို့တော့ သိရပါတယ်။ သူတို့လည်း ထိထိရောက်ရောက် လုပ်တာတွေရှိပါတယ်။ NLD က လူထုကို ပြောခဲ့တဲ့ သုံးချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်၊ ငြိမ်းချမ်းရေးကိစ္စရယ်၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေက သိပ်လွယ်တဲ့ ကိစ္စတွေ မဟုတ်ဘူး။
တနှစ်ဆိုတဲ့ ကာလကလည်း ဘာမှ ရှိတဲ့ အချိန်မဟုတ်ဘူး။ အဲဒီကိစ္စတွေကလည်း NLD တခုတည်းနဲ့ လုပ်လို့ပြီးတဲ့ ကိစ္စမဟုတ်ဘူး။ အစိုးရမှာလည်း တာဝန်ရှိတယ်။ NLD လည်းပါတယ်၊ လွှတ်တော်ထဲမှာရှိတဲ့ တခြားပါတီက လွှတ်တော် ကိုယ်စားလှယ် တွေနဲ့လည်း ဆိုင်တယ်။ လွှတ်တော်ထဲကို မဝင်နိုင်ပေမယ့်လည်း လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေး ပါတီတွေနဲ့လည်း သက်ဆိုင်တယ်။ ကုန်ကုန်ပြောမယ်ဆိုရင် သာမန်ပြည်သူတွေ အကုန်လုံးနဲ့လည်း သက်ဆိုင်တဲ့ ကိစ္စကြီးဖြစ်တယ်။
တရားဥပဒေ စိုးမိုးရေးဆိုတာ ပြောတော့သာ လွယ်တယ်ပေါ့လေ၊ လက်တွေ့တနှစ်အတွင်း လုပ်ဖို့ဆိုတာ နည်းနည်းတော့ ခက်တယ်။ နောက်တခုက ကျမတို့ နိုင်ငံကလည်း နှစ်ပေါင်းများစွာ၊ ကာလတော်တော်ကြာ နှစ်ပေါင်း ၅၀ ဆိုပါတော့ တရားဥပဒေ စိုးမိုးမှုမရှိဘဲနဲ့ ပရမ်းပတာ ဖြစ်တဲ့အခြေအနေတွေက တော်တော်များခဲ့တယ်။ အခုအချိန်မှာ ဒါတွေကို ပြင်ဖို့ အချိန်တော့ ယူရလိမ့်မယ်။ ကျမတို့ တယောက်နဲ့ တယောက် အပြစ်တင်နေမယ့် အစား အားလုံးမှာ တာဝန်ရှိတယ် ဆိုတော့ လက်တွဲပြီး ဆောင်ရွက်ကြရင် ကောင်းတာပေါ့။
NLD လွှတ်တော် အမတ်တွေကြောင့် ပြည်သူတွေအတွက် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပြီလား၊ မရှိလာ သေးဘူးလားဆိုတာကတော့ ကျမအနေနဲ့ ပြောဖို့ တော်တော်ခက်ပါတယ်။ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှုတွေက ဘယ်နေရာမှာ ကြည့်ကြည့် ဘာမှ မရှိသေးဘူးလို့ ပြောထားတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂျပန်နိုင်ငံမှာ မကြာသေးမီ ပြောခဲ့တဲ့ စကားပဲလေ။
NLD အမတ်တွေလည်း သူ့ကဏ္ဍနဲ့ သူ လုပ်နေကြတာပဲ။ အဆိုတွေတင်တယ်၊ အပယ်ခံရတယ်၊ အပယ်ခံရတာလည်း များတယ်။ တချို့ဟာတွေ လည်း အတည်ဖြစ်တယ်။ အတည်ဖြစ်တဲ့ အဆိုတွေကလည်း ချက်ချင်း အကောင်အထည် ဖော်လို့မရဘူးလေ။ ဆိုတော့ အကုန်လုံးပီပြင်ပြီး အောင်မြင်တာတွေတော့ မမြင်ရသေးဘူး။ မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း လုပ်စရာတွေ တော်တော်များတယ်။
၂၀၁၂ တုန်းက NLD က ရွေးကောက်ပွဲဝင်တယ်။ အကုန်နိုင်တယ်။ ၂၀၁၀ တုန်းက NLD က ရွေးကောက်ပွဲမဝင်ခဲ့ဘူး။ ရွေးကောက်ပွဲ မဝင်လို့ ဝမ်းနည်းတယ်ဆိုတာထက် ဝင်တဲ့သူတွေအတွက်တောင် မဲမထည့်ရေး လှုပ်ရှားမှု လုပ်ခဲ့တာက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။
ကချင်ကိစ္စ၊ ရခိုင်အရေးကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေတာတွေနဲ့ ပတ်သက်လို့တော့ ကျမ ဘာမှ မသုံးသပ်ချင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အာဏာရပါတီ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ရော အဆင်ပြေမယ်လို့ရှိရင် အများအတွက် အကျိုးများမယ်၊ သင့်တော်မယ် ထင်လို့ သူလုပ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့။ ဒါက ဝေဖန်စရာမရှိပါဘူး။ သူကောင်းမယ်ထင်လို့ လုပ်တာဖြစ်မှာပေါ့။
ဒေါက်တာတူးဂျာ
ကေအိုင်အိုခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ(KSPP) ခေါင်းဆောင်
NLD နဲ့ လွှတ်တော်အမတ်တွေလည်း သူတို့ဟာသူတို့ တတ်နိုင်သလောက် လုပ်နေကြတာပဲ။ သူတို့လုပ်ဆောင်ချက်ကြောင့် အကျိုးရှိတာတွေလည်း ပေါ်ပေါက်လာတာပဲ။ ကြိုးစားနေကြတာပဲ။ ဆက်လက်ပြီးတော့ သူတို့ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ဆောင်ကြလိမ့်မယ် ထင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကတော့ နဂိုကတည်းက မဲဆန္ဒနယ် နည်းတော့ လွှတ်တော်ထဲ ရောက်တာနဲ့ သူတို့ပြင်ချင်တာ၊ လုပ်ချင်တွေ လုပ်လို့ရမယ်လို့ မျှော်လင့်လို့မှ မရတာ။ Something is better than nothing သဘောလို့ပဲ ကျနော်မြင်ပါတယ်။ အကျိုးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတာတွေလည်းရှိလာတာပဲ။
NLD အတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်တဲ့အတွက် အကျိုးရှိပါတယ်။ တိုင်းရင်းသားကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ NLD က စေတနာမရှိတာ၊ တာဝန်မယူချင်တာကြောင့်တော့ ဝင်မပြောတာလို့တော့ ကျနော်မမြင်ဘူး။ သူတို့လည်း အခြေအနေစောင့်ကြည့်နေတယ် ထင်ပါတယ်။ ပြောတာနဲ့ လုပ်တာနဲ့ ဘယ်လောက် ထိရောက်မလဲဆိုတာ ချင့်ချိန်နေတယ် ထင်ပါတယ်။ ဒါတွေလည်း အကဲခတ်တာနေတာတွေ လည်းဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ပါတီအနေနဲ့က ကချင်အရေးကို အလေးအနက်ထားမယ်လို့ တော့ ယုံကြည်ပါတယ်။ လတ်တလော အခြေအနေအရ သူတို့ ဖြစ်နေတာထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့ ပေါင်းတယ်လို့ ပြောကြဆိုကြတဲ့အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအကျိုး၊ ပြည်သူလူထုအကျိုးကို အမြဲတမ်းရှေးရှုမှာပါ။ ရေရှည်ကို ကြည့်ပြီး သူလုပ်တဲ့ကိစ္စအပေါ် လတ်တလော အနေနဲ့ကတော့ ပြည်သူတွေရဲ့ အမြင်သဘောထားအရ ကွဲလွဲတာ၊ အားမလို အားမရဖြစ်တာတွေရှိကောင်း ရှိမှာပါ။ ရေရှည်ကောင်းဖို့ လုပ်တယ်လို့ ယူဆတယ်။ အခုအချိန်မှာ သူ့ကို ဝေဖန်ဖို့ အချိန်စောတယ်။ စောင့်ကြည့်ပါလို့ ပြောချင်တယ်။
NLD ညီလာခံအပြီးမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျထင်ရှားတဲ့ မူဝါဒတွေ ချမှတ်တာ၊ ပေါ်ထွက်လာမယ် ထင်တာ ထွက်မလာဘူး။ အဲဒါကိုတော့ ကျနော်တို့ လက်ရှိအချိန်မှာ စောင့်ကြည့်နေပါတယ်။ ဒါ ကျနော်တို့ တိုင်းရင်းသားတွေအမြင်ပါ။
ဒေါက်တာရန်မျိုးသိမ်း
နိုင်ငံရေးဝေဖန်သုံးသပ်သူ
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အလွန်၊ NLD အမတ်တွေလွှတ်တော်ထဲ ရောက်တာ တနှစ် ပြည့်တဲ့အချိန်မှာ၊ လွှတ်တော်အခင်းအကျင်းဟာ အတိုင်းအတာ တခုအထိ တိုးတက်တဲ့ဘက်ကို ဦးတည် ပြောင်းလာ တာတချို့ကို တွေ့ရပါတယ်။ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်အသီးသီးရဲ့ ကော်မတီတွေမှာ အတော်နေရာ ပေးလာတာတွေ့ရပါတယ်။
လွှတ်တော်တွင်း NLDရဲ့ခြေလှမ်းတွေကတော့ အတော့်ကို ချိန်ချိန်ဆဆ လှမ်းနေပုံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ သုံးသပ်တဲ့ကော်မတီကို ဖွဲ့စည်းဖို့ ပြည်ခိုင်ဖြိုးက အဆိုတင်သွင်းတာ၊ လွှတ်တော်က အပြည့်အ၀ ထောက်ခံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးတာ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကေအိုင်အေနဲ့ ဆွေးနွေးပွဲတွေကို ဆက်လုပ်ဖြစ်နေတာ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ အတော်ပြောလာနိုင်တာ၊ စတာတွေ ကတော့ မြင်သာတဲ့ တိုးတက်မှုတွေပါ။
ဒါပေမယ့် ရလဒ်အပိုင်းမှာ ကြည့်ရင်တော့၊ ဘာမှမယ်မယ် ရရ တိုးတက်မှု ဆုပ်ဆုပ်ကိုင်ကိုင် မရှိသေးဘူးလို့ ဆိုရပါမယ်။
အောက်ခြေ ပြည်သူလူထု အနေနဲ့ကြည့်ရင်၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်း၊ တိုင်းရင်းသား တန်းတူရည်တူရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပိုင်းတွေမှာ ဘာမှသိသာတဲ့ အပြောင်းအလဲတွေ ရှိမလာသေးဘဲ
စကားလုံးများနဲ့ ကောင်းကင် ဖြစ်နေတယ်။
ကချင်အရေး၊ ရခိုင်အရေးကိစ္စတွေမှာ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ နိုင်ငံရေးအရပြောရင် စံမမီဘူး လို့ပြောရပါမယ်။ စကားမစပ် ဘော်စတွန်မာရသွန် ဗုံးကွဲတော့ ကျနော်တို့ဆီက NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်များ နိုင်ငံရေးအရ ဘယ်လို ကြေညာချက်ထုတ်မလဲ၊ ဘယ်လိုသုံးသပ်မလဲ စောင့်ကြည့်မိတယ်။ လက်တွေ့မှာ ဘာမှမတွေ့ရဘူး။အဲဒါမျိုးကို ပြောတာ နိုင်ငံရေး စံမမှီဘူးဆိုတာ။ ပြည်တွင်း ပြဿနာရော၊ နိုင်ငံတကာပြဿနာရော နိုင်ငံရေးအရ ကိုယ့် ရပ်တည်ချက်ကို ရဲရဲ ပြောရဲမှ နိုင်ငံရေး ရပ်တည်ချက် ကောင်းမယ် ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ သင့်မြတ်ရေးကို အရမ်းဦးစားပေးတယ် ဆိုတာ၊ မြန်မာ့အပြောင်း အလဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ အရေးကြီးတာကို မြင်လို့လို့ထင်ပါတယ်။ အပြင်ကနေ ကြည့်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က
စစ်တပ်နဲ့ သင့်မြတ်ရေးကို ဦးစားပေးတယ်ဆိုပေမယ့်၊ ဗျူဟာ၊ စီမံချက်တွေနဲ့စနစ်တကျ ချဉ်းကပ်တဲ့ပုံစံ မတွေ့ရပါဘူး။
နောက် ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်နေတဲ့ပုံကိုပဲ တွေ့နေရပါတယ်။
စစ်တပ်က လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာ အားအကောင်းဆုံးနဲ့ အကျစ်လစ်ဆုံး Institution ပါ။ ကျန်တဲ့ နိုင်ငံရေး Institution တွေက အားမကောင်းရင် သိပ်ကြည့်မကောင်းနိုင်ဘူးလို့ ထင်ပါတယ်။ နောက်စစ်တပ်က အထက်မှအောက် အမိန့်ပေး စနစ်ကို တိတိကျကျ ကျင့်သုံးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ အလုပ်သဘော တွေ့နိုင်ပြီဆိုရင်၊ စစ်တပ်နဲ့ သင့်မြတ်ရေး အတိုင်းအတာတခုအထိ ခရီးပေါက်ပြီလို့ ပြောနိုင်ပါတယ်။ မတွေ့နိုင် သေးသရွေ့တော့၊ တိုးတက်မှုက ပါးပါးလေးလို့ပဲ ဆိုနိုင်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံ အင်အားစု ပျောက်သွားပြီလို့ မဆိုနိုင်ပါဘူး။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ အင်အားစုလို့ မခေါ်နိုင်တော့ဘူးလို့ ပြောနေတာကတော့ နည်းနည်း အစွန်းရောက်တယ် ထင်ပါတယ်။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ထက် စာရင်၊ အများကြီး ပျော့ပြောင်းလာတဲ့အပေါ် အားမလို၊ အားမရ ဖြစ်တာကနေ၊ အတိုက်အခံ မရှိတော့ဘူးလို့ သုံးသပ်တဲ့အထိ ဖြစ်လာတာပါ။
ဒေါ်စုဟာ NLD ပါတီကို အားကောင်းတဲ့ နိုင်ငံရေး Institution ဖြစ်အောင် စနစ်တကျ တည်ဆောက်သင့်ပါတယ်။ နောက် တခြားနိုင်ငံရေး Institution တွေ အားကောင်းဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကမကထပြု ကူညီသင့်ပါတယ်။ နောက် နိုင်ငံရေးသမားကောင်းတွေ မွေးထုတ်နိုင်အောင် လုပ်သင့်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ Team ကိုလည်း သူ တည်ဆောက်ရပါမယ်။ Team Work ကောင်းကောင်းနဲ့ မသွားနိုင်ရင်၊ Institution ကောင်းကောင်း မလုပ်နိုင်ရင်၊ အတိုက်အခံဆိုတာ ပျောက်သလောက် နီးပါး ဖြစ်သွားနိုင်ပါတယ်။ ။