ရန်ကုန်မြို့ ဆင်ခြေဖုံး ဒေသများတွင် နေထိုင်သူများမှာ သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာ မရရှိသေးသကဲ့သို့ နွေရာသီ ရောက်တိုင်းတွင် ရေရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
သုဝဏ္ဏမြို့နယ် ၂၉ ရက်ကွက်တွင် စည်ပင်မှပေးဝေဖြန့်ဖြူးသည့် ရေမလာသည့် ပြဿနာ ရင်ဆိုင်နေရသည်မှာ ၆ လ ခန့်ရှိပြီ ဖြစ်ပြီး ယခုရက်ပိုင်းတွင် ပိုမိုဆိုးဝါးလာကာ ညသန်းခေါင်ကျော် ၁ နာရီမှ နံနက် ၅ နာရီ အထိ ရေစောင့်တင်သော်လည်း လုံး၀ မရရှိတော့ကြောင်း ယင်းရပ်ကွက် မီးဒုံး ၁ လမ်းတွင် နေထိုင်သူ ကိုဇော်မင်းထွန်းက ပြောသည်။
“၂၀၀၇ ခုနှစ်က စပြီးတော့ စည်ပင်နဲ့ ကြံ့ခိုင်ရေး ပေါင်းပြီး ရေပေးတာ အခု ရေကောင်းကောင်း မရတာ တနှစ်ကျော်ပြီ။ ရပ်ကွက်ရုံးကို သွားပြော တော့လည်း မြို့နယ်ကို တင်ထားတယ်လို့ ပြောတယ်။ အရင်က ကျနော်တို့ ရတဲ့ရေကို ဟိုဘက်ခြမ်း ကိုလည်း မျှပေးရတယ်။ အခုမပေးနိုင်တော့ဘူး။ ကြာလာရင် ရေကို သူရတယ်၊ ငါမရဘူးဆိုပြီး လူမှုရေး ပြဿနာတွေပါ တက်လာနိုင်တယ်” ဟု သူက ရှင်းပြသည်။
လှိုင်သာယာ မြို့နယ် အပြင်ပဒန် ကျေးရွာတွင် ရေကန်ကြီးတကန်မှ ရေကို အနီးရှိ တိုးချဲ့ရပ်ကွက် ကျေးရွာများမှ သုံးစွဲလျှက်ရှိရာ နောက်ပိုင်းတွင် ကန်ရေ ညစ်ညမ်းလာသောကြောင့် မိုးမကျမီ ကိုယ်ထူကိုယ်ထ ကန်တကန် ထပ်တူးနိုင်ရန် ကြိုးစားလျှက် ရှိကြောင်း ယင်းကျေးရွာမှ ကိုအောင်မင်းက ပြောသည်။
ယင်းရေကန်မှာ နွေရာသီတွင် ရေခန်း နည်းပါးသွားသောကြောင်း၊ ပန်းလှိုင်မြစ်မှ ရေကို သုံးစွဲရာ နုံးစော်နံသောကြောင့် ရေရရှိမည့် တခြားနည်းလမ်းတခုကို ရှာဖွေလျှက်ရှိကြောင်း သူက ပြောသည်။
“ပြဿနာက စက်မှုဇုန်က စွန့်ပစ်ရေတွေကြောင့် ကန်က ရေလည်းမသန့်တော့ဘူး၊ မြစ်ရေကို သောက်တော့လည်း နုံးစော်က နံ၊ သောက်စရာ မရှိတော့ ဒီရေကိုပဲ ညသိပ် သောက်ရတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် နေထိုင်သူအများစုမှာ သန့်ရှင်းသော သောက်ရေ၊ သုံးရေများနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပြီး နေ့စဉ်လိုအပ်သော ရေကို နီးစပ်ရာ ရေကန်၊ ရေတွင်းများမှ အကာအကွယ်မဲ့စွာ ခပ်ယူ သောက်သုံးလျှက်ရှိကြောင်း ဧရာဝတီနှင့် တွေ့ဆုံခဲ့သူများ၏ ပြောဆိုချက်အရ သိရသည်။
ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက် နဝရတ် လမ်းတွင် နေထိုင်သူ မမျိုးက အဝီစိမှ လာသည့်ရေမှ သံချေးစော်နံနေ၍ မနက် မိုးလင်းပိုင်း ရေပေါ်တွင် ဆီများ ဝေ့နေ၍ အနံ့ဆိုးရွားသောကြောင့် သောက်၍ လုံးဝမရကြောင်း ပြောသည်။
မြောက်ဒဂုံ မြို့နယ် ၃၃ ရပ်ကွက်တွင် တဧကခန့် ရှိသော ရေကန်တခုမှ ရေကို ကန်ပတ်ပတ်လည်တွင် နေထိုင်သူများက သောက်ရေ သုံးရေအဖြစ် အသုံးပြုကြပြီး တချို့မှာ ကျောက်ချဉ်နှင့် ထုံးခဲတို့ကို အသုံးပြု၍ သောက်သုံး ကြသော်လည်း တချို့မှာ ရေကို ညသိပ်၍ တိုက်ရိုက် သောက်သုံးကြသည်ကို တွေ့ရသည်။
ကြာပန်းများပွင့်နေသော ၎င်းရေကန်မှ ရေကို ကျန်မာရေး ဝန်ကြီးဋ္ဌာနမှ ဝန်ထမ်းများက ရေသန့်ဆေးများ ကျောက်ချဉ်များ လာရောက်ထည့်ပေးလေ့ ရှိကြောင်း၊ မိုးရာသီတွင် သောက်ရေ သုံးရေ ဖူလုံသော်လည်း နွေရာသီတွင် ရေအခက်အခဲ ရှိကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစား စက်မှုဝန်ထမ်း ဦးစိုးဝင်းက ဧရာဝတီသို့ ပြောသည်။
“ရေကို ဒီလိုပဲသောက်နေတာ ကြာပြီ။ ဘာရောဂါမှတော့ မဖြစ်ဘူး။ ဒီကန်က မိုးရာသီမှာ မိုးများရင်တော့ ရေလျှံတယ်။နွေရာသီ ရောက်ရင်တော့ သောက်ရေအတွက် နည်းနည်းခက်တယ်” ဟု သူက ဆိုသည်။
၎င်းရေကန် ပတ်ဝန်းကျင်တွင် နေထိုင်သူအများစုမှာ လက်ဖြင့်နှိပ်ရသော တုံကင် တခုစီ ရှိကြပြီး ရေသုံးရန် လိုအပ်သောအခါ တုံကင်ကို အသုံးပြု၍ ရေရရှိရန် ကြိုးပမ်းကြရကြောင်း၊ တုံကင်နှင့် ပိုက်အတွက် ကျပ် ၅ သောင်း ခန့်ကုန်ကျကြောင်း သိရသည်။
“ရေက မိုးခေါင်ရင် ရှားတယ်။ သောက်စရာ လောက်ပဲရှိတယ်” ဟု ၃၃ ရပ်ကွက်တွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့သူ ဒေါ်လှကျင်က ဆိုသည်။
ဒေါ်လှကျင်က သူ၏အိမ်တွင် ကန်ရေကို ရာဝင်အိုးများဖြင့် လှောင်ထားကာ ညသိပ်၍ သောက်ရေအဖြစ် အသုံးပြုကြောင်း၊ မိုးရာသီတွင် ရရှိသိုလှောင်ထားသောရေကို နွေရာသီတွင် သောက်ရေအဖြစ် ပြန်လည် အသုံးပြုရကြောင်း ရှင်းပြသည်။
မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ဦးမြင့်ဇော်ကလည်း ယခုကဲသို့ ရေကို အကာအကွယ်မဲ့စွာ သောက်သုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော်လည်း ရပ်ကွက်လူထု အနေဖြင့် တခြားရွေးချယ်ခွင့် မရှိကြောင်း၊ စည်ပင်မှ ပေးဝေသော ရေမှာ ရပ်ကွက်တချို့သာ ရရှိသော်လည်း မြောက်ဒဂုံ မြို့နယ်ရှိ ရပ်ကွက်အများစုမှာ စည်ပင်ရေ မရရှိကြောင်း ပြောဆိုသည်။
“ရေသန့်ဗူးက တဗူးကို ၄၀၀ ရှိတယ်။ ဆိုင်မှာသွားယူရင် ၃၅၀ နဲ့ရတယ်။ ဒါပေမယ့် ဒီရပ်ကွက်မှာ အများစုက ရေသန့်ဗူး ဝယ်မသောက်နိုင် ကြဘူး။ ဒီလိုပဲ ကန်ရေ သောက်နေကြတာ” ဟု သူက ပြောသည်။
မြောက်ဒဂုံ မြို့နယ် ၄၀ ရပ်ကွက် ဗိုလ်တေဇလမ်းတွင် ကလေး ၃၀ ခန့်ကို စာသင်ပေးနေသော ဆရာမ ဒေါ်ဆိုင်းထွယ်က အဝီစိတွင်းမှ ရရှိသော မြေအောက်ရေမှာ သောက်၍ မရသောကြောင့် ရေသန့်စက် တပ်ဆင်ကာ သောက်ရေ အဖြစ် အသုံးပြုနေရကြောင်း ပြောသည်။
“ကလေးတွေကတော့ တနေ့ကို ရေသန့် နှစ်ဗူးလောက်တော့ သောက်ကြတယ်။ အခုအချိန်က ရေရှားတော့ ခဏခဏ မသောက်ဖို့ ပြောပေမယ့် ခိုးသောက်ကြတယ်။ ရေသန့်စက်ကလည်း ရေတဗူးရဖို့ တနာရီလောက် ကြာတယ်။ ရေကလည်း မီးအားမပြည့်တော့ တင်ချင်းတိုင်း တင်လို့မရဘူး” ဟု ၎င်းဆရာမက ဆိုသည်။
နွေရာသီဖြစ်သော မတ်၊ ဧပြီနှင့် မေလများတွင် နှစ်စဉ် သောက်ရေအတွက် အခက်အခဲရှိကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြပြီး ရန်ကုန်ဆင်ခြေဖုံး လူထု မှာလည်း ရရှိသော ရေကိုပင် ယုံကြည်စွာ ပုံစံမျိုးစုံဖြင့် ကျောက်ချဉ်ထည့်၍ လည်းကောင်း၊ ကျိုချက်၍လည်းကောင်း သောက်သုံးလျှက် ရှိသည်ကို တွေ့ရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်မြို့ ရေကောင်းရေသန့် ရရှိရန် ပူးတွဲ အကောင်အထည် ဖော်လျက်ရှိသော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်မြို့ပြစီမံကိန်း (Master Plan) အတွက် ကျွမ်းကျင်သူ ပညာရှင် ၃၀ လာရောက်လေ့လာခဲ့ရာ ရန်ကုန်မြို့ ဧရိယာတွင် ရေကောင်း ရေသန့် ရရှိရန် ဆောင်ရွက်ပေးမည့် အစီအစဉ် အဆင့် (Planned Target 1/2) ပါဝင်သည်ဟု သိရသည်။
ယင်းအဖွဲ့က ရန်ကုန်မြို့ပတ်ဝန်းကျင် ဧရိယာ၌ ရေကောင်းရေသန့် ရရှိရန်အတွက် လေ့လာခဲ့ရာ သက္ကရာဇ် ၂၀၄၀ ခုနှစ် ရောက်မှသာ မြို့ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့် ရေသန့် ရရှိမည် ဖြစ်ကြောင်း Planned Target 1 တွင် ဖော်ပြထားသည်။
ယင်း Master Plan ၏ အဆိုအရ ရန်ကုန်မြို့သည် ၂၀၁၁ ခုနှစ်တွင် ၃၉ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၄၈ ရာခိုင်နှုန်း၊ ၂၀၂၅ တွင် ၅၈ ရာခိုင်နှုန်းနှင့် ၂၀၄၀ တွင် ၈၀ ရာခိုင်နှုန်း အထိ ရေသန့် ရရှိမည်ဟု ဖော်ပြထားပြီး ရန်ကုန်မြို့ပတ်ဝန်းကျင် ဧရိယာ ရေသန့် ရရှိမည့် အခြေအနေမှာ မြို့ဧရိယာထက် ပိုမို လျော့နည်းမည် ဖြစ်သည်။
JICA က ရန်ကုန်မြို့ ရေကောင်းရေသန့် ဖြန့်ဖြူးရေးနှင့် ပတ်သက်၍ အခြေခံအဆောက်အအုံ ခိုင်မာကောင်းမွန်ရန်နှင့် မျှတသော ဖြန့်ဝေမှု ပြုလုပ်ရန် လိုအပ်ကြောင်း Master Plan တွင် အကြံပြုထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးကမူ ရန်ကုန်လူထုသည် သောက်ရေသန့်ကို ယခင်ကထက် ပိုမိုရရှိလာပြီး ကော်မတီ အနေဖြင့်လည်း ပြည်သူများ ရေကောင်းရေသန့် ရရှိရန် စီမံကိန်းများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဋ္ဌာန (ရေနှင့် သန့်ရှင်းမှု) မှ တာဝန်ရှိသူနှင့် တွေ့ဆုံခွင့် ရရှိရန် ၄ ရက်ခန့် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။