လာမည့် မေလကုန်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာပြည်သို့ လာရောက်မည်ဟု ကျိုဒို သတင်းအရ သိရသည်။
ဂျပန်အစိုးရအရာရှိတဦးကို ကိုးကား၍ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ရန်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဂျပန်တို့ အရှိန်မြှင့် ကူညီအားပေးရေး ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းက ဖော်ပြထားသည်။
ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် မေ ၂၅၊ ၂၆ ရက်များတွင် ဖြစ်နိုင်ဖွယ် ရှိသည်။ ဂျပန်ဝန်ကြီးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်မည်။ ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယို ဖုကုဒ မြန်မာပြည်သို့ လာခဲ့ဖူးသည်။
ဂျပန်ဝန်ကြီးချုပ်သည် လွန်ခဲ့သည့် သီတင်းပတ်များက ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ခရီးစဉ်အတွင်း ထပ်မံ တွေ့ဆုံမည်ဟုလည်း သိရသည်။
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပွဲ အတွင်း ဂျပန်ဝန်ကြီးချုပ်သည် သဘာ၀၀န်းကျင်ဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြား အခြေခံအဆောက်အအုံများ၌ အကူအညီ ပေးရေး ဆွေးနွေးမည်ဟု ခန့်မှန်းပြောဆိုမှုများရှိသည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစုဒေသများတွင်း ကျောင်းများ တည်ဆောက်ပေးခြင်း၊ နည်းပညာဆိုင်ရာများ အကူအညီပေးခြင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက်လည်း အားပေးလုပ်ဆောင်ပေးခြင်း စသည့် အစီအစဉ်များကိုလည်း ဆွေးနွေးမည်ဟုလည်း မျှော်လင့်ရသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ စတင်ပြုလုပ်ကတည်းက ဂျပန်နိုင်ငံသည် မြန်မာ့ ဒီမိုကရေစီကူးပြောင်းရေး၊ ဆိပ်ကမ်း နှင့် နယ်ပယ်စုံ တည်ဆောက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းများတွင် အကူအညီပေးနေခဲ့ခြင်း ဖြစ်သည်။ မြန်မာ၏ နိုင်ငံခြား အကြွေးများကိုလည်း ဂျပန်က ဝင်ဆပ်ပေးခဲ့သည်။