စစ်တပ်သိမ်းထားသည့် ကန့်ဘလူ သကြားစက် မြေများပေါ်တွင် ဒေသခံ တောင်သူများက သီးနှံများ ဝင်ရောက် စိုက်ပျိုးလျှက်ရှိရာ ဆက်လက်စိုက်ပျိုးခြင်း မပြုရန် စစ်တပ် တာဝန်ရှိသူတချို့က လာရောက် သတိပေးခဲ့ကြောင်း ဒေသခံတောင်သူများက ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၁ ရက်နေ့မှ စတင်ကာ စစ်တပ်ပိုင် ကန့်ဘလူ သကြားစက်မှ အသုံးမပြုသေးသော မြေလွတ်များတွင် ဒေသခံတောင်သူ ၁၀၄ ဦးက နွားအရှဉ်း ၂၄ ရှဉ်းဖြင့် ဝင်ရောက် ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း၊ ပဲစင်းငုံနှင့် ပြောင်းသီးနှံပါ တခါတည်း စိုက်ပျိုးခဲ့ကြောင်း ခအုံးတာရွာမှ လယ်သမားကြီး ဦးသန်းထိုက် ပြောသည်။
“ကျနော်တို့ကို အမှုဖွင့် အရေးယူမယ်လို့ ကြားတယ်။ စက်ရုံမှာလုပ်နေတဲ့ အဆက်အသွယ်တွေဆီက သတင်းရတာ။ ကျနော်တို့ကို စာနဲ့ တရားဝင် အကြောင်းမကြားသေးပေမယ့် ဒီလ ၂၂ ရက်နေ့က တပ်ခွဲမှူး တယောက်လာပြီး
အုပ်ချုပ်ရေးမှူးဆီမှာ တားတဲ့ စာပို့သွားတယ်။ ရဲတွေလည်း လယ်ထွန်တဲ့သူစာရင်း လာကောက်သွားတယ်” ဟု သူက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကွပ်ကဲမှုလက်အောက်ရှိ မြန်မာ့စီးပွားရေး ကော်ပရေးရှင်း (MEC) ပိုင် ကန့်ဘလူ သကြားစက် အတွက် ကုန်ကြမ်းရရှိရေးအတွက် တပ်မတော် ကြံစိုက်ပျိုးရေးတပ်မှ ကြံစိုက်ပျိုးရန် ထယ်ထိုးထားသော မြေပေါ်တွင် လယ်သမားများက နွားများဖြင့် ထွန်ယက်၍ ပဲစင်းငုံ၊ ပြောင်းသီးနံှများ စိုက်ပျိုးသည့် ကိစ္စအား တရားဥပဒေအရ တားမြစ် ပေးရန် အမှတ် (၂) စိုက်ပျိုးရေးတပ်ခွဲက ခအုံးတာ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ကန့်ဘလူ သကြားစက်ရုံမှူးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း စက်ရုံးမှူး မအားလပ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး ထပ်မံ ဆက်သွယ်သောအခါ ဖုန်းမကိုင်တော့ပေ။
ကန့်ဘလူ သကြားစက်ရုံဘက်မှ တားမြစ်စာ လာရောက် ပို့ဆောင်ခဲ့သော်လည်း လယ်မြေများကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်ရှိ ပေကြီး၊ ခအုံးတာ၊ ထောက်ရှာအိုင်၊ ငှက်ပျောတိုင်းနှင့် စံပယ်နံ့သာ ကျေးရွာများမှ လယ်မြေဧက တသောင်းလေးထောင်ကို ၁၉၉၉ ခုနှစ်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပရေးရှင်း (MEC) က သကြားစက်ရုံ ဆောက်လုပ်ရန် တစ်ဧကအတွက် လျော်ကြေး ၂၅ ကျပ်ပေးကာ တောင်သူ ၅၀၀ ကျော်ထံမှ
ရယူ သွားခဲ့ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
ထိုစဉ်က လျော်ကြေး တစ်ဧက ၂၅ ကျပ်ကို လယ်သမားများက လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။
၁၉၉၉ ခုနှစ်ကတည်းက သိမ်းသွားသော လယ်ယာများကို ယခုအချိန်တွင် ပြန်လည်စတင် လုပ်ကိုင်ခြင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိမ်းထားသော လယ်ယာမြေများကို လယ်သမားများအား ပြန်လည်ပေးအပ်မည်ဆိုသည့် သတင်း ကြားသိရသောကြောင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လယ်ယာမြေများကို ပြန်လည်စိုက်ပျိုး အသုံးပြုမည့် အကြောင်းကို ခရိုင် အုပ်ချုပ်ရေးမှူးအား လိပ်မူကာ သက်ဆိုင်ရာ အဆင့်ဆင့်သို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း ဒေသခံ ကိုသိန်းထွန်းအောင်က ပြောသည်။
“လွတ်တဲ့နေရာမှာ လယ်ပြန်လုပ်ချင်တယ်။ ဥပဒေမဲ့ သိမ်းထားတဲ့မြေတွေကို လျော်ကြေး ပြန်လိုချင်တယ်” ဟု သူက ဆိုသည်။
သကြားစက်မှ အသုံးမပြုသော မြေများကို ၂၀၀၂ ခုနှစ်မှ စတင်ကာ သီးစားချထားခဲ့ပြီး ပဲစင်းငုံ စိုက်ပျိုးလျှင် တဧက ၂ တင်းနှုန်း၊ ကြံစိုက်ပျိုးလျှင် တဧက နှစ်တန်နှုန်းနှင့် ငွေကြေးအဖြစ် တဧက ငွေကျပ် ၈ သောင်းနှုန်း ပေးဆောင်နေရကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
“ယာမြေလုပ်ချင်ရင် စက်ရုံမှာ သွားတောင်းလို့ ရတယ်။ သီးစားခ ပေးရတယ်။ ကျမကိုလည်း တနေရာပေးတယ်။ ဒါပေမယ့် သူများ မြေဖြစ်နေတော့ မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်ရင် ကိုယ့်နေရာပဲကိုယ် ပြန်လုပ်ချင်တယ်” ဟု လယ်သူမကြီး ဒေါ်ခင်ပြုံးက ပြောသည်။
ကန့်ဘလူ သကြားစက် စီမံကိန်းအတွက် မြေသိမ်းထားသောကိစ္စကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့ထံ တင်ပြခဲ့သော်လည်း အကြောင်းမထူးကြောင်း၊ မည်သည့် အဖွဲ့အစည်းကမှ အကြောင်းပြန်ခြင်း၊ လာရောက်စစ်ဆေးခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။
“ကျနော်တို့ လယ်မြေတွေ ပြန်ရဖို့ ကြိုးစားတာ တနှစ်လောက်တော့ ရှိသွားပြီ။ အခုအထိဘာမှ မထူးတော့ ဘယ်သူ့ကို အားကိုးရမှန်း မသိဖြစ်နေတယ်” ဟု တောင်သူဦးဆန်းညွန့်ဦးက ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များအနက် အသုံးပြုခြင်း မရှိသေးသည့် မြေများကို တောင်သူလယ်သမားများ ထံသို့ ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့သည်။
တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြကာ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီသော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ တပ်မြေနှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကို သိမ်းဆည်း ထားခြင်း၊ ပိုမိုသိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ် လုပ်ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတစွာ ပေးလျော်မှုမရှိခြင်း၊ ကြက်ဆူစိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်းပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုးခွင့် လျှောက်၍ တောင်သူများကို သီးစားချခြင်း၊ လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံ လျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ သိမ်းဆည်းခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ ပါဝင်သည်။