နိုင်ငံတဝန်း လုံးတွင် ပြည်သူ လူထုကို တိုက်ရိုက် အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်က ကျပ် ၃၃ ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း လွှတ်တော် အသိုင်းအဝိုင်းမှ သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံဖြိုးရေး ပြုလုပ်ရန် မဲဆန္ဒနယ်တခုလျှင် ကျပ်သိန်း တထောင်စီ သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်မှ တာဝန်ခံ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် စီမံရေးရာဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မြဝင်းက ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိဒေသတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ငွေကြေးလိုအပ်ပါက လွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပြရမည် ဖြစ်ပြီး ဥက္ကဋ္ဌမှ စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်သည်။
“တနှစ်လုံးစာ သိန်းတထောင်ဆိုပြီး ပေးထားမှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို မသတ်မှတ်ရသေးဘူး။ ဘတ်ဂျက်ချထားတဲ့ အဆင့်ပဲရှိသေးတယ်” ဟု ဒေါ်ခင်မြဝင်းက ရှင်းပြသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရရှိလာမည့်ငွေကြေးမှာ နိုင်ငံတော် စီမံကိန်းများတွင် အသုံးပြုမည့် ငွေကြေးများကို လွှတ်တော်မှ စိစစ်လျှော့ပေါ့ ဖြတ်တောက်၍ ရရှိလာသည့် ပိုငွေကို အသုံးပြုခြင်း ဖြစ်ကြောင်း လွတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
နေပြည်တော် စီမံကိန်းအသုံးစရိတ်ဖြစ်သော ၁၇၈ ဘီလီယံမှ ရာခိုင်နှုန်း ၃၀ ဖြစ်သည့် ဘီလီယံ ၅၀ ကျော်ကို လွှတ်တော်မှ စိစစ်ဖြတ်တောက်ကာ ၎င်းဘီလီယံ ၅၀ ထဲမှ ၃၃ ဘီလီယံကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူလူထု လိုအပ်ချက် ရှိနေသော နေရာများတွင် တိုက်ရိုက်သုံးစွဲမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
“မြို့နယ်ပေါင်း ၃၃၀ အတွက် ၃၃ ဘီလီယံကို အတည်ပြုပေးလိုက်တယ်။ ၃၃ ဘီလီယံဆိုတော့ တမြို့နယ်ကို သိန်း တထောင်လောက် သုံးစွဲခွင့်ရမယ်” ဟု သူက ဆိုသည်။
ပြည်သူလူထု အခြေခံလိုအပ်ချက်များဖြစ်သော ကိစ္စရပ်များကို ဖြည့်ဆည်းပေးနိုင်ရန် လွှတ်တော်တွင် ဝိုင်းဝန်း ဆွေးနွေး ကြသည့်အခါ ပြည်သူ့အသံ၊ ပြည်သူဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ကြခြင်း ဖြစ်ကြောင်း၊ ယခုကိစ္စကိုလည်း ထိုနည်းလည်းကောင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
“အောက်တိုဘာလမှာ ဘတ်ဂျက်စရမယ်လို့ ကြားတယ်။ ကျမတို့က အောက်ခြေမှာတော့ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ဒေသဖွံဖြိုးရေး လုပ်ဖို့တိုင်ပင် နေကြပြီ” ဟု ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ နိုင်ငံတော် ဘတ်ဂျက်ရယူကာ ဒေသဖွံဖြိုးရေး ဆောင်ရွက်ခြင်းသည် အုပ်ချုပ်ရေး မဏ္ဍိုင်မှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စွက်ဖက်လိုသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံ တည်ဆောက်နေသူ အားလုံးဝိုင်းဝန်း လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောကြသည်။
“နိုင်ငံတော် ဘတ်ဂျက် အကြီးကြီးမှာ မပါဘဲနဲ့ ဒေသမှာ ရုတ်တရက်ပေါ်လာတဲ့ ကိစ္စတွေရှိမယ်။ ဥပမာ အောက်ခြေမှာ ပြည်သူလူထု အသိဉာဏ်တိုးအောင် စာကြည့်တိုက် တခုလိုတယ်ဆိုရင် နိုင်ငံတော်ကို တင်ပြီးတော့ ဘတ်ဂျက် တောင်းခံပြီး လုပ်မနေတော့ဘူး။ ဒီငွေကနေ စိုက်ထုတ်ပြီးတော့ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ” ဟု ဒေါ်ခင်ဝိုင်းကြည်က
ရှင်းပြသည်။
လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံဖြိုးရေး ဆောင်ရွက်ရန် ဘတ်ဂျက်လျာထား သုံးစွဲမှုနှင့် ပတ်သက်၍ သမ္မတရုံး အကြီးတန်း အရာရှိတဦးက “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီဖြစ်ဖို့ လိုသလို၊ ပြည်သူလူထု တကယ် လိုအပ်တယ် ဆိုရင်တောင် ဥပဒေတရပ် ရေးဆွဲပြီးမှ အကောင်အထည် ဖော်သင့့်တယ်” ဟု မှတ်ချက်ပြုသည်။
အိန္ဒိယနိုင်ငံတွင် မဲဆန္ဒရှင် ပြည်သူလူထုအတွက် ဒေသဖွံဖြိုးရေး ဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များအတွက် သီးသန့် ရန်ပုံငွေတရပ်ကို စီမံကိန်း အသုံးစရိတ်တွင် ထည့်သွင်း ရေးဆွဲထားကြောင်းလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ထံမှ သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဒေသဖွံဖြိုးရေး လုပ်ဆောင်ပေးမည်ဆိုပါက အောက်ခြေအထိ ကွင်းဆင်းကာ လူထုလိုအပ်ချက်ကို အကောင်အထည်ဖော်ပေးစေချင်ကြောင်း မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။
“ကျနော်တို့ မြို့နယ်ထဲမှာ မကောင်းသေးတဲ့ လမ်းတွေ အများကြီးရှိသေးတယ်။ အဲဒါတွေ ဦးစားပေး ပြင်ပေးစေချင်တယ်။ ကျနော်တို့ဆီမှာ ဗိုလ်မင်းရောင်လမ်းမကြီးကို စည်ပင်က တဝက်ပဲခင်းပေးထားတယ်။ ၄၀ ဈေး ဒီဘက်ဆိုရင် လမ်းလုံး၀ မကောင်းတော့ဘူး။ အဲဒီလမ်းကို ပြင်ပေးစေချင်တယ်” ဟု သူက ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ခွင့်ကို ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ လိုအပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းများသို့ လာရောက် အကူအညီတောင်းခံနိုင်ကြောင်း၊ လူထုလိုအပ်သော အကူအညီများကို ဥပဒေ ဘောင်အတွင်းမှ အကူအညီပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်သည် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရန်ပုံငွေ သီးခြားသုံးစွဲခွင့် ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း၊ ၎င်းအချက်ကို သမ္မတရုံးမှ သဘောမတူခဲ့သောကြောင့် သမ္မတ လက်မှတ်မထိုးဘဲ အတည်ပြုထားသော ဥပဒေများဖြစ်ကြောင်း သိရသည်။