ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး (တိုင်းအုပ်ချုပ်ရေးမှူး) ဦးအေးကျော်နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ရာ ယင်းသဝဏ်လွှာအား ယမန်နေ့ကကျင်းပသည့် လွှတ်တော် ပုံမှန် အစည်းအဝေးတွင် သတင်းမီဒီယာများအား သတင်းယူခွင့်မပေးဘဲ တံခါးပိတ်၍ ဖတ်ကြားခဲ့သည်။
လုံခြုံရေးအခြေအနေကြောင့် ခေတ္တရွှေ့ဆိုင်းထားသည့် ဆဌမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးအား ယမန်နေ့က ပြန်လည်စတင်ခဲ့ရာ လွှတ်တော်သို့ သတင်းယူရန်ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား အပြင်သို့ ထွက်စေခဲ့ပြီးမှ နိုင်ငံတော်သမ္မတ၏သဝဏ်လွှာကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က သတင်းယူဖို့ လွှတ်တော်ထဲ ဝင်ထိုင်ပြီး စောင့်နေတဲ့အချိန် လွှတ်တော်ရုံးအရာရှိ တဦးရောက်လာပြီးတော့ အရေးကြီးကိစ္စရှိလို့ သတင်းမီဒီယာသမားတွေ ခဏ အပြင်ထွက်ပေးပါဆိုပြီး လာပြောတယ်။ ကျနော်တို့တင်မကဘူး သူတို့အစိုးရအဖွဲ့က သတင်းယူနေတဲ့ တီဗီသမား၊ ဓာတ်ပုံသမားနဲ့ အသံပိုင်းထိန်းချုပ်တဲ့စက်ခန်းက ဝန်ထမ်းတွေပါ အပြင်ကိုထွက်ခိုင်းတယ်”ဟု ပုသိမ်အခြေစိုက် ပြည်တွင်းသတင်းထောက်တဦးက ဧရာဝတီကို ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ပြန်လည်ပြောဆိုချက်အရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးပို့သည့်သဝဏ်လွှာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအေးကျော်မှာ ရာထူးကိုအကြောင်းပြု၍ အဂတိလိုက်စားခြင်း၊ မလျော်သြဇာသုံးခြင်းများ ပြုလုပ်နေကြောင်း ယခင် လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့်က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့၍ တင်ပြခဲ့သည်ဟု ပါရှိသည်။
ထိုသို့တင်ပြမှုကြောင့် နိုင်ငံတော်သမ္မတက ပြည်ထဲရေး ဝန်ကြီးဌာနသို့ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ရာ ပြည်ထဲရေးဌာနဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို အမိန့်ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်းသို့လာရောက်၍ ဦးအေးကျော်အား စစ်ဆေးခဲ့ကြကြောင်း၊ ယင်းစစ်ဆေးမှု ရလာဒ်အား သမ္မတထံ တင်ပြပြီးနောက် သမ္မတက ဧရာဝတီတိုင်းလွှတ်တော်သို့ စာအမှတ် ၁၈၆ (၁) /၈/ သမ္မတရုံးဖြင့် သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
“သဝဏ်လွှာမှာ အချက် ၁၂ ချက်ပါတယ်။ အဲဒီအထဲက ၂ ချက်ကတော့ သူ့အနေနဲ့ (ဦးအေးကျော်) ဥပဒေနဲ့ငြိစွန်းနေလို့ သက်ဆိုင်ရာဌာနတွေက ဆက်လက်စုံစမ်းစစ်ဆေး သင့်တယ်လို့ ရေးထားတယ်။ ကျန်တာကတော့ သံသယနဲ့တိုင်ကြားတဲ့အချက်တွေပါလို့ ရေးထားတယ်”ဟု ပုသိမ်ခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
ဦးအေးကျော်မှာ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ မြေဧက ၅၀၀ ကို ၎င်း၏ ဇနီးနာမည်ဖြင့် ရယူထားကြောင်း၊ ငွေဆောင်ဒေသရှိ ဦးဖိုးဆိတ်ဖြူ ပိုင်ဆိုင်သည့်မြေအား ငွေကျပ် ၆ သိန်း နစ်နာကြေးပေး၍ သိမ်းယူခဲ့ကြောင်း သဝဏ်လွှာနှင့်ပူးတွဲပေးပို့သည့် စစ်ဆေးပေါ်ပေါက်မှုများတွင် ဖော်ပြထားသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက “လူ့အဖွဲ့အစည်း တခုကို စီမံခန့်ခွဲဖို့ အခွင့်အရေးရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ် တယောက်အနေနဲ့ဖြစ်ဖြစ်၊ အဖွဲ့အစည်း တရပ်အနေနဲ့ဖြစ်ဖြစ် ကိုယ့်ရဲ့လွပ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိတာထက် ပိုလွန်ပြီး မလုပ်မိဖို့၊ ပြည်သူလူထုရဲ့တရားမျှတစွာ ရသင့်တဲ့အခွင့်အရေးကို မထိပါး၊ မကျူးလွန်မိဖို့ အတွက် ထိန်းကျောင်းပေးတဲ့စနစ် (Check and Balance) ရှိဖို့ အမှန်ပင်လိုအပ်ကြောင်း ဒီဖြစ်ရပ်က သက်သေပြနေပါတယ်”ဟု လွှတ်တော်၌ မှတ်ချက်ပေးခဲ့သည်။
ထူးခြားသည့်ဖြစ်ရပ်တခုမှာ သမ္မတ၏ သဝဏ်လွှာ ပထမပိုင်းအား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပြီး သဝဏ်လွှာ ဒုတိယပိုင်းကို လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်းအား ဖတ်ကြားစေခဲ့ရာ လွှတ်တော် ဒု ဥက္ကဋ္ဌက သဝဏ်လွှာတွင် ရေးသားထားသည့် ဦးအေးကျော်၏ အမည်ကို ချန်လှပ်၍ ဖတ်ရှုခဲ့ခြင်း ဖြစ်သည်။
“ဒု ဥက္ကဋ္ဌက သဝဏ်လွှာအစပိုင်းမှာ ဦးအေးကျော်နာမည်ကို ကျော်ဖတ်နေတော့ လွှတ်တော်ဥက္ကဋ္ဌက နာမည်ကိုပါ ထည့်ဖတ်လို့ ခိုင်းတော့မှ ဦးအေးကျော် နာမည်ကို ထည့်ဖတ်တာဗျ”ဟု ဖျာပုံခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
သတင်းမီဒီယာများကို လွှတ်တော်အပြင်သို့ ထွက်ပေးရန်စေခိုင်းသူမှာ မိမိမဟုတ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
“မီဒီယာတွေကို လွှတ်တော်အပြင်ဘက်ထွက်ဖို့ ကျနော်မခိုင်းခဲ့ပါဘူး။ ဒီသဝဏ်လွှာကိစ္စကို ကျနော့်အနေနဲ့ ဘာမှဖုံးကွယ်စရာအကြောင်းမရှိသလို မီဒီယာတွေကိုလည်း မရေးပါနဲ့လို့ တားမြစ်စရာ မရှိပါဘူး”ဟု ဦးတင်စိုးက ဧရာဝတီကို ပြောသည်။
နိုင်ငံတော်သမ္မတ အနေဖြင့် တိုင်းအဆင့်ထိပ်တန်းအရာရှိတဦး၏ ဥပဒေချိုးဖောက်မှုအား အများပြည်သူသိရှိစေရန် ရည်ရွယ်ချက်ဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်းအား သတင်း အမှောင်ချသည့်လုပ်ရပ်မှာ ဒီမိုကရေစီလမ်းကြောင်းနှင့် သွေဖီနေကြောင်း ပုသိမ်ခရိုင်မှ အမည်မဖော်လိုသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။
“နိုင်ငံတော်သမ္မတကြီးက သူ့ဝန်ထမ်းကို တိုးတိုးတိတ်တိတ် အရေးယူချင်ရင် နေပြည်တော်ကိုခေါ်ပြီး ဌာနတွင်း အရေးယူလိုက်လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူသိစေဖို့ လွှတ်တော်ကိုသဝဏ်လွှာပေးပို့ ဖတ်ကြားစေခဲ့တာကို သတင်းမီဒီယာတွေ သတင်းယူလို့မရအောင် ဟန့်တားပိတ်ပင်ခဲ့တာက မလုပ်သင့်တဲ့အရာပါ။ အောက်ခြေအဆင့်တွေမှာ ပွင့်လင်းမြင်သာမှု ရှိသင့်နေပါပြီ”ဟု ယင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
လွှတ်တော်တွင် အာဏာအရှိဆုံးဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌမခိုင်းစေဘဲ သတင်း မီဒီယာများအား လွှတ်တော်ခန်းမအပြင်ဘက်သို့ထွက်ရန် စေခိုင်းခဲ့သူအား စုံစမ်းစစ်ဆေးပြီး ဥပဒေဖောက်ဖျက်ကျူးလွန်ပါက အပြစ်ပေးအရေးယူစေလိုကြောင်း ပုသိမ်အခြေစိုက် သတင်းသမားများက ပြောသည်။
တိုင်းမင်းကြီးဟု အများခေါ်ကြသည့် ဦးအေးကျော်မှာ ဧရာဝတီတိုင်းအုပ်ချုပ်ရေးမှူး၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းလွှတ်တော်ရုံးအကြီးအကဲတာဝန်များကို ၂၀၁၁ ခုနှစ်က စတင်၍ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။