မြန်မာနိုင်ငံသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ထဲမှာ ရောက်ရှိနေပြီး အဆိုပါ အသွင်ကူးပြောင်းမှု၏ အပြင်ပန်း ပုံသဏ္ဍန် အခြေအနေအရ ကုန်လွန်ခဲ့သော အနည်းဆုံး ရာစုနှစ်သက်တမ်း တဝက်ခန့် အခြေအနေထက်စာလျှင် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးသည် “စိတ်ဝင်စားသူတိုင်း ဝင်ရောက်နိုင်သောနေရာ” ဖြစ်လာနေသည်။ စစ်တပ်၏ တိုက်ရိုက်ချုပ်ကိုင်မှုကား ပြီးဆုံးသွားခဲ့ပြီ။ အနည်းဆုံးတော့ ခုအချိန်ထိ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ထိပ်တန်း အစိုးရရာထူးကြီးများကို ကိုင်ထားသူများ၏ ကြန်အင်လက္ခဏာများကမူ သိသိသာသာကြီး ပြောင်းလဲမှုများ မရှိသေး (ဤရာထူးကြီးများကို ကိုင်ထားသူများသည် ယောကျာ်သားများ၊ ဗမာလူမျိုးများ၊ အငြိမ်းစားယူထားသော၊ သို့မဟုတ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော စစ်အရာရှိကြီးများသာ ဖြစ်နေသေး) သည့်တိုင် အုပ်စိုးပုံအုပ်စိုးနည်းကို ပြောင်းလဲစေသော နိုင်ငံရေးအရ ချောမွေ့ပြေပြစ်မှု (အရှည်သဘော ရွေ့လျောပြောင်းလဲမှု) အသစ်တရပ် ရှိနေပါသည်။ စစ်တပ်၏ အခွင့်ထူးများ (ဆယ်စုနှစ်များနှင့် ချီ၍ “အမျိုးသား လုံခြုံရေး အမိန့်အာဏာ” အရ တည်ရှိခဲ့သော) ကို မမျှော်လင့်ဘဲ လွန်ခဲ့သော ၁၈ လ အတွင်းမှာ လျှော့ချခဲ့သည့်အပြင် ပွင့်လင်းသော နိုင်ငံရေးဖြစ်စဉ်တရပ် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ်လည်း သဘောမထားတော့ချေ။
ဤနိုင်ငံရေးဖြစ်စဉ်ကို တပ်မတော် (ကာကွယ်ရေးဌာန) အကြီးအကဲများက အဓိပ္ပာယ်သတ်မှတ်ပေးပြီး ချုပ်ကိုင် ထားပါသည်။ ထိုသူတို့သည် လူထု ကန့်ကွက်ဆန္ဒပြပွဲများကြောင့် သော်လည်းကောင်း၊ စစ်ပွဲရှုံးနိမ့်မှုကြောင့် သော်လည်းကောင်း၊ စစ်တပ်ကို ချိနဲ့သွားစေသော တပ်တွင်းပြိုကွဲမှုကြောင့် သော်လည်းကောင်း ဤနိုင်ငံရေးဖြစ်စဉ်ကို လုပ်ဆောင်ကြခြင်း မဟုတ်ချေ။ သူတို့အင်အားကို ခိုင်မာအောင် တည်ဆောက်ပြီးမှသာ ဤသို့လုပ် နေကြခြင်း ဖြစ်သည်။
အဓိကကျသော မူဝါဒရေးဆွဲရေး အာဏာကို စစ်တပ်၏ ထိပ်ဆုံးခေါင်းဆောင်များ လက်ဝယ်မှာ စုစည်းထားခြင်း မရှိတော့သည့်တိုင် ၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေနှင့် အငြိမ်းစား ဗိုလ်ချုပ်များမှာ ရှိနေသေးသော သြဇာအရှိန်အဝါတို့ကြောင့် စစ်တပ်အဖွဲ့အစည်း တခုလုံး၏ အကျိုးစီးပွားနှင့် စစ်အရာရှိကြီးများ၊ ၎င်းတို့ မိသားစုများ၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားများကို ဆက်လက် အကာအကွယ်ပေးထားသည်။ အခြားသော အရှေ့တောင်အာရှ တိုင်းပြည်များမှာကဲသို့ပင် နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ဖျက်သိမ်းရေးနှင့် အရပ်သားများက စစ်တပ်ကို ဒီမိုကရေစီနည်းအရ ချုပ်ကိုင်ရေးသည် မရေရာ မသေချာဘဲ ရှိနေဦးမည်သာ ဖြစ်သည်။
အရပ်သားများ အုပ်ချုပ်သော ပါလီမန်ခေတ်တုန်းက (၁၉၄၈-၅၈ ခုနှစ်နှင့် ၁၉၆၀-၆၂ ခုနှစ်များက) ပင်လျှင် တပ်မတော်က နိုင်ငံရေးမှာ ပါခဲ့သည်ချည်း ဖြစ်သည်။ အမျိုးသားရေးမှာ “ဦးဆောင်မှု အခန်းကဏ္ဍ” မှနေ၍ ပါဝင်ခဲ့သည်ဟု တပ်မတော်က ပြောဆိုခြင်းသည် ၂၀ ရာစုနှစ် အတွင်း ဗြိတိသျှနှင့် ဂျပန်တို့ကို ဆန့်ကျင်ခဲ့သော ကိုလိုနီ ဆန့်ကျင်ရေးတိုက်ပွဲများ အတွင်းမှ စတင်ပါသည်။ လွတ်လပ်ရေး ရပြီးပြီးချင်းမှာပင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်ဟူသော အချက်က သူတို့သည် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးသူ ဟူသော စစ်တပ်၏ စိတ်နေစိတ်ထားကို အားပေးအားမြှောက်ပြုခဲ့သည်။
ကိုလိုနီ ခေတ်လွန်သမိုင်း၏ နှစ်ပေါင်း ၆၀ ကျော် ကာလတလျှောက်လုံး၊ တိုင်းပြည်တဝှမ်းလုံးမှာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် (လွန်ခဲ့သော နှစ် ၃၀ အတွင်းကမူ လူမျိုးစုများ အဓိကအားဖြင့် နေထိုင်ရာ နယ်စပ်ဒေသများမှာ ဖြစ်ပွားခဲ့သည်) က မြန်မာ့ နိုင်ငံရေး၏ သွင်ပြင်လက္ခဏာများကို ပြဌာန်းပေးခဲ့ပါသည်။ စစ်မက်ဖြစ်ပွားရာ နယ်မြေဒေသများရှိ သန်းပေါင်းများစွာသော ပြည်သူများအဖို့ တိုက်ပွဲများကြောင့် အကြမ်းဖက်ခြင်းနှင့် ရက်ရက်စက်စက် ပြုခြင်းတို့၏ ဒဏ်ကို နေ့စဉ် ခံကြရသည့် အပြင်၊ သူတို့သည် “ပြည်ထောင်စု မြန်မာနိုင်ငံ”သားများ ဖြစ်သည်ဟူသော စိတ်ဓာတ်ပါ ပျက်ယွင်းခဲ့ကြရသည်။
၁၉၈၈ ခုနှစ် မတိုင်မီက လက်နက်တပ်ဆင်မှု ညံ့ဖျင်းသော မြန်မာစစ်တပ်သည် ရန်ကုန်နှင့် ဝေးကွာသော သူပုန်များကို တိုက်ခိုက်ရာ ခြိုးခြိုးခြံခြံကျင့်ကြံ၍ တိုက်ခိုက်ခဲ့ရလေ့ရှိသည်။ ခြောက်သွေ့ရာသီများမှာသာ တိုက်ပွဲငယ်များကိုတိုက်ပြီး အောင်ပွဲ အနည်းအကျဉ်းမျှကို ရလေ့ရှိသည်။ စစ်ကို သဲသဲမဲမဲတိုက်ခြင်းကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေကြေးများ များစွာကုန်ကျခဲ့ရာ ရှေ့တန်း စစ်မျက်နှာနှင့် ဝေးရာမှာ နေနေကြသော မြန်မာများသည်ပင် စစ်ပွဲကြောင့် ဆုံးရှုံးနစ်နာမှု ဒဏ်ကို ခံခဲ့ကြရသည်။ အလယ်ပိုင်းဒေသ၊ တောင်ပိုင်းဒေသတို့တွင် အဓိကအားဖြင့် နေထိုင်ကြသော ဗမာလူမျိုးများနှင့် နယ်စပ်ဒေသများတွင် အဓိကအားဖြင့် နေထိုင်ကြသော လူမျိုးစု အမျိုးမျိုးတို့အကြားတွင် မသိနားမလည်မှုနှင့် မယုံကြည်မှုများ ရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုနှင့် အင်အားသုံး အကျပ်ကိုင်မှုတို့သည် ကိုလိုနီခေတ်လွန် မြန်မာအစိုးရများ လက်ထက်၏ (အာဏာပြိုင်ဖက် အချင်းချင်း တိုက်ခိုက်ရာမှာ ဖြစ်စေ။ အများစုဖြစ်သော ဗမာတို့နှင့် လူမျိုးစု ထိပ်သီးခေါင်းဆောင်တို့အကြား အားပြိုင်မှုမှာ ဖြစ်စေ) မြန်မာ့နိုင်ငံရေး မှာ အစဉ်သဖြင့် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံသားတို့သည် စစ်အုပ်ချုပ်ရေး စစ်စစ်အောက်တွင် နေထိုင်ခဲ့ကြရသည်။ စစ်အစိုးရသည် ၁၉၈၈ မှ ၁၉၉၇ ခုနှစ်အထိ မိမိကိုယ်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဟု ခေါ်ခဲ့သည်။ ထို့နောက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု ပြန်လည် အမည်ပေးခဲ့သည်။
၁၉၈၈ ခုနှစ်တွင် အာဏာရ ဆိုရှယ်လစ်အစိုးရကို ပြုတ်ကျစေခဲ့သော လူထုအုံကြွမှုကြီး ဖြစ်ပွားပြီးနောက်တွင် စစ်တပ် အကြီးအကဲများက အာရှဒေသတွင်းမှာ လူအင်အား အနည်းဆုံးနှင့် လက်နက်တပ်ဆင်မှု အညံ့ဖျင်းဆုံးဖြစ်လာခဲ့သော စစ်တပ်ကို ခေတ်မီအောင် မကြုံစဖူး ပြန်လည်တည်ဆောက်ခဲ့သည်။ စစ်သည်အင်အားသည် ၁၉၈၈ ခုနှစ်က ၁၈၀,၀၀၀ ရှိခဲ့ရာမှနေ၍ ၁၉၉၅ ခုနှစ်တွင် ၃၅၀,၀၀၀ ပတ်ဝန်းကျင်အထိ ရှိလာခဲ့သည်။
ပြိုကျသွားခဲ့သော နိုင်ငံတော်ကို ပြန်လည် တည်ဆောက်သော အားဖြင့် နဝတသည် စစ်တပ်၏ အမိန့်ပေး စနစ်အဆင့်ဆင့်ကို အုပ်ချုပ်ရေးနှင့် မူဝါဒဆုံးဖြတ်ရေး နယ်ပယ်များတွင်ပါ ချမှတ်ကျင့်သုံးခဲ့သည်။ စစ်တပ်၊ ၎င်း၏ နာမည်ဆိုးနှင့် ကျော်ကြားသော စစ်ထောက်လှမ်းရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် နယ်မြေအာဏာပိုင်တို့သည် မည်သည့် ဝေဖန်ရေးကိုဖြစ်စေ၊ မည်သည့် အတိုက်အခံကိုဖြစ်စေ၊ မည်သည့် အပြောအဆိုကိုဖြစ်စေ၊ “အမျိုးသားလုံခြုံရေး” အပေါ် ခြိမ်းခြောက်သည့် “နိုင်ငံရေး” အဖြစ် သဘောထားခဲ့သည်။ ဤကဲ့သို့သော “ခြိမ်းခြောက်မှုများ” ကို တန်ပြန်ရာ၌ သုံးနေကျနည်းလမ်းကား အကြမ်းဖက် နှိမ်နင်းခြင်းဖြစ်သည်။ မိမိကိုယ်မိမိ တိုင်းပြည်ကို ကယ်တင်သူနှင့် ကာကွယ် စောင့်ရှောက်သူ အဖြစ်မှတ်ယူနေသော စစ်တပ်က ဤသို့ အကြမ်းဖက်နှိမ်နင်းသည် တရားမျှတသည်ဟု မြင်နေလေ့ရှိသည်။
၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ” သို့ ဦးတည်သော အဆင့် (၇) ဆင့်ပါ လမ်းပြ မြေပုံကို ချမှတ်ခဲ့သည်။ ဤလမ်းပြမြေပုံ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွေးဖွားပေးခဲ့သော အမျိုးသားညီလာခံလည်း အပါအဝင် ဖြစ်သည်။ မင်းဇင်နှင့် ဘရိုင်ယန် ဂျိုးဆက်ဖ် (Brian Joseph) တို့ ဆိုခဲ့သည့်အတိုင်းပင် သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်ကစ၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ထို အခြေခံဥပဒေအရ တရားဥပဒေဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အာဏာများကို စစ်အစိုးရ ခေတ်လွန်အစိုးရနှင့် စစ်အစိုးရခေတ်လွန် စစ်တပ်တို့အကြားတွင် ခွဲဝေသတ်မှတ်ထားပုံက အများ ကြိုတွက်ထားသည်များနှင့် ကွာခြားသွားခဲ့သည်။
ဤသို့ ကွဲပြားကွာခြားမှုသည် အရေးကြီးပုံရသည်။ အစိုးရသည် နိုင်ငံရေးတွင် နည်းပရိယာယ်ကို (နုတ်ထွက်သွားသူ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျှော်လင့်ထားပုံရသည်ထက် များစွာပို၍) ပျော့ပြောင်းစွာ (အရှည်သဘောဆန်သည့် အခြေအနေကို) ကျင့်သုံးခဲ့သည်။ ဦးသန်းရွှေသည် သူ၏ အကျိုးစီးပွားကို လည်းကောင်း၊ သူ့မိသားစု အကျိုးစီးပွားကို လည်းကောင်း၊ သူ့စီးပွားရေးလုပ်ငန်း အကျိုးစီးပွားကို လည်းကောင်း၊ ခြိမ်းခြောက် မခံရရေးအတွက် အစိုးရအဖွဲ့ထဲမှာရော စစ်တပ်ထဲမှာပါ သူ၏ အရိုက်အရာ ဆက်ခံမည်သူများကို ခေါင်းခေါက်ရွေးခဲ့သည်ဟု ယူဆရသည်။ အသက် (၇၈) နှစ်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အဘယ့်ကြောင့် သမ္မတရာထူးကို မယူဘဲ ဖယ်ရှောင်သွားခဲ့ကြောင်း မိမိတို့ မသိရချေ။ မိမိတို့သိရသည်ကား သမ္မတရာထူးကို ယူလိုက်သည်နှင့် တပြိုင်နက် ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ကြိုးဆွဲနိုင်စွမ်း မရှိနိုင်တော့ခြင်းပင် ဖြစ်ပါသည်။
အရေးကြီးဆုံးကား နေရာကောင်းကောင်း ရထားသော ပြုပြင်ပြောင်းလဲရေး လိုလားသည့်သူများနှင့် အဖွဲ့အစည်းများက “သတ်မှတ်ပေးထားသည်ထက် ကျော်လွန်” ကာ စနစ်သစ်တွင် ပီပြင်ရှင်းလင်းမှု မရှိသေးသော စည်းမျဉ်းစည်းကမ်းများကို မည်မျှအထိ လိုသလို အသုံးချမည်၊ လိုရာအသုံးချနိုင်သည် တို့ကိုလည်း ဦးသန်းရွှေ သိပုံမရခဲ့ခြင်းပင် ဖြစ်သည်။ ဦးသန်းရွှေ၏ ဗိုလ်ချုပ်ဟောင်းများထဲက အချို့သည် ပြုပြင်ပြောင်းလဲရေး လုပ်လိုစိတ်ရှိသော်လည်း မလုပ်နိုင်ဘဲ မျိုသိပ်ထားခဲ့ရခြင်းကို ရိပ်မိခဲ့သူဟူ၍ မရှိသလောက်ရှားသည်။ ဦးသန်းရွှေ၏ အနားယူသွားခြင်း၊ တိုက်ရိုက် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားခြင်း၊ အဖွဲ့အစည်းသစ်များ ပေါ်ထွက်လာခြင်း စသောအခြေအနေတို့ကို အရေးပါသောပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အနည်းစုလေးက ၂၀၁၁ ခုနှစ်အတွင်းမှာ အသုံးချခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်၏ ရန်သူတော် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထိပ်သီးချင်း ပြန်လည် သင့်မြတ်ရေး အတွက်သာမက၊ စစ်တပ်၏ တချိန်က အကန့်အသတ်မရှိသော မူဝါဒ ဆုံးဖြတ်ခွင့်အာဏာကို လျှော့ချကန့်သတ်ရေးအတွက်ပါ သူတို့က အသုံးချခဲ့သည်။
စစ်အစိုးရခေတ်လွန် “နိုင်ငံရေး” နှင့် “အမျိုးသားလုံခြုံရေး”
၂၀၁၁ ခုနှစ်၊ မတ်လတွင် ပြုလုပ်ခဲ့သော လူမသိရှင်မကြား ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးနောက် ဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့တို့သည် စစ်ဦးစီးဌာနချုပ်ကဲ့သို့ မဟုတ်မူဘဲ အစိုးရတရပ်ကဲ့သို့ ပြုမူဆောင်ရွက်ခဲ့သည်။ မြန်မာတို့က ယခုအခါ၌ စစ်အစိုးရဟု ခေါ်နေကြသော “ယခင် အစိုးရ” လက်ထက်တွင် ဤကဲ့သို့သော ကွဲပြားမှုမျိုး မရှိခဲ့ချေ။ ဤပြောင်းလဲမှုကြောင့် စစ်တပ်သည် အဖွဲ့အစည်းတရပ်အနေနှင့် ရနေကျ အခွင့်ထူးများ ယုတ်လျော့သွားခဲ့သည်။
စစ်အစိုးရခေတ်လွန်တွင် အခြေခံဥပဒေအရ အုပ်ချုပ်သော အစိုးရသည် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တို့တွင် စစ်တပ်အခန်းကဏ္ဍ မပါသော အစိုးရအဖြစ် ထိန်းသိမ်းရပ်တည်ခဲ့ကာ ထိုအပေါ်မှာ အခြေခံလျက် ခြိမ်းခြောက်မှုကင်းသော သာမန်လုပ်ရိုးလုပ်စဉ် “နိုင်ငံရေး” ကို တရားဝင်နည်းလမ်းအရရော လုပ်ထုံးလုပ်နည်းအပြင်က နည်းလမ်းများတွင်ပါ လုပ်ခဲ့သည်။ ဤအချက်ကြောင့်ပင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ် အုပ်ချုပ်သောနိုင်ငံ မဟုတ်တော့ဟု မိမိက (မင်းဇင်၊ ဘရိုင်ယန် ဂျိုးဆက်ဖ်တို့၏ အမြင်နှင့် ကွဲလွဲစွာ) ကောက်ချက်ချမိပါသည်။
တတိုင်းပြည်လုံးအဆင့် ပြုပြင်ပြောင်းလဲမှု၏ အကျိုးရလဒ်တခုကား နိုင်ငံသားများ၊ မီဒီယာများ၊ အတိုက်အခံများ၊ အစိုးရ မဟုတ်သည့် NGO အဖွဲ့အစည်းများ အနေနှင့် တချိန်က “အမျိုးသားလုံခြုံရေး ကိစ္စရပ်များ” အဖြစ် မျက်ကွယ်ပြုထားလေ့ ရှိခဲ့သော ကိစ္စရပ်များကို (အစိုးရအဖွဲ့၏ အတွင်းနှင့် အပြင်ရှိ လမ်းကြောင်းပေါင်းစုံမှနေ၍) ထိတွေ့သိရှိခွင့် ရလာခြင်းပင် ဖြစ်သည်။ ဤကိစ္စရပ်များတွင် ပညာရေး၊ သတင်းစာ လွတ်လပ်ခွင့်၊ အလုပ်သမား စည်းရုံးရေး၊ အင်တာနက် အဆက်အသွယ်တို့ မျှသာမက ဘဏ်လုပ်ငန်း၊ ငွေလဲနှုန်း၊ ငွေကြေး အရင်းအနှီး၊ မြေယာပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သော နိုင်ငံ့စီးပွားရေး မူဝါဒများလည်း အပါအဝင် ဖြစ်သည်။
၁၉၈၈ ခုနှစ်၏ နောက်ပိုင်းမှာ (၁၉၆၂ ခုနှစ်၏ နောက်ပိုင်းမှာဟုလည်း ဆိုနိုင်သည်) ပထမဦးဆုံး အကြိမ်အဖြစ် ဆင့်ကာဆင့်ကာ ပေါ်ထွက်လာသော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ ဥပဒေများ၊ အစိုးရမိန့်ခွန်းများ၊ မီဒီယာနှင့် တွေဆုံခန်းများ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဖွဲ့စည်းထားသော၊ ထို့အပြင် လုပ်ထုံးလုပ်နည်း ဘောင်အပြင်က ဖွဲ့စည်းထားသော အဖွဲ့အစည်းများလည်း ပေါ်ထွက်လာခဲ့ကာ၊ လူထုဘဝအသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ထို့အပြင် “အမျိုးသား လုံခြုံရေး” ကိစ္စရပ်အောက်သို့ လုံးဝဆွဲသွင်းခြင်း မခံရသော နိုင်ငံရေးနယ်ပယ်ကိုပါ ဖန်တီးပေးခဲ့သည်။ တနည်းဆိုရလျှင် “နိုင်ငံရေး” သည် ပြည်ထောင်စုကြီးကို အလိုလို ခြိမ်းခြောက်နေသော အရာကိစ္စ ဖြစ်သည်ဟု ကုန်လွန်ခဲ့သော တနှစ်ခွဲ ကာလအတွင်းမှာ သဘောထားခြင်း မရှိတော့ချေ။ အကယ်၍ ဆက်လက် တည်တံ့သွားမည်ဆိုပါက ဤပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံမှာ လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း အရေးပါဆုံးသော အဆောက်အအုံဆိုင်ရာ ပြောင်းလဲမှုဖြစ်ပေလိမ့်မည်။
အခြေခံဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်သည့်တိုင် စစ်တပ်၏ အသားကျနေသော အခွင့်ထူးများကို လျှော့ချလိုက်ခြင်းသည် အနည်းစုလေးဖြစ်သော အငြိမ်းစား စစ်အရာရှိများအဖို့ (အထူးသဖြင့် သမ္မတ၊ အောက်လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးများ) ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေးအရ စွန့်စားလုပ်ဆောင်မှုပင် ဖြစ်သည်။ ထိုသူတို့၏ ဤလုပ်ဆောင်ချက်သည် မျှော်လင့်မထားသော လုပ်ဆောင်ချက် ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ မတိုင်မီကတည်းက ကြိုတင် ကြံစည်ထားသော လုပ်ဆောင်ချက် ဟုတ်ဟန် မတူချေ။ မြန်မာဘာသာ မီဒီယာများ၊ အရပ်သားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ (လူမျိုးစု ပါတီများ အပါအဝင်ဖြစ်သည်)။ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် အခြားအင်အားစုများက လူထု နယ်ပယ်ထဲသို့ တိုးဝင်လာကြပြီး ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကို တွန်းအားပေးခဲ့ကြသည်။ ထိုသို့ တွန်းအားပေးခြင်းကြောင့် လွန်ခဲ့သော ၁၈ လလောက် အကြာက ဖြစ်နိုင်မည်ဟု ထင်ထားခဲ့သည်ထက် ပို၍ထိရောက်သော ပြုပြင်ပြောင်းလဲမှု အမျိုးမျိုးကို ပို၍ရဲရဲရင့်ရင့် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အစိုးရအဖို့ ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ ယခင်ကအတိုင်း အထီးကျန်ဘဝနှင့် ဆက်သွားလျှင် ပေးရမည့် တန်ဖိုးထက် နိုင်ငံရေး လွတ်လပ်ခွင့်ကြောင့် ပေးရသည့်တန်ဖိုးက ပို၍သက်သာမည်ဟု အစိုးရအတွင်း ပြုပြင်ပြောင်းလဲ ရေးသမားများ သဘောပေါက်ပြီး ရွေးချယ်ခဲ့ပုံရသည်။ အဘယ်သို့သော အကြောင်းများကြောင့် ဤသို့ စဉ်းစားခဲ့ကြောင်းကိုမူ မသိရသေးချေ။
ဤပြုပြင်ပြောင်းလဲမှုသည် မည်သို့သော ပြုပြင်ပြောင်းလဲမှု ဖြစ်သည်ဆိုသည်နှင့် ပတ်သက်၍ လည်းကောင်း၊ တာရှည်ခံမည် မခံမည် ဆိုသည်နှင့် ပတ်သက်၍ လည်းကောင်း အရမ်းကာရော မပြောမိအောင် မိမိတို့ သတိထားရမည် ဖြစ်ပါသည်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အပေးအယူ စေ့စပ်ဆွေးနွေးမှုကြောင့် လည်းကောင်း၊ ဦးတည်ချက် ပေါင်းစုံပါဝင်ပြီး ပို၍ပွင့်လင်းသော နိုင်ငံရေး အသိုင်းအဝိုင်းတရပ် ပေါ်ပေါက်လာခြင်းကြောင့် လည်းကောင်း စစ်တပ်က ၎င်း၏စစ်တန်းလျား ဘားတိုက်ထဲ ပြန်သွားခဲ့သေးသည်တော့ မဟုတ်ချေ။ စစ်တပ်သည် နိုင်ငံရေးမှာ အချက်အချာနေရာတွင် ရှိနေဆဲ ဖြစ်သည်။
အစိုးရအာဏာသည် အငြိမ်းစားနှင့် ရာထူးလက်ရှိ စစ်အရာရှိများ လက်ဝယ်မှာ ရှိနေဆဲဖြစ်ပြီး ထိုသူတို့က တချိန်က မိမိတို့၏ လုပ်ဖေါ်ကိုင်ဖက်များနှင့် စစ်သားများ၏ အကျိုးစီးပွားကို လည်းကောင်း၊ စစ်တပ်၏စည်းလုံး ညီညွတ်မှု၊ ဂုဏ်သိက္ခာ၊ အဆင့်နေရာနှင့် စီးပွားရေး အကျိုးစီးပွားတို့ကို လည်းကောင်း ကာကွယ် စောင့်ရှောက်ပေးနေကြလိမ့်မည် ဖြစ်သည်။ စစ်တပ်သည် ကိစ္စရပ်အများစုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိသည် မဟုတ်တော့သည့်တိုင်၊ မသေးလှသော သြဇာ အရှိန်အဝါ ဆက်လက်ရှိနေသေးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာခြင်း၊ နိုင်ငံ အနောက်ခြမ်းရှိ ရခိုင်နှင့် ရိုဟင်ဂျာတို့၏ သွေးထွက်သံယို လူမျိုးရေးပဋိပက္ခ ဖြစ်ပွားခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်သောကိစ္စများတွင် သြဇာ အရှိန်အဝါ ဆက်လက်ရှိနေဆဲဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ထဲတွင် စစ်တပ်နှင့် အစိုးရကို တရားဥပဒေကြောင်းအရ တသီးတခြားစီ ခွဲခြားထားခြင်းသည် မူအရ အရေးကြီးသော အချက်ဖြစ်သည်။ သို့ဖြစ်သည့်တိုင် အကယ်၍ သင့်လျော်သောအချိန်မှာ သင့်လျော်သော လုပ်ငန်းအတွက် ကိုယ်ရေးရာဇဝင်ပေါ် မူတည်ပြီး လူမှန်နေရာမှန် ချထားခြင်းလည်း မရှိ။ တိတ်တိတ်ပုန်း အစီအစဉ်များလည်း ထားရှိသည့်အပြင်၊ အဆင့်ဆင့် သစ္စာခံစနစ်ကိုလည်း ထူထောင်ထားသည်ဆိုပါက ဤပြဌာန်းချက်သည် အရာရောက်မည် မဟုတ်ချေ။ မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ နိုင်ငံရေး အင်စတီကျူးရှင်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ထင်ဟပ်ဖော်ပြနေသည် မဟုတ်ပါ။ (စစ်တပ် တိုက်ရိုက် အုပ်စိုးမှုမှနေ၍ နှစ်ပေါင်းများစွာ အကျိုးခံစားလာခဲ့ရသော ပြုပြင်ပြောင်းလဲရေး လုပ်လိုသူ အငြိမ်းစားနှင့် စစ်ရာထူးလက်ရှိ စစ်အရာရှိများ၊ စစ်သားများနှင့် အခြားပုဂ္ဂိုလ်များ၏) ကျေးဇူးခံ ကျေးဇူးစား ကွန်ရက်အသိုင်းအဝိုင်းမှာ အမြစ်တွယ်နေသော အာဏာ တည်ဆောက်ပုံကိုသာ ပိုမို ထင်ဟပ်ဖော်ပြနေပါသည်။
တိုင်းပြည်၏ တချိန်က ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့သောနယ်မြေမှာ ပေါ်ပေါက်လာခဲ့သော ပဋိပက္ခများကို စဉ်းစားကြည့်လိုက်ပါက ခြိမ်းခြောက်မှုမပါသော “နိုင်ငံရေး” လောကကို အငြိမ်းစား စစ်အရာရှိအချို့ ချဲ့ထွင်လိုက်သော အတိုင်းအတာသည် အံ့ခမန်း ကြီးမားလှကြောင်း တွေ့ရသည်။ သူတို့ထဲက အချို့ပုဂ္ဂိုလ်များသည် အစိုးရသစ်ထဲမှာ သူတို့ရရှိသော အခန်းကဏ္ဍနှင့် ပတ်သက်၍ အားမလိုအားမရ ဖြစ်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် ထိုသူတို့သည် ပြုပြင်ပြောင်လဲမှုများကို ဆောင်ရွက်ကြကာ အစိုးရသစ်၏ ယန္တရားကို သင်္ကေတများ အဆင်တန်ဆာများ၊ စကားလုံး လှလှများဖြင့်သာမက “ဒီမိုကရက်တစ်” အစိုးရတရပ်၏ အင်္ဂါရပ်များဖြင့်ပါ ဖြည့်စွက်ခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် ဖန်တီးထားသော ဟန်ပြပစ္စည်းအဖြစ်မှနေ၍ အဆင့်တက်မလာနိုင်ခဲ့ဟု ခန့်မှန်းထားခဲ့ပါလျက် စစ်အစိုးရခေတ်လွန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်သော အစိုးရသည် အဘယ့်ကြောင့် ဤပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လိုက်နေခဲ့ပါသနည်းဟု မေးခွန်းထုတ်ရန် ရှိနေသည်။
မိမိတို့ကိုယ်မိမိတို့ အနိမ့်ဆုံးအားဖြင့် ပြုပြင်ပြောင်းလဲရေး ဝါဒီများအဖြစ် ထုတ်ဖော်ပြသနေကြသော ဦးသိန်းစိန်၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များနှင့် အခြားသော အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များမှာ ဘုံတူညီသော အကျိုးစီးပွားတခုကား သူတို့၏ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့်တကွ တရားဝင် နိုင်ငံရေးလုပ်ငန်းဖြစ်သော “အစိုးရသစ်” တည်ထောင်လိုက်ခြင်းအားဖြင့် သူတို့ရရှိထားသော ရာထူးများ၏ အသရေကို တိုးစေရေး ဖြစ်သည်။ ဤပုဂ္ဂိုလ်များထဲမှ အများစုသည် “ယခင်အစိုးရဟောင်း” (နဝတ သော်လည်းကောင်း။ နအဖ သော်လည်းကောင်း) ထဲမှာ အမှုထမ်း ခဲ့သူများဖြစ်သည်။ ကမ္ဘာ့သတင်းမီဒီယာမှာ အဆိုးဖော်ပြခံသည် ဖြစ်စေ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှာ ဝိုင်းကျဉ်ခံရသည် ဖြစ်စေ အပယ်ခံအဖြစ် ဆက်ဆံခံရခြင်း၏ အရသာကို ခံစားခဲ့ရဖူးသူများ ဖြစ်သည်။ စစ်အစိုးရဟောင်းနှင့် ကင်းကင်းရှင်းရှင်း ဖြစ်အောင် နေခြင်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သူတို့တဦးချင်းအနေနှင့် ရာဇဝတ် ဘေးဒဏ်သင့်ခြင်းမှ လွတ်ကင်းနိုင်ဖွယ် ရှိသည်ဟုလည်း တွက်ကောင်း တွက်ကြပေလိမ့်မည်။ စစ်ခေါင်းဆောင် ရာထူးများကို ရယူထားစဉ်ကထက် ယခုအစိုးရအဖွဲ့ထဲမှာ သူတို့၏ ဗဟိုချုပ်ကိုင်မှုအာဏာ သိသိသာသာ လျော့နည်းသွားခဲ့ကြသည်။ သို့ရာတွင် အစိုးရသစ်ထဲမှာ နေရာမြဲရေးကလည်း မသေချာလှသဖြင့် အာဏာအရှိဆုံး ပုဂ္ဂိုလ် အများစုသည် ဤဖြစ်တည်စ အဖွဲ့အစည်းများကို မိမိတို့အကျိုးစီးပွားအတွက် လိုသလို ပုံသွင်းကာ နိုင်ငံရေးအရ အောင်မြင်မှုရှိသူများ ရလေ့ရှိသော အာဏာ၊ ရာထူး၊ ကျော်ကြားမှုဆိုသည့် ဆုလာဘ်များကို ဆွတ်ခူးဖွယ် ရှိသည်။
အမြော်အမြင်ရှိသော ခေါင်းဆောင်အချို့က ဒီမိုကရေစီ အင်အားစုများကို ခြေမှုန်းခြင်းမပြုဘဲ နေရာပေးခြင်းအားဖြင့် ပေါ်လာသော အခွင့်အရေးကို အသုံးချကာ တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်တည်နိုင်စေ၊ နေရာရစေခဲ့တာကို ၂၀၁၁ မှ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ရပ်များက ပြသနေကြသည် (ပြည်တွင်းနှင့် နိုင်ငံတကာမှာပါ နိုင်ငံရေး အထစ်အငေါ့ ဖြစ်နေမှုများကို အဆုံးသတ်သွားစေခဲ့သည်)။ ထိုသူများထဲမှနေ၍ ဦးသိန်းစိန်နှင့် အောက်လွှတ်တော်ဥက္ကဌ ဦးရွှေမန်း (နှစ်ဦးစလုံးသည် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်းများ ဖြစ်သည်) တို့ မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့ကြပြီး အတော်အတန် လစ်ဘရယ်ကျသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများအတွက် ရှေ့ဆောင်ရှေ့ရွက် ပြုပေးသော ဧရာမ ပုဂ္ဂိုလ်ကြီးများ ဖြစ်လာခဲ့ကြသည်။ ဦးသိန်းစိန်က စစ်ရာထူးမှနုတ်ထွက်ကာ သံသယဖြစ်ဖွယ်ရှိသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကမကပြု ကျင်းပပြီးနောက် ၂၀၁၁ ခုနှစ် နှစ်ဆန်းမှာ သမ္မတ ရာထူးယူရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သူအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်လိမ့်မည်ဟု ထိုစဉ်က မည်သူမျှ မထင်ခဲ့ကြချေ။ တိုက်ခိုက်ရေး စစ်သားအဖြစ်ထက် ယူနီဖောင်းဝတ် စစ်အရာရှိတဦး အဖြစ်သာလျှင် လူသိများခဲ့သော ဦးသိန်းစိန်သည် အနည်းနှင့် အများဆိုသလို အဂတိလိုက်စားမှု ကင်းရှင်းပြီး တပ်ထဲမှာလည်း အခြွေအရံ နောက်လိုက်နောက်ပါ ပါးရှားခဲ့ပုံရသည်။
သို့ဖြစ်သည့်တိုင် (ဂျိုးဆက်ဖ်နှင့် မင်းဇင်တို့ ဆိုခဲ့သည့်အတိုင်းပင်) ၂၀၁၁ ခုနှစ် မတ်လအကုန်မှာ ပြောခဲ့သော ဦးသိန်းစိန်၏ အဖွင့်မိန့်ခွန်းသည် အစဉ်အလာမှ ခွဲထွက်သော မိန့်ခွန်းဖြစ်သည်။ ထိုမိန့်ခွန်းထဲ၌ ဦးသိန်းစိန်က အပြောင်းအလဲများ လုပ်သွားမည့်အကြောင်း အားတက်သရော ပြောခဲ့သည်။ ထို့နောက် သူသည် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ နေခဲ့ရပြီး ထိုကာလအတွင်း၌ သူ့တိုင်းပြည်၏ နိုင်ငံတကာအပယ်ခံ အဖြစ်ကိုသာမက စီးပွားရေးမှာ (အထူးသဖြင့် အားကောင်းမောင်းသန် ဖြစ်နေသော အိမ်နီးချင်း တိုင်းပြည်များနှင့် နှိုင်းယှဉ်လိုက်လျှင်) အလွန်အမင်းနောက်ကျကျန်နေသော တိုင်းပြည်အဖြစ်ကိုပါ ကိုယ်တွေ့မြင်တွေ့ခဲ့ရသည်။
ဦးသိန်းစိန်က သူသည် ၂၀၀၈ ခုနှစ် မေလအတွင်းက နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့စဉ်မှာ အပျက်အစီးများကို မြင်တွေ့ခဲ့ရာမှစ၍ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် ရရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဆင်းရဲသော လယ်သမား၏ သားဖြစ်သူ သမ္မတက Financial Times သတင်းစာအား “ဒီအတိုင်း ဆက်စခန်းသွားလို့ မရတော့ဘူးဆိုတာ၊ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီ ဆိုတာကို နားလည်လာခဲ့တယ်” ဟု ပြောပြခဲ့သည်။
သူ၏ အတော်အတန် အခြေအမြစ်ကျသော လမ်းကြောင်း ခွဲထွက်မှုများကြောင့် (ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် ပြည်ထောင်စုတို့နှင့် ပြန်လည် သင့်မြတ်ခြင်းမှနေ၍ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုပေးထားသော ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ပစ်ခြင်း အထိ) အငြိမ်းစားနှင့် စစ်ရာထူးလက်ရှိ စစ်အရာရှိများထဲမှ ရှေးရိုးစွဲအမြင်ရှိသူ လုပ်ဖော်ကိုင်ဖက်များ အထိတ်တလန့် ဖြစ်သွားကြမည်မှာ သေချာပါသည်။ သို့ရာတွင် သူသည် “ဗိုလ်ချုပ်သန်းရွှေထံမှ အမွေ” ကို ဆက်ခံထိုက်သူ ဖြစ်ကြောင်း ပြသခြင်းအားဖြင့် ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ဖြစ်လာအောင် လုပ်ပြီး အောင်မြင်ကျော်ကြားသည်ထက် ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
သမ္မတသက်တမ်း တနှစ်ကာလအတွင်း၌ ဦးသိန်းစိန်သည် စစ်တပ်အပေါ် သြဇာတစုံတရာရှိသော ဝန်ကြီးနှင့် အကြံပေးအရာရှိ ၄ ဦးမှ ၆ ဦး အထိရှိသော ပုဂ္ဂိုလ်များ၏ အပြည့်အ၀ ထောက်ခံအားပေးမှုကို အားကိုးအားထား ပြုနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ သူ၏ အဓိကအားထားရသော ပုဂ္ဂိုလ်များကား မီးရထားဝန်ကြီး ဦးအောင်မင်း (ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်ပြီး ခြေလျင်တပ်နှင့် စစ်ထောက်လှမ်းရေးတပ် အတွေ့အကြုံများရှိသူ ဖြစ်သည်) နှင့် စက်မှုဝန်ကြီး ဦးစိုးသိန်း (ရေတပ် တပ်မှူးဟောင်း ဖြစ်သည်) တို့ ဖြစ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ကုန်ခါနီးလောက်တွင် နှစ်ဦးစလုံးကို သမ္မတရုံး ဝန်ကြီးရာထူးများသို့ တိုးမြှင့်ပေးခဲ့သည်။ အခြားဝန်ကြီးများကလည်း မိမိတို့၏ လုပ်ငန်း အစီအစဉ်များကို သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် အညီဖြစ်အောင် တဖြည်းဖြည်း ပြန်လည်မွမ်းမံခဲ့သည်။ (အနည်းဆုံးတော့ လူထုအမြင်ကောင်းအောင် မွမ်းမံခဲ့သည်)။
ထို့အပြင် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ရေတပ် ဒု ဦးစီးချုပ် ဉာဏ်ထွန်း (အမေရိကန် ရေတပ် စစ်ကျောင်း – US. Naval War College မှာ တက်ခဲ့ဖူးသူ) ကို ခေတ်နောက်ပြန်ဆွဲသမား ဦးတင်အောင်မြင့်ဦး၏ ဒု သမ္မတ နေရာတွင် အစားထိုး ခန့်ထားခဲ့သည်။ သို့ဖြစ်ရာ အရေးကြီးသော အစိုးရရာထူးများ ရထားသူ အငြိမ်းစားစစ်အရာရှိများက ဦးသိန်းစိန်ကို ပေးလာနိုင်သော စိန်ခေါ်မှုများ ယခုအခါ၌ နည်းသွားပြီဖြစ်သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် သမ္မတ၏ ဝန်ကြီးရာထူးနေရာများကို ရဲရဲရင့်ရင့် ပြောင်းလဲမှုသည် သူ၏ “ဒုတိယလှိုင်း ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု” အတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ ပြုပြင်ပြောင်းလဲရေး အင်အားစုကို ကြိုတင်နေရာ ချထားလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
စစ်အစိုးရလက်ထက်က စစ်တိုင်းမှူးရာထူးလောက်ပင် အရေးမပါခဲ့သော ဝန်ကြီးရာထူးသည် အစိုးရသစ် လက်ထက်တွင် အာဏာ၏ အချက်အချာနေရာများ ဖြစ်လာခဲ့သည်။ ဝန်ကြီးများသည် လွှတ်တော်၏ စောင့်ကြည့်ကြီးကြပ်မှုကို တိုး၍တိုး၍ ခံလာနေရသော်ငြားလည်း ယခင်ကထက် သြဇာအာဏာ ပိုရှိလာခဲ့သည်။ ဝန်ကြီးများအဖွဲ့သစ်ထဲမှ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ် ပြင်းပြသူအများစုသည် စစ်တိုင်းမှူးရာထူးမှနေ၍ ဝန်ကြီးအဖွဲ့ထဲသို့ “လျှောချခြင်း” ခံခဲ့ရသော စစ်အရာရှိဟောင်းများ ဖြစ်သည်။ သူတို့သည် ဝန်ကြီးဌာနများကို မည်သို့ ကွပ်ကဲရမည်ဆိုသည်ကို သိထားကြပြီး သမ္မတနှင့်လည်း ပုံမှန်ထိတွေ့ဆက်ဆံမှု ရှိသည်။ ဝန်ကြီးများအဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေးရာထူးများထဲမှာ သက်တမ်းရလာသောအခါ၌ သူတို့သည် (နဝတ သို့မဟုတ် နအဖ ခေတ်က ထိပ်တန်းစစ်ရာထူး သို့မဟုတ် တိုင်းမှူးရာထူးရခဲ့သော သူတို့၏ လုပ်ဖော်ကိုင်ဖက်များကဲ့သို့ မဟုတ်ဘဲ) အာဏာအချက်အချာ နေရာအများအပြား ပါဝင်ရာ နိုင်ငံရေး နယ်ပယ်ထဲမှာ အကြွင်းမဲ့အာဏာ မရှိဘဲ မည်သို့ လှုပ်ရှားရမည်ဆိုသည့် အတတ်ပညာကို တတ်မြောက်လာခဲ့ကြသည်။
ဦးသိန်းစိန်၏ အဓိက မဟာမိတ် ဟုတ်-မဟုတ် ပြောရခက်သောသူကား ဦးရွှေမန်းဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် နီးစပ်သူဖြစ်ပြီး သမ္မတအဖြစ် ဦးသန်းရွှေ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် အများက မျှော်လင့်ထားခဲ့သော ဦးရွှေမန်းသည် လစ်ဘရယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို သဘောတူလက်ခံသူဖြစ်ပြီး အခြေခံ ဥပဒေအရဆိုလျှင် အဆိပ်ရှိပုံမရသော လွှတ်တော်ကို သီးခြားလွတ်လပ်လိုစိတ်၊ ထိရောက်လိုစိတ် ပြင်းပြလာအောင် အားပေးအားမြှောက် ပြုခဲ့သည်။ ဤသို့ အားပေးအားမြှောက်ပြုရာ၌ ဦးရွှေမန်းသည် မူဝါဒရေးဆွဲရေးမှာ ပါဝင်သော စစ်တပ်၏ အခန်းကဏ္ဍကို ဆက်လက် ကန့်သတ်သွားခဲ့သည့်အပြင် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း လွှတ်တော်ဖြင့် အဟန့်အတားပြုခဲ့သည်။
(ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်)
ကိုးကား
-Andrew Selth, Transforming the Tatmadaw: The Burmese Armed Forces Since 1988, Canberra Papers on Strategy and Defence No. 113. (Canberra: Strategic and Defence Studies’ Centre, Australian National University, 1996.)
-Mary Callahan, “Drivers of Change in Post-Junta, Constitutional Burma,” U.S. Agency for International Development, 6 February 2012.
– Quoted in Gwen Robinson, “Myanmar Leader Looks to Ethnic Peace,” Financial Times, 11 July 2012, available at www.ft.com/cms/s/0/d3a69938-cb64-11e1-b896-00144feabdc0.html#axzz25Waxbg7P.
– Robinson, “Myanmar Leader Looks to Ethnic Peace.”
– Kudo Toshihiro, “New Government in Myanmar: Profiles of Ministers,” 26 July 2011, available at www.ide.go.jp/English/Research/Region/Asia/20110726.html.
(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် Journal of Democracy, အတွဲ ၂၃၊ အမှတ်စဉ် ၄၊ The Opening in Burma [မြန်မာနိုင်ငံတွင် ပွင့်လင်းလာခြင်း] မှ မာရီ ကလဟန် (Mary Callahan) ၏ The Generals Loosen Their Grip ကို ဘာသာပြန်ဆိုပါသည်။ မာရီ ကလဟန်သည် ဝါရှင်တန်တက္ကသိုလ်၊ ဟင်နရီ အမ် ဂျက်ဆင် နိုင်ငံတကာ လေ့လာရေးကျောင်း (Henry Jackson School of International Studies) ၏ တွဲဘက် ပါမောက္ခဖြစ်သည်။ Making Enemies: War and State Building in Burma (2003) နှင့် Political Authority in Burma’s Ethnic Minority States: Devolution, Occupation and Coexistences (2007) အမည်ရှိသော စာအုပ်များကို ရေးသားခဲ့သူ ဖြစ်သည်။)