ဧပြီလ ၂၃ ရက် ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးစလုံးကို ယခုအခါ ခလရ (၇၅) တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့က ပြုလုပ်သော သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦး၏ ဈာပနသို့ လာရောက်၍ DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်းထောက်များအား ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိပြီး တပ်မတော်သားများ ဖြစ်နေခဲ့သည်။
အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းသို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရသည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ငယ်စဉ်မှ ဘွဲ့ရသည်အထိ ပညာသင်ကြားပေးခဲ့သူ မဟာဇေယျုံကျောင်းတိုက် ဆရာတော်ဦးဉာဏိဃအား လျှောက်ထားပြောကြားခဲ့သည်။
သေဆုံးသူ မောင်ဇော်မင်းဦးသည် မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ၇ နှစ်သားအရွယ်မှ စတင်ကာ ကျောင်းထိုင်ဆရာတော်မှ သားတပည့်အဖြစ် မွေးစားခဲ့ကြောင်း၊ အထူးပြု ပထဝီဘာသာရပ်ဖြင့် ဘွဲ့ရသည်အထိ နေထိုင်ခဲ့ပြီး ၎င်း ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တယောက်လည်းဖြစ်ကြောင်း သိရသည်။
မယာဇေယျုံဆရာတော်က ယခုကဲ့သို့ သားတပည့်သေဆုံးရမှုနှင့် ပတ်သက်၍ တူညီသော တန်ဖိုးအဖြစ် နောက်နောင်ကို အခုလိုဖြစ်ရပ်မျိုး ထပ်မံ မပေါ်ပေါက်စေရန် တာဝန်ရှိသူများ ပြုပြင်သင့်ကြောင်း မိန့်ကြားခဲ့သည်။
“သေသွားတာက သားတပည့်၊ သိပ်လိမ္မာတဲ့ ကလေး၊ ၂ တန်းနှစ် ကတည်းက ကျောင်းမှာ ခေါ်ထားတာ၊ နှမြောတော့ နှမြောတာပေါ့။ အဲဒါနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးဖို့တော့ ဘုန်းဘုန်း တောင်းလိုက်တယ်။ အဲဒီ လျှော်ကြေးက အခြားမဟုတ်ဘူး။ နောက်နောင်ကို အခုလို ဖြစ်ရပ်မျိုး မဖြစ်အောင် တာဝန်ရှိသူတွေ လုပ်ဆောင်ပါလို့ စစ်တပ်ရော၊ ရဲရော လာတုန်းက ဘုန်းဘုန်းပြောလိုက်တယ်။ တရားခံ ဖော်ထုတ်တာတွေ မထုတ်တာတွေ ဘုန်းဘုန်း မပြောလိုဘူး။ နောင်ကို မဖြစ်အောင်ပဲ ကြိုးစားဆောင်ရွက်စေချင်တယ်” ဟု မဟာဇေယျုံ ကျောင်းတိုက် ဆရာတော် ဦးဉာဏိဃက ဧရာဝတီသို့ မိန့်သည်။
ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းအမှုနှင့် ပတ်သက်၍ ရက်ပိုင်းအတွင်း အမြန်ဆုံး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လူသတ်မှုနှင့် ပတ်သတ်ပြီး တပ်မတော်သားများ သတ်ဖြတ်သည် မှန်ကန်ပါက တပ်တွင်းစစ်ခုံရုံးမှ စစ်ဆေးခံရပြီး အရပ်ဘက်တရားရုံးသို့ ပြန်လည်လွှဲပြောင်းကာ ထပ်မံစစ်ဆေးခံရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများကို တရားစီရင်ရာတွင် လုပ်ထုံးလုပ်နည်းအရ အမှုကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။
သေဆုံးသူထံမှ DNA ရှာဖွေထုတ်ယူပြီး အထိန်းသိမ်းခံ သုံးဦးတို့၏ DNA နှင့် တိုက်ယူစစ်ဆေးသွားမည်ဟု ၎င်းအမှုနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်လေးက ပြောသည်။
“လက်သည်းကြားတွေ ဘာတွေထဲမှာ ကုတ်လိုက်မိတာမျိုးပဲ ဖြစ်ဖြစ် သေဆုံးသူထံက ကျူးလွန်သူတွေရဲ့ DNA ရှိကောင်းရှိနိုင်မယ်၊ ထွက်လာတာနဲ့ ထိန်းသိမ်းခံထားရတဲ့ လူတွေရဲ့ DNA ကို တိုက်ဆိုင်စစ်ဆေးသွားမှာ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ ဇော်မင်းဦးအား ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ပြည်မြို့အေးငြိမ်းရာ သုသာန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ထောင်ချီသော မြို့ခံလူထုမှ ဈာပနကို လိုက်လံပို့ဆောင်ပေးခဲ့သည်။ အလောင်းတွင်လည်း “အမှန်တရားကို ဖော်ထုတ်ပေးကြပါ” စာသားပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့သည်။ လိုက်လံပို့ဆောင်သူများကလည်း အဆိုပါစာသားပါသည့် စာတန်းများကို ကားများ၊ ဆိုင်ကယ်များနှင့် ဦးထုပ်များတွင် ကပ်၍ အသုဘ ပို့ခဲ့ကြသည်။