ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဂီရိမုန်တိုင်း ဒဏ်ခံရသည့် ဒေသတချို့တွင် သောက်သုံးရေ ရှားပါး ပြတ်လပ်မှု ဖြစ်ပွားနေ သည်မှာ တလ ဝန်းကျင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဂီရိမုန်တိုင်းဒဏ် အများဆုံးခဲ့ရသော မြေပုံမြို့အတွင်းရှိ စိတ္တရ၊ ကွင်းချောင်း၊ ကောင်းဘွေ၊ ရနီကြီး၊ ငွေတွင်းစု၊ အငုံရွာ၊ ပြိန်တော၊ နတ်ချောင်း စသည့် ကျေးရွာ ၃၀ ဝန်းကျင်တွင် ရေပြတ်လပ်နေကြောင်း၊ ရေကန် တချို့မှာလည်း ဆားငန်ရေ ဝင်သွားသည့်အတွက် အသုံးပြုမရ ဖြစ်နေကြောင်း မြေပုံ ဒေသခံများက ဧရာဝတီ ကို ပြောသည်။
“သောက်ရေရော ရေချိုးဖို့ အဝတ်လျှော်ဖွတ်ဖို့ ရေလည်း ရှားပါးနေတယ်၊ ဒီရေ တက်တာများလို့ ရွာထဲတွေ ရေဝင်တယ်၊ ရေတွင်း ရေကန်တွေ ဆားငန်ရေတွေ ဖုံးသွားတယ်”ဟု ကုက္ကိုရွာခံ ဒေါ်အေးအေးသန်း က ပြောပြသည်။
ရေရှားပါးနေသည့် ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စက်လှေများ၊ မော်တော်ဘုတ်များဖြင့် ရေရှိသည့် တခြား ဒေသများတွင် သွားရောက် သယ်ယူရကြောင်း၊ တခြားဒေသများမှာလည်း ရေနည်းပါးလာသည့်အတွက် မကြာမီ ရေပြတ်လပ်မှုများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း မြေပုံဒေသခံများက ပြောဆိုကြသည်။
ရခိုင်ပြည်တွင်းရှိ တခြားသော မြို့နယ် တချို့တွင်လည်း ရေရှားပါးမှု ဖြစ်နေပြီး မြေပုံမြို့နယ်သည် ရေပြတ်လပ်မှု အဆိုးဆုံး ဒေသ တခုဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ကူညီပေးမှု မရှိကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
ဒေသခံများသည် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိသည့် အတွက် ဂီရိမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေတွင်း၊ ရေကန် များကို ပြန်လည် မပြုပြင်နိုင်ကြောင်း၊ လယ်မြေအများစုမှာလည်း ယနေ့အထိ လုပ်ကိုင်စားသောက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“တရက်မှာ ကျပ် ၁၀၀၀ ရမယ့်အလုပ်တောင် မရှိဘူးဖြစ်နေတော့ ထိုင်း၊ မလေးနဲ့ ကချင်ဘက်တွေကို လစဉ် ရာနဲ့ချီပြီး ထွက်ခွာနေ ကြတယ်”ဟု မြေပုံ ဒေသခံ ဦးသန်းရွှေ က ပြောသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှှုံးမှု အများအပြားရှိခဲ့သော်လည်း ပျက်စီးမှု အများဆုံးမှာ မြေပုံမြို့နယ် ဖြစ်သည်။
ထိုမြို့နယ်များမှ ဒေသခံများသည် ဂီရိဖြစ်ပွားပြီး နောက်ပိုင်း အလုပ်အကိုင်ရှားပါး၍ မိမိတို့ဒေမှ စွန့်ခွာသွားနေကြကြောင်း ရခိုင် ဒေသ ခံများက ပြောပြသည်။
ဂီရိဒေသမှ ဒုက္ခသည်များကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး(UNOCHA) နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၊ NGO အဖွဲ့များ၊ လူမှုအဖွဲ့များ၏ ကူညီထောက်ပံ့မှုများသည် ၂၀၁၁ ခုနှစ် နှောင်းပိုင်းမှစ၍ ရပ်ဆိုင်းသွားကြောင်း သိရသည်။
ဂီရိဆိုင်ကလုန်း မုန်တိုင်းသည် တနာရီလျှင် မိုင် ၁၂၀ ဝန်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသတလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့၍ လူ ရာဂဏန်းအထိ သေဆုံးခဲ့သည်။