သတင်း

အမရပူရ၌ ထိုင်း ယဉ်ကျေးမှု ကျေးရွာ တည်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း အမရပူရမြို့ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင်ဟောင်း ကျောက်ဘွားဒေါက် မဒူးဝါး၏ အုတ်ဂူ ပြုပြင်ထိန်းသိမ်း ရေးနှင့် အယုဒ္ဓယ ခေတ် ထိုင်းယဉ်ကျေးမှု ကျေးရွာ တည်ဆောက်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

အယုဒ္ဓယဘုရင်ဟောင်း မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူဖြစ်ကြောင်း အထောက်အထားများ ပြီးခဲ့သည့်လက ရရှိခဲ့ပြီး အနီး၌လည်း ထိုင်းရာဇနွယ်ဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများကို တွေ့ရှိခဲ့သည့်အတွက် ထိုင်းသမိုင်းနှင့် ရှေးဟောင်း သုတေသန အဖွဲ့က ဆက်လက်ထိန်းသိမ်းရေးကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအတွက် ဘန်ကောက်အခြေစိုက် ထိုင်းအသိပညာပြန့်ပွားရေးအသင်း(Siam Society)က မန္တလေး အာဏာပိုင်များထံမှ ခွင့်ပြု ချက်ယူပြီး တောင်သမန် အင်းစောင်း၌ မီတာ ၂၀၀ ခန့် ကျယ်ဝန်းသော အင်းဝခေတ် မန္တလေးရောက် ထိုင်းလူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ အစားအစာ၊ ဝတ်စားဆင်ယင်မှုများကို ပြသမည့် ထိုင်းကျေးရွာတခုကိုတည်ဆောက်ရန် စီစဉ်နေကြောင်း သိရ သည်။

ထိုင်းသမိုင်းပညာရှင် မစ်ကီဟတ်က“မြန်မာဘုရင် လက်ထက် သုံ့ပန်းအဖြစ် အများအပြား ခေါ်ဆောင်လာတာ ရှိသလို ယိုးဒယား ပြည်ထဲရေး အခြေအနေတွေကြောင့် မြန်မာဘုရင်လက်အောက်ကို ခိုလှုံခဲတဲ့ ထိုင်းတွေအများကြီးရှိပါတယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ဇင်းမယ်(ချင်းမိုင်)သည် တချိန်က မြန်မာတို့နှင့် နီးစပ်သည့်အတွက် ကူးလူးဆက်ဆံမှုရှိခဲ့ပြီး အယုဒ္ဓယ ခေတ်နှောင်း ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်မှ ယိုးဒယားလူမျိုးများ အစုလိုက်အပြုံလိုက် မြန်မာ နိုင်ငံ ဘက်သို့ ပြောင်းရွှေ့အခြေချမှုများ ရှိခဲ့ဖူးကြောင်း၊ ထိုသူများကို မန္တလေး ရဟိုင်းအရပ်တွင် အခြေချခွင့်ပေးခဲ့ကြောင်း မစ်ကီ ဟတ် က ဆက်ပြောသည်။

ယိုးဒယားအနွယ် မင်းသားကြီး ဦးမောင်မောင်တင် ရေးသားသည့် ကုန်းဘောင်ဆက် မဟာရာဇဝင်တွင်လည်း ဆင်ဖြူရှင်မင်း လက် ထက် အယုဒ္ဓယကို အောင်နိုင်ပြီး ယိုးဒယားမင်း အပါအဝင် ညီတော် နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းထိမ်၊ ပန်းပဲ ၊ ပန်းရန်၊ ရွှေခြည်ထိုး လက်မှု ပညာသည်များ၊ အဆိုအတီးပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အိမ်ထောင် စုပေါင်း များစွာ အင်းဝသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

မန္တလေးနှင့် အင်း၀ တဝိုက် လာေရောက် အခြေချသည့် ထိုင်းလူမျိုးများကို အစွဲပြုပြီး ရဟိုင်းဈေး မုန့်တီစု၊ မင်းသားစု၊ မိချောင်း တံတားနှင့် ယိုဒယားဈေး စသည့်အမည်များ မှည့်ခေါ်ထားပြီး၊ ယဉ်ကျေးမှု ဓလေ့ထုံးစ၊ ကိုးကွယ်မှု၊ အနုပညာ၊ လက်မှု ပညာနှင့် အစားသောက် တချို့မှာ ယခုတိုင် တည်ရှိလျက် ရှိသည်။

“အယုဒ္ဓယက ပါလာတဲ့ ယိုးဒယားတွေ မရှိတော့တဲ့နောက်ပိုင်းမှာ ကျန်သူတွေက မြန်မာ ယဉ်ကျေးမှု ဓလေ့တွေနဲ့ ကူးလူး ဖလှယ်ပြီး မြန်မာနဲ့ ယိုးဒယားပေါင်းထားတဲ့ ကပြား ယဉ်ကျေးမှု အသစ် ဖြစ်ပေါ်လာတယ်၊ ဒီအငွေ့အသက်တွေကို မန္တလေး တဝိုက်မှာ  အခု ထိတွေ့နေရတယ်”ဟု မစ်ကီဟတ်က ပြောသည်။

သဲပုံစေတီတည်ခြင်း၊ ရာမနတ် ကိုးကွယ်ခြင်း စသည့် ဓလေ့များ၊ အနုပညာဘက်၌ ရာမဇာတ်၊ အီနောင် ဇာတ်တော်ကြီးများ၊ ပန်း မြိုင်လယ် ယိုးဒယား(ဖရင်းချား) စသည့် သီချင်းကြီးများ၊ အစားအစာ၌လည်း မြန်မာများ စားသုံးနေသည့် မုန့်လက်ဆောင်း(ခနုံလော့ ချောင်း)၊ မုန့်တီ၊ ရွှေကြည်ဆနွမ်းမကင်း၊ ခနုံခေါပုတ်၊ ဟင်းလေး စသည့် အစားအစာများမှာ ယခုတိုင် မြန်မာ့ဓလေ့တွင် တင် ကျန် နေသည့် အရာများဖြစ်သည်။

ယိုးဒယား(ထိုင်း) လူမျိုးများသည် မန္တလေး- အင်းဝ၊ အမရပူရ၊ ကျောက်ဆည်၊ မင်းဘူး၊ မူးမြစ်ဝှမ်းဒေသ၊ ချင်းတွင်းမြစ်ရိုး စသည့် ဒေသများအထိတိုင် ပျံ့နှံ့နေထိုင်ကြပြီး ယခု ထိုင်းဘုရင်အုတ်ဂူ တူးဖော်သည့်နေရာသို့  မန္တလေးရှိ ယိုးဒယား အဆက်အနွယ်များ လာရောက်ပြီး ဂါရ၀ ပြုကြကြောင်း သိရသည်။

မန္တလေးမြို့ခံ သမိုင်းပညာရှင် ဒေါက်တာတင်မောင်ကြည် က “မြန်မာဘုရင်က အနုပညာသည်တွေနဲ့ အချက်အပြုတ်သမားတွေကို မြို့တော်မှာ ဒါမှမဟုတ် အနီးအနားမှာ ထားတယ်၊ ကျန်သူတွေကို အဝေးမှာထားတယ်”ဟု ဆိုသည်။

အနုပညာဘက်တွင်လည်း အယုဒ္ဓယမှ ရာမနှင့် လက္ခဏဆိုသည့် သဘင်သည် အုပ်စုနှစ်စု ပါလာခဲ့ကြောင်း၊ သီပေါမင်း ပါတော် မူသည့် အခါ ရာမအုပ်စုမှာ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့သွားခဲ့သော်လည်း လက္ခဏ အုပ်စုမှာ မန္တလေးတဝိုက်တွင်သာ ကျန် ခဲ့ကြောင်း၊ ယခုအခါ လက္ခဏ အုပ်စုဝင် ယိုးဒယားအနွယ် ဦးရေ ၇၀ ခန့် ရှိတော့ကြောင်း သိရသည်။

ဒေါက်တာ တင်မောင်ကြည် ကိုယ်တိုင်ပင် လက္ခဏအုပ်စုဝင် ယိုးဒယားအနွယ် သဘင်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ထိုင်းဘုရင့် ဂူနှင့် ပတ်သက်၍ ၁၉၈၇ ခုနှစ်ခန့်ကတည်းက သုတေသနပြုခဲ့ရာ မကြာသေးမီက“မန္တလေးတဝိုက်ရှိ ယိုးဒယား အနွယ်ဝင်များ” ဆိုသည့် စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။

ပေဖူးလွှာနှင့် မဟေသီမဂ္ဂဇင်းတွင် ဘဝအတွေ့အကြုံစာများ ရေးသားခဲ့သည့် စာရေးဆရာမကြီး ပတ္တမြားခင်သည်လည်း အယုဒ္ဓ ယ ဘုရင် မျိုးဆက်မှ ဆင်းသာလာသူဖြစ်သည်ဟု သိရသည်။

ထိုင်းဘုရင့်ဂူ တူးဖော်ခြင်းကို အကြောင်းပြုပြီး မန္တလေးရောက် ယိုးဒယားလူမျိုးများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုတို့ကို ယခုအခါ ထိုင်းမီဒီယာများအကြား အထူးဖော်ပြလျက်ရှိပြီး ပြန်လည်ဖော်ထုတ်ရန် ကြိုးစားနေသည့်အပြင် ထိုင်းလူမျိုးများ လည်ပတ် သင့်သော နေရာအဖြစ် ဖော်ပြနေကြသည်။

ဤထိုင်းဘုရင့်ဂူနှင့် အယုဒ္ဓယ ကျေးရွာထိန်းသိမ်းရေးကို အစိုးရနှင့် သမိုင်းနှင့် ရှေးဟောင်းသုတေသန ပညာရှင်များ သာမက မြန်မာရောက် ယိုးဒယားမျိုးနွယ်များပါ ပူးပေါင်းထိန်းသိမ်းရန်လည်း ဖိတ်ခေါ်လျက် ရှိသည်။

ထိုင်းဘုရင့်အုတ်ဂူနှင့် ပတ်သက်ပြီး ထိုင်းသမိုင်းပညာရှင်များ အကြား တူးဖော်သင့်မသင့် အငြင်းပွားနေရာမှ ပြီးခဲ့သည့် နှစ် ဇူလိုင်လအတွင်းက ယင်းအုတ်ဂူရှိသည့် လင်းဇင်းကုန်း သုသာန်ကို ဖျက်သိမ်းရန် ဒေသအာဏာပိုင်များက စီစဉ်နေကြောင်း ဧရာဝတီ သတင်းဌာနမှ ဖော်ပြလိုက်ပြီးနောက် ဘန်ကောက် အခြေစိုက် ထိုင်းအသိပညာ ပြန့်ပွားရေး အသင်း(Siam Society)မှ အစည်း အဝေးခေါ်ယူပြီး တူးဖော်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တောင်သမန်အင်းစောင်းရှိ ကမ္ဘာကျော် ဦးပိန်တံတား အနီး ဤ ထိုင်းဘုရင့် အုတ်ဂူကို နှစ်စဉ်နှစ်တိုင်း ထိုင်းလူမျိုးများ လာရောက် ပူဇော်လေ့ရှိသည့်အတွက် မန္တလေး ဒေသအာဏာပိုင်များ အနေဖြင့် ပြုပြင်ထိန်းသိမ်းလိုက်မည်ဆိုပါက ကမ္ဘာလှည့်ခရီးသွား လုပ် ငန်းကို အထောက်အကူပြုမည် ဖြစ်ကြောင်းလည်း လေ့လာသူများနှင့် ပညာရှင်များက ပြောဆိုကြသည်။

Loading