သတင်း

သမဝန်ကြီး ဦးကျော်ဆန်း အသေးစား ငွေချေးမည်

This article has been converted from Zawgyi One to Unicode

မြို့ပြနေ အခြေခံအလုပ်သမားများကို သမဝါယမဝန်ကြီးဌာနမှ အသေးစား ချေးငွေများထုတ်ချေးပေးရန် စီစဉ်နေပြီး လုပ်ငန်းစဉ်ကလည်း ကမ္ဘာကျော်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်၏ ဂရာမင်ဘဏ်ကဲ့သို့ ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် ဖြစ်သည်။

သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဧရာဝတီသို့ ပြောကြားရာတွင် ချေးငွေချေးယူရန် မြို့ပြနေ အခြေခံလုပ်သားများအနေဖြင့် မူလအစတွင် ဝိုင်းကြီးချုပ် ၅ ဦးဖြင့် စတင်စုစည်းရမည်ဖြစ်ပြီး ၎င်းမှတဆင့် သမအသင်းတစ်ခု ဖွဲ့စည်းရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းရာတွင် ဝိုင်းကြီးအဖွဲ့မှ စတင်သည့် သက်ဆိုင်ရာစက်ရုံ ကိုယ်စားပြု အခြေခံအသင်း၊ ထိုသို့အသင်းများ စုစည်းထားသော မြို့နယ်ကိုယ်စားပြု သမအသင်း၊ ၎င်းမှတဆင့် တိုင်းဒေသ/ ပြည်နယ်ဆိုင်ရာ ကိုယ်စားပြု တိုင်းဒေသ/ပြည်နယ် သမအသင်းဟူ၍ ဖွဲ့စည်းခွင့် ပေးသွားမည်ဟု ဆိုသည်။

“စစချင်း ဝိုင်းကြီးချုပ်အနေနဲ့ ဖွဲ့တဲ့ ၅ ဦးအနေနဲ့ စည်းကမ်းချက် ၃ ခု ရှိတယ်။ အဲဒါ လိုက်နာရပါမယ်။ ဒီ ၅ ယောက်က သူ့ဘာသာ သူ ထိန်းရမယ်။ ဒီမှာ ဝန်ကြီးဌာနက ဘာမှဝင် ရောက် စွက်ဖက်မှာ မဟုတ်ဘူး။ အသင်းတခုဖြစ်ဖို့ဆို အနည်းဆုံး ဝိုင်းကြီးချုပ် ၅ ဦး အဖွဲ့တွေ ၅ ဖွဲ့နဲ့အထက် ရှိရပါမယ်”ဟု ဆိုသည်။

အဆိုပါ သတ်မှတ်ထားသော စည်းကမ်းချက် ၃ ခုမှာ ငွေကြေးများပေါ်တွင် ချေးဌားပေးသောငွေကြေးကို အလွဲသုံးစား မလုပ်ရန်၊ ချေးယူသည့်ငွေကြေးကို သုံးစွဲရန် တင်ပြသည့် အကြောင်းအရာ သို့မဟုတ် အကျိုးရှိရှိ သုံးစွဲခြင်း ရှိမရှိ စစ်ဆေးရန်၊ သတ်မှတ်ချိန်တွင်း ပြန်လည်ပေးဆပ်ရန် တဦးဦးက ပျက်ကွက်ပါက ကျန်လေးဦးမှ တာဝန်ယူ ဆပ်ပေးရန် စသည့် စည်းကမ်းများ လိုက်နာရမှာဖြစ်သည်။ အဆိုပါ ဝိုင်းကြီးချုပ် ၅ ဦးမှအစပြုကာ စက်ရုံအလိုက် သမဝါယမအသင်းများ ဖွဲ့စည်းရမည်ဟု သိရသည်။

“ သမဝါယမအသင်းဖွဲ့ပြီဆိုရင် ဥက္ကဌ၊ အတွင်းရေးမှုး၊ ငွေကိုင် စတဲ့ အမှုဆောင် အသင်းဝင်တွေကို ကိုယ့်ဘာသာ ရွေးချယ်ရပါမယ်။ အတိတ်တုန်းကလို ဝန်ကြီး ဌာန တာဝန်ရှိသူတွေက အသင်းဖွဲ့စည်းရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ ဘာမှလုပ်ဆောင် သွားမှာမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို အသင်းတွေက လိုက်နာမှုမရှိရင်ဘဲ ဌာနအနေနဲ့ကြပ်မတ်သွားမယ်။ ကျန်တဲ့အချိန်တော့ အသင်းသားတွေ စိတ်ကြိုက် သူ့ဘာသာ ရပ်တည်သွားရမှာပါ။ ငွေကြေးပိုင်းလည်း သူတို့ပဲ ကိုင်ရမယ်။  ဌာနက ချေးငွေပဲ ချပေးမှာပါ။ စွက်ဖက်တာနဲ့ကြပ်မတ်တာ မဆိုင်ပါဘူး။ အရင် စနစ်ဟောင်းတုန်းကလို ဝန်ကြီးဌာနက အသင်းတွေနဲ့ ရောထွေးမှုတွေ မရှိအောင် တင်းကျပ်စွာ တားမြစ်ထားပါတယ်။ သမ အသင်းတွေ အရင်က မအောင်မြင်ခဲ့တာ ဒါကြောင့်ပါဘဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်ရှိတဲ့ သဘောပါ”ဟု ဦးကျော်ဆန်းက ဧရာဝတီသို့ ပြောသည်။

အသင်းလုပ်ငန်းဆိုင်ရာများကို လုပ်ဆောင်မည့် အသင်းဝင်များအတွက် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ရေး သင်တန်းများကို ဌာနမှ အခမဲ့ သင်ပေးသွားမည်ဖြစ်ပြီး ချေးယူမည့်သူ၊ ချေးယူသည့်ပမာဏကို အမှုဆောင်အသင်းဝင်မှ ဝန်ကြီးဌာန သို့ တာဝန်ယူ တင်ပြရမည်ဟုလည်း ဆိုသည်။

“ချေးငွေချေးသူဟာ ပထမအနေနဲ့ စစချင်းချေးပြီဆိုရင် မစုမနေရ ငွေ ၅၀၀၀ စုပေးရမယ်။ ဒါက အသင်းသားငွေကြေး ဖြစ်ပါတယ်။ ဒုတိယအကြိမ် အဲဒီအထက်ချေးခွင့်ရရင် ချေးသူကချေးတဲ့ငွေကြေးရဲ့ ၁၀ရာခိုင်နှုန်း ပေးရပါမယ်။ ဒီမှာချေးငွေမှန်မှန် ကန်ကန် ပြန်ဆပ်သူတွေကို ငွေချေးပမာဏ ထပ်တိုးချေးသွားမှာပါ” ဟု ဦးကျော်ဆန်းက ပြောသည်။

ချေးယူသည့် ငွေပမာဏအတွက် ဝန်ဆောင်စရိတ်အနေဖြင့် ငွေကျပ် ၁၀၀ လျှင် ၂ ကျပ်ခွဲ နှုန်းကို ငွေချေးသူမှ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ကြောင်း၊ ၎င်းပေးဆောင်သည့် ၂ ကျပ်ခွဲမှ ၇၅ ပြားကို အခြေခံအသင်း ရန်ပုံငွေ အဖြစ် ဝန်ကြီးဌာနမှ အသင်းကို ပြန်လည် ပေးအပ်မှာ ဖြစ်ကြောင်း၊ ပြား ၄၀ ကို မြို့နယ် သမအသင်းစုသို့ ၎င်း၊ တိုင်းဒေသကြီးအဆင့် သမအသင်းစုကို ပြား ၂၀၊ အသေးစား ချေးငွေဘဏ် ကို ၄၂ ပြား  စသည်ဖြင့် အသီးသီးခွွဲဝေပေးမည်ဟုလည်း ဆိုသည်။

ယင်းသို့ စီမံချက်မှာ အသေးစားငွေချေးမှုများဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အထောက်အကူဖြစ်စေပြီး ရေရှည်တည်တံ့နိုင်သော လူမှုဖွံ့ဖြိုးရေးအခြေပြု စီးပွားရေးလုပ်ငန်း စံပြပုံစံလည်း တည်ဆောက်ခြင်းကြောင့် နိုဘဲလ်ငြိမ်းချမ်းရေးကို ချီးမြှင့်ခြင်း ခံရသည့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်၏ ဂရာမင်းဘဏ်၏ လုပ်ထုံးများနှင့် အလားသဏ္ဍာန် တူညီသည်။

ထို့ကြောင့် သမဝါယမ ဝန်ကြီး၏ စီမံချက် အောင်မြင်နိုင်ဖွယ် ရှိ မရှိ အခြားသက်ဆိုင်သူများထံ ဧရာဝတီက မေးမြန်းခဲ့သည်။

တိုင်ရီ စက်ရုံ အခြေခံအလုပ်သမားအဖွဲ့၁ မှ ဥက္ကဌ မမိုးဝေက “သမအသင်းတွေဖွဲ့ဖို့ အဆင်ပြေ မပြေ ဆိုတာပြောဖို့ ခက်ပါသေးတယ်။ ဒီလို သမအသင်းတွေဖွဲ့ဖို့မှာ အလုပ်သမားတွေမှာ အခက်အခဲ ရှိလာနိုင်မယ်။ အလုပ်သမားတဦး အနေနဲ့ ချေးငွေထုတ်ချေးဖို့မှာက လုပ်ငန်းခွင်တည်မြဲမှုရှိဖို့ လိုပါတယ်။ အဲလို မရှိခဲ့ရင် သူတို့ပြောသလို အမှုဆောင်ထဲမှာပါပါ ဝိုင်းကြီးပတ်အဖွဲ့ထဲမှာဘဲပါပါ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်တချက်က အချိန် အခက်အခဲပါဘဲ။ ငွေကြေးလုပ်ငန်းတခုဖြစ်လို့ အလုပ်ချိန်အတွင်းမှာ လုပ်တဲ့အခါ အလုပ်ရှင်က လက်ခံမလား။ ဒီအတွက် အချိန်သီးသန့် ပေးမလား ဆိုတာက လုပ်ငန်းရှင်တွေကိုအနေနဲ့ တခုခုကို ခွင့်ပြုပေးစေချင်ပါတယ်” ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင် ဥက္ကဌ ဦးမြင့်စိုးကမူ “ဒီလို သမအသင်းတွေပေါ်ဖို့ ကျနော်တို့အသင်းနဲ့ အလုပ်သမားဝန်ကြီးဌာနတို့က စဉ်းစားမိပြီး လုပ်ဖြစ်ခဲ့တာပါ။ သမအသင်းတွေဖွဲ့ဖို့ အထည်ချုပ်လုပ်ငန်းရှင်တွေကို အသင်းကနေ ညှိနှိုင်းခဲ့ပြီးပါပြီ။ လုပ်ငန်းရှင်တွေကလည်း အလုပ်သမားတွေ ဖွဲ့စည်းဖို့ လက်ခံတယ်လို့ပြောထားပြီးပါပြီ။ အလုပ်သမားတွေအနေနဲ့ ဒီ သမအသင်းဖွဲ့တဲ့ခါမှာ လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့လည်း အသင်းချုပ်အနေနဲ့ စီစဉ်ကူညီပေးမှာပါ။ သမအသင်းဖွဲ့တဲ့ခါ လိုအပ်တဲ့ စာရင်းဇယား ကိုင်တွယ်တာမှာ အခက် အခဲတွေရှိမယ်ဆိုရင် အကူအညီတောင်းတယ်ဆိုရင် အထည်ချုပ်လုပ်ငန်းရှင် အဖွဲ့ရဲ့ စီမံခန့်ခွဲရေးဌာနက ကူညီပေးသွားမှာပါ” ဟု ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် သမဝါယမဝန်ကြီးဌာနမှ အသေးစားချေးငွေများ ထုတ်ချေးရန် ကျပ်ဘီလီယံပေါင်း ၅၀ကျော် သုံးစွဲရန် လျာထားကြောင်း၊ ပထမတွင် ၂၀ ဘီလီယံ၊ ဒုတိယတွင် ၂၀ ဘီလီယံ၊ တတိယတွင် ၁၀ ဘီလီယံကျော် သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

“ချေးငွေပြန်ဆပ်တဲ့ကာလကိုတော့ အားလုံး ဝိုင်း တိုင်ပင်ရမှာပါ။ မွေးမြူရေးသမားတွေကို ၆ လ သတ်မှတ်တယ်။ နောက် စိုက်ပျိုးရေးမှာဆို စပါးစိုက်တဲ့သူကို ၄ လ၊ နှမ်းစိုက်ဆိုရင် ၃ လ အဲလို သတ်မှတ်ပေးထားပါတယ်။ ပြန်ဆပ်ကာလက စက်ရုံတရုံနဲ့တရုံ တူချင်မှတူမယ်။ ချေးတာမှာလည်း ငွေ ပိုရင်ပိုသလို ထပ်တိုးချေးတာတွေ လုပ်မယ်”ဟု သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံးအနေဖြင့် သမအသင်းပေါင်း တသောင်း ရှစ်ထောင်ကျော် ဖွဲ့စည်းပြီးဖြစ်ပြီး ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်  တွင် နောက်ထပ် အသင်းအဖွဲ့ပေါင်း ငါးထောင်ကျော် ထပ်မံဖွဲ့စည်းသွားရန်ရှိကြောင်း ဦးကျော်ဆန်းက ဆိုသည်။

Loading