အတိတ်က စိတ်ကူးယဉ်သက်သက်သာ ဖြစ်ခဲ့သော ကိစ္စရပ်များသည် ယခုအချိန်တွင် လက်တွေ့ကျကျ အကောင်အထည် ဖော်၍ ရနေပြီး အရာအားလုံး ဖြစ်နိုင်သည့် အချိန်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
ဧပြီလ ၂၂ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသော နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group – ICG) ၏ ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲအတွက် ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က “ဒီဆုဟာ ကျနော် တယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီမိုကရေစီအရေး ဝိုင်းဝန်ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးရဲ့ကိုယ်စား ကျနော့်အနေနဲ့ လက်ခံရယူတာပဲ ဖြစ်ပါတယ်။ ကျနော်နဲ့ ကျနော့် အစိုးရအဖွဲ့ဟာ သက်တမ်း နှစ်နှစ်အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတို့အတွက် ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန် ကိုယ်စား အမေရိကန်ရောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဆုကို လက်ခံယူခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ICG က သမ္မတ ဦးသိန်းစိန်သည် ပြောင်မြောက်သော ပြုပြင်ပြောင်းလဲရေးများကို ချမှတ်ကာ နိုင်ငံအတွက် သမိုင်းဝင်စေမည့် အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဦးစီးလုပ်ဆောင်ခဲ့ကြောင်း၊ အတိတ်က ဖိနှိပ်သည့် ဥပဒေများကို ဖျက်သိမ်းပေးခဲ့ကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်ရာတွင် အောင်မြင်မှု အများအပြား ရခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အတိတ်ကာလ အမွေဖြစ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရဦးမည် ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုများမှာ ဒေသတိုင်း၌ ရေရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးစုများအပေါ် ခွဲခြားမှု ပပျောက်ရေး၊ နှစ်ပေါင်းများစွာ အထီးကျန် နေထိုင်ခဲ့ပြီးနောက် နိုင်ငံတကာသို့ မြန်မာနိုင်ငံ၏ ပွင့်လင်းမှုနှင့်အတူ ထွက်ပေါ်လာသော အကျိုးအမြတ်များကို နိုင်ငံသားတိုင်း ခံစားရရှိနိုင်စေရေး စသည်တို့ကိုလည်း ICG က ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက၊ ဝါရင့် သတင်းစာဆရာကြီး ဦးဝင်တင်က “ဦးသိန်းစိန်ကို ဆုပေးတာနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့အစည်းဟာ အဲဒီလောက် ဆုံးဖြတ်ပေးနိုင်လောက်အောင် မြန်မာပြည် နိုင်ငံရေး သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေး သော်လည်းကောင်း ဘယ်လောက်အထိ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆုံးဖြတ်နိုင်တဲ့ အနေအထား ရှိသလဲဆိုတာ မသိဘူး။ ဒီ့အပြင် ပြည်တွင်းမှာ ဦးသိန်းစိန်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးဆိုတာ ပြနေတယ်။ ဦးသိန်းစိန်ကို ပေးတာဟာ ကျနော်ထင်တယ်၊ ထိုက်ထိုက်တန်တန်နဲ့ ပေးတယ်လို့ မဆုံးဖြတ်နိုင်ဘူး” ဟု ပြောသည်။
တကယ်တမ်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းရေးနှင့် ပတ်သက်၍ မဖြစ်ထွန်းသေးကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည့် အခြေအနေများကို ထောက်ပြ၍ ၎င်းက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်က ၎င်း၏ မိန့်ခွန်းတွင် “ဒီမိုကရေစီက ပေးအပ်ထားတဲ့ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာ တခြားသူ တယောက်ရဲ့အခွင့်အရေးကို မထိပါးမိစေဖို့၊ အနှောက်အယှက် မပြုမိစေဖို့အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ထို့အပြင် မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းသော၊ နိုင်ငံရေး ရင့်ကျက်မှုရှိသော၊ အပြန်အလှန် လေးစားတတ်သော၊ အားလုံးပါဝင်နိုင်သည့် ခေတ်မီလူ့အဖွဲ့အစည်းတရပ်အဖြစ် ရောက်ရှိရန် အားလုံးစုပေါင်း ကြိုးစားကြရမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
အပြောင်းအလဲများ စတင် လုပ်ဆောင်ပြနေသော မြန်မာ အစိုးရအား ကူညီထောက်ပံ့ပေးကြရန် ICG အဖွဲ့အစည်းအနေနှင့် ကမ္ဘာ့နိုင်ငံများကို ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်းက တိုက်တွန်း ပြောဆိုခဲ့ဖူးသည်။
သမ္မတ ဦးသိန်းစိန်သည် အပြောင်းအလဲတချို့ကို လက်တွေ့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် မကြုံစဖူး အပြောင်းအလဲ ဖြစ်နေသောကြောင့် ကူညီသင့်ကြောင်း ICG အဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။
ICG မှ ချီးမြှင့်သော ငြိမ်းချမ်းရေးဆုကို သမ္မတ ဦးသိန်းစိန်နှင့် အတူ ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ္စတာ လူးဝစ်လူးလားလည်း လက်ခံရရှိသည်။
အဆိုပါ ငြိမ်းချမ်းရေးဆုကို အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသည့် ကလင်တန်နှင့် ဂျော့ဂျ် ဒဗလျူဘွတ်ရှ် တို့လည်း ရရှိဖူးကြောင်း ICG အဖွဲ့အစည်း မှတ်တမ်းများ အရသိရသည်။