Crime

မီးလောင်ရာ လေပင့်ပေးသူများ

This article has been converted from Zawgyi One to Unicode

မကြာမီက လွတ်လပ်ခွင့်ရလာသော မြန်မာနိုင်ငံ၏ အင်တာနက်မှ ဝက်ဆိုက်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ယခုအခါ ဝါဒဖြန့်ချီရေးက ရှောင်မလွတ်နိုင်အောင် ဖြစ်လာနေသည်။ တပ်မတော်ကို ထောက်ခံခြင်း သို့မဟုတ် မူဆလင်များကို အလုံးစုံဆန့်ကျင်ခြင်း၊ မီဒီယာများကို တိုက်ခိုက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုဝေဖန်ခြင်းတို့က Facebook စာမျက်နှာများနှင့် ဘလော့ဂ်များပေါ်တွင်ပြည့်နှက်နေသည်။

ဤလမ်းကြောင်းကို မည်သူတွေက ဖန်တီးလုပ်ကိုင်နေကြသည် ဆိုခြင်းကို တိတိကျကျ သိရှိရန် မဖြစ်နိုင်သော်လည်း ပါဝင်သော အကြောင်းအရာနှင့် ရုပ်ပုံတွေက ရေးသားသူများကို မှန်းဆနိုင်ဖို့ သဲလွန်စတွေ ထုတ်ပေးထားသည်။ အများစုက နိုင်ငံတော်အလံ၏ ပုံရိပ်ကို သုံးလေ့ရှိကြပြီး ကျန်သည့်သူတွေကတော့ ပြင်ဦးလွင် စစ်တက္ကသိုလ် အဝင်ဝတွင်ထားရှိသော စစ်ဘုရင်တပါး၏ ရုပ်ထုပုံကို နှစ်ချိုက်စွာ အသုံးပြုကြသည်။

မျက်မြင်သိနိုင်သည့် အကြောင်းအရာ မဟုတ်သော်လည်း သူ့အနေဖြင့် ထိုဝက်ဆိုတ်အများစုကို စစ်ဖက်က လုပ်ကိုင်နေသည်ဟု ခံစားရကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး  ဦးအာစရိယက ပြောသည်။

“စစ်ဘုရင်တွေဆိုတာ စစ်တပ်ကို ကိုယ်စားပြုတယ်လေ၊ ဒီတော့ သူတို့တွေက စစ်တပ်နဲ့ တနည်းနည်းနဲ့ ပတ်သက်မှု ရှိရမယ်” ဟု သူက ဆို၏။

Myanmar ICT for Development Organisation ၏ အမှုဆောင် ညွှန်ကြားရေးမှုး ဖြစ်ပြီး ဘလော့ဂါ တဦးလည်းဖြစ်သူ နေဘုန်းလတ်က ဘလော့ဂ် အများအပြားသည် အစိုးရ ဝါဒဖြန့်ချီရေး လမ်းကြောင်းများဖြစ်သည်ဟု ယုံကြည် ကြောင်း ပြောသည်။ အချို့သော အုပ်စုများသည် သတင်းအချက်အလက်များကို အင်တာနက်ပေါ်သို့ လျှင်မြန်စွာ တင်ပို့ ဖြန့်ချီနိုင်ကြသည်မှာ သံသယဖြစ်ဖွယ် ကောင်းသည်ဟု သူကဆို၏။ အထူးသဖြင့် ဆူပူမှုဖြစ်စေရန်လှုံ့ဆော်သော အကြောင်းအရာများဖြစ်သည်။

“အဲဒီဆိုက်တွေမှာ နိုင်ငံတော်အလံနဲ့ နေပြည်တော်ရဲ့ဓါတ်ပုံတွေ တင်ထားကြတယ်။ နောက်ပြီး သူတို့ရဲ့ သတင်းအများစုက အစိုးရ ဝက်ဆိုက်တွေကသတင်းတွေ”ဟု နေဘုန်းလတ်က ပြောသည်။

သံသယဖြစ်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း ထိုဝက်ဆိုက်များ၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို တိကျစွာ သက်သေပြရန် ခက်ခဲနေသေးသည်ဟုလည်း ဆိုသည်။

“ဒီအဖွဲ့တွေက လမ်းကြောင်း နှစ်ခုကိုသုံးတယ်၊ ပထမတခုက လူမျိုးရေး ဘာသာရေးအုပ်စုတွေကြားမှာ ပဋိပက္ခတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဖို့၊ နောက်တခုက သူတို့ကို ထောက်ခံအားပေးတဲ့သူတွေနဲ့ ဆက်သွယ်ဖို့သုံးတယ်” ဟု သူက ဆက်ပြောသည်။

ရေးသူ မသိရှိရသည့် ဝက်ဆိုက် ၁၀ခုကို အလွတ်သဘော လေ့လာကြည့်သည့်အခါ ထိုဆိုက်အားလုံးတွင် စစ်တပ်ကိုထောက်ခံခြင်း၊ မူဆလင်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအတိုက်အခံများကို ဆန့်ကျင်တိုက်ခိုက်ခြင်း စသော အကြောင်းအရာများ ပါဝင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် အခြား သြဇာရှိသော လူ့အခွင့်အရေးလှုပ်ရှားသူများမှာ သူတို့ အဓိကထားပြီး ပြောဆို တိုက်ခိုက်ခြင်း ခံကြရသူများဖြစ်သည်။

ဝင်ရောက်ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ရန်အတွက် ၎င်းဝက်ဆိုက်များသည် ညစ်ညမ်းဓါတ်ပုံနှင့် ရုပ်ရှင်များ၊ အတင်းအဖျင်းများနှင့် လိင်ကိစ္စ ဦးစားပေးသော ကောလဟာလများကို ဖော်ပြကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ခံရစဉ်အတွင်း ကလေးတယောက်မွေးခဲ့သည် ဆိုသောသတင်းမျိုးသည်လည်း ထိုအထဲတွင် တခု အပါအဝင်ဖြစ်သည်။

လူသိများသော ဝက်ဆိုက်တခုမှာ Myanmarexpress.net ဖြစ်ပြီး ၎င်းကို ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချိန်မှ လွတ်မြောက်လာသည်နှင့် မရှေးမနှောင်းမှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် မှတ်ပုံတင်ထားသော ထိုဝက်ဆိုက်အား စတင် ဖန်တီးခဲ့ချိန်မှစ၍ အကြိမ်ရေ ၂၂သန်းကျော် ဝင်ရောက်ကြည့်ရှုမှု ရှိခဲ့သည်။

ထိုသို့သော ဝက်ဆိုက်များ၏ နောက်တွင် စစ်တပ်ရှိနေနိုင်သည်ဆိုသည့် ယူဆချက်ကို ပိုမိုလေးနက်စေသည့် အကြောင်းတခုမှာ သတင်း နည်းပညာနှင့် ပတ်သက်၍ အဆင့်မြင့်သင်တန်းများ တက်ရောက်ထားသူ အမြောက်အများ တပ်မတော်တွင်းမှာ ရှိနေသောကြောင့်ဖြစ်သည်။

အစိုးရ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် ရုရှားတက္ကသိုလ်များတွင် ပညာသင်ကြားရန် ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၀-၂၀၁၁ စာသင်နှစ်အထိ နှစ်စဉ် လူငါးရာခန့် စေလွှတ်ကြောင်း Anton Khlopkov နှင့် Dmitry Konukhov တို့က ၂၀၁၁ခုနှစ်ထုတ် Nuclear Club journal ဂျာနယ်တွင်ရေး သားသော “ရုရှား၊ မြန်မာနှင့် နျူကလီယား နည်းပညာ” ဆောင်းပါးတွင် ဖော်ပြထားသည်။ ရုရှားတက္ကသိုလ်များသို့ မြန်မာနိုင်ငံမှ ကျောင်းသားစေလွှတ်မှုက အခြားသောနိုင်ငံများ ထက် ပို၍များသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းနည်းပညာကျောင်းများမှ ဘွဲ့ရရှိသူများရှိနေသော်လည်း ရုရှားတွင် ပညာသင်ကြားရန် စေလွှတ်ခြင်း ခံရသူ အများစုမှ စစ်ဖက်မှ ဗိုလ်နှင့် ဗိုလ်ကြီးအဆင့် အရာရှိများသာဖြစ်သည်ဟု သတင်းများက ဆိုသည်။

စိုင်းသိန်းဝင်းသည် စစ်တပ်မှ ဗိုလ်မှူးဟောင်းတယောက်ဖြစ်ပြီး အစိုးရ၏ သံသယဖြစ်ဖွယ်ရာ နျူကလီးယားလက်နက် အစီအမံများကို ကမ္ဘာသိအောင် ဖွင့်ဟထုတ်ဖေါ်ပြော၍ ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့သူဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံ၌ နေထိုင်သော စိုင်းသိန်းဝင်းက ၂၀၁၁ က သူ၏ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခံလိုက်ရပြီးနောက် သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို Myanmarexpress.net တွင် ဖော်ပြထားသည်ကို တွေ့ရကြောင်း ပြောသည်။

သူ၏ နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖောက်ထွင်းဝင်ရောက်သူကို ခြေရာခံထောက်လှမ်းခဲ့ရာ စစ်ဖက်က လူတယောက် ဖြစ်နေသည်ကို တွေ့ရကြောင်း စိုင်းသိန်းဝင်းကပြောသည်။

“အဲဒီလူက ရုရှားမှာ ကျောင်းတက်သွားတဲ့ စစ်တပ် အရာရှိတယောက်ပါ၊ မြန်မာနိုင်ငံကနေ သူ အသုံးပြုတဲ့ IP လိပ်စာကိုပါ ကျနော်ပြောပြနိုင်ပါတယ်” ဟု သူကဆိုသည်။

စိုင်းသိန်းဝင်းက Myanmar Express နှင့် Opposite Eyes ကဲ့သို့သော ဝက်ဆိုက်များသည် အစိုးရ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိသည် ဆိုသည်မှာ အလွန်သိသာကြောင်း ဆက်ပြောသည်။

“သူတို့ဆီမှာတင်နေတဲ့ ဓာတ်ပုံတွေ သတင်းအချက်အလက်တွေက အပြင်မှာမရှိဘဲ ရဲဖက် နဲ့ စစ်ဖက်မှာပဲ ရနိုင်မယ့်ဟာမျိုးတွေ၊ ဒီလိုဆိုက်တွေကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်လို၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့လို ပုဂ္ဂိုလ်မျိုးတွေအပေါ်မှာ လူထုအမြင် ဆန့်ကျင်ဖက် ပြောင်းသွားအောင်လုပ်ဖို့ပဲ၊ ရခိုင်လိုမျိုး မိတ္ထီလာလိုမျိုး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင်လည်း ပိုကြီးထွားအောင်ဝင်မွှေ ကြတယ်” ဟု စိုင်းသိန်းဝင်းက ဆိုသည်။

ပဋိပက္ခတွင် ပတ်သက်ခြင်း

မြန်မာနိုင်ငံ အနောက်ဖက် ဝေးလံခေါင်ဖျားသော ကျောက်နီမော်ရွာတွင် ရခိုင်အမျိုးသမီးတယောက်ကို မူဆလင်ယောကျၤားတစုက အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်လိုက်သော မှုခင်းတခု ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ အစိုးရဖက်က တရားဝင် သတင်းမထုတ်ပြန်မှီ အချိန်များစွာစောပြီး မရေတွက်နိုင်သော ဝက်ဆိုက်များတွင် ထိုသတင်းကို ဖော်ပြနေကြပြီဖြစ်သည်။

သေဆုံးသွားသော မိန်းကလေး၏ ဓါတ်ပုံတပုံကိုလည်း မူရင်းဇစ်မြစ်ကို တိကျစွာ ဖော်ပြနိုင်ခြင်းမရှိဘဲ တင်ခဲ့ကြသည်။

သေချာစေသောအချက်တခုမှာ ထိုသို့ ဖော်ပြလိုက်ကြပြီး တပတ်မျှမကြာမှီ အချိန်အတွင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း နောက်ထပ်မှုခင်းတရပ် ဖြစ်ပွားသွားခဲ့သည်။ ဒေါသမီး တောက်လောင်နေသော လူတစုက လက်စားချေသည့်အနေဖြင့် မူဆလင် ဘုရားဖူး ၁၀ ယောက်ကို ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်ကြသည်။ ထိုဖြစ်ရပ်က ရခိုင်ပြည်နယ်အတွင်းတွင်  ဗုဒ္ဓဘာသာနှင့် မူဆလင်များ ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွားသွားစေခဲ့သည်။

အဓိကရုဏ်း စတင်ဖြစ်ပွားချိန်မှ စ၍ လူ ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး မရေမတွက်နိုင်သော ဒဏ်ရာရသူများ ရှိခဲ့ကာ လူ ၇၀၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ လူနေအိမ် ၁၆၀၀၀ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ ဗလီ ၄၅ ခုနှင့် စာသင်ကျောင်း ၃ ကျောင်း ပြိုလဲပျက်စီးခဲ့ရသည်။

ထိုအကြောင်းအရာ အားလုံးကို အွန်လိုင်းကွန်ယက်များနှင့် ဝက်ဆိုက်များတွင် ဖော်ပြပြီး မုန်းတီးမှုနှင့် အယုံအကြည် ကင်းမဲ့မှုတွေ တိုးပွားလာအောင် မီးလောင်ရာ လေပင့်ခဲ့ကြသည်။

အင်တာနက်ပေါ်မှ ရန်ဘက်များနှင့် အတူယှဉ်တွဲကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးဝီရသူကလည်း သူ၏ မူဆလင် ဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို မြှင့်တင်ဆောင်ရွက်ရန် စိတ်အားထက်သန်လာသည်။ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုဖြင့် ၂၀၀၃ ခုနှစ်က ဖမ်းဆီးခြင်းခံခဲ့ရသော ဦးဝီရသူသည် ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဦးဝီရသူသည် လတ်တလော ခေတ်စားနေသည့် ၉၆၉ လှုပ်ရှားမှုကို ဖန်တီးသူလည်းဖြစ်သည်။ ၉၆၉ ဆိုသည့် ကိန်းဂဏန်းများသည် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာကို ကိုယ်စားပြုကြောင်း သူကပြောသည်။

ပို၍အရေးကြီးသောအချက်မှာ မြန်မာနိုင်ငံတွင်းရှိ မူဆလင်အသိုင်းအဝိုင်းက သုံးစွဲသော ၇၈၆ ဆိုသည့် သင်္ကေတကို တုန့်ပြန်ရန်ဖြစ်သည်ဟု သူကဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးကမူ ၇၈၆ ဆိုသောဂဏန်းသည် “မြန်မာနိုင်ငံက မူဆလင် အသိုင်းအဝိုင်းကြားမှာ လူကြိုက်များတဲ့ ကံကောင်းစေတဲ့ ဂဏန်းတခု သက်သက်ပါ” ဟု ပြောသည်။

နောက်ဆုံးဖြစ်ခဲ့သော မိတ္ထီလာဖြစ်ရပ် မတိုင်မီကာလကတည်းက ဒုက္ခရောက်တော့မှာ သတိထားမိခဲ့ကြောင်း ဦးကျော်စိုးက ပြောသည်။ ပဋိပက္ခများသည် မူဆလင်ဆန့်ကျင်ရေး စိတ်ဓါတ်များ ပြည်သူများ ကြားတွင်ပျံ့ပွားစေရန် လှုံ့ဆော် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ကို ယုံကြည်ကြောင်းနှင့် ၎င်းအနေဖြင့် မူဆလင်များကို ဆူပူမှု ပဋိပက္ခများနှင့် ဝေးဝေးနေကြရန် သတိပေးခဲ့ကြောင်း ဦးကျော်စိုးက ပြောပြသည်။

ဗုဒ္ဓဘာသာ သပိတ်

ယခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်နယ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးအချို့သည် ၉၆၉ ခေါင်းစီးအောက်တွင် မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆောင်ရွက်ရန် စုစည်းခဲ့ကြသည်။ ဘာသာရေးဆိုင်ရာ ဟောပြောချက်များ၊ DVD ချပ်များနှင့် စတစ်ကာများကို အသုံးပြု၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘာသာဆိုင်များတွင်သာ ဈေးဝယ်ကြရန်၊ ဗုဒ္ဓဘာသာဝင်ချင်းသာ လက်ထပ်ထိမ်းမြားကြရန်၊ ဗုဒ္ဓဘာသာချင်းသာ ကူညီထောက်ပံ့ပေးကြရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

အစိုးရက ၉၆၉ လှုပ်ရှားမှုကို ဥပေက္ခာပြုခဲ့သည့်အတွက် အံ့သြမိကြောင်းနှင့် ရန်လိုသော အသွင်ဆောင်သည့် လှုပ်ရှားမှုကို တုန့်ပြန်ရန် ဆန္ဒရှိပုံမရကြောင်း ဦးအာစရိယက ပြောသည်။

“သာသနာရေးဝန်ကြီးဌာနက ဘာသာနှစ်ခုကြားမှာ တင်းမာမှုတွေမြင့်တက်လာစေတဲ့ လှုပ်ရှားမှုမျိုးကို ခွင့်ပြုထားတာ တကယ်ကို ထူးဆန်းပါတယ်” ဟု ဦးအာစရိယက သူ၏ အမြင်ကို ပြောသည်။ “၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပြီးတော့ ဘုန်းကြီးတို့ကို ဂျီမေးလ် အကောင့်လေးတခု သုံးမိတဲ့အတွက် ထောင် ၁၅ နှစ်ချတယ်။ အခု ပေါ်ပေါ်ထင်ထင် မီးမွှေးနေတဲ့ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုကျတော့ ဘာဖြစ်လို့ အရေးမယူတာလဲ” ဟု သူက မေးခွန်းထုတ်လိုက်သည်။

လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆန့်ကျင်သည့် ကို ၉၆၉ လှုပ်ရှားမှု၏ အတွေးအမြင်များပါဝင်သည့် ဟောပြောချက်များ၊ DVD ချပ်များကို အင်တာနက်ဝက်ဆိုက်များမှ နေ၍ ကူညီ ပျံ့နှံ့စေခဲ့ကြောင်း ဦးအာစရိယက ပြောသည်။

“နိုင်ငံရေးနဲ့ပတ်သက်ပြီး ရည်ရွယ်ချက်ရှိတဲ့ လူတစုက ဘာသာရေး အယူသီးတာကို အသုံးချပြီး သေသေချာချာ အကွက်ချ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ပါ။ ဘုန်းကြီးရဲ့ ဒကာ၊ ဒကာမတွေကို ကြားထဲကနေ အသုံးချခံ၊ အစတေးခံ တွေ မဖြစ်စေနဲ့လို့ သတိပေးခဲ့ရတယ်” ဟု သူကပြောပြသည်။

ဦးကျော်စိုးကလည်း သူ့အနေဖြင့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေထံသို့ စာရေးသားပြီး ရန်ကုန်မြို့တော်တွင် လူမျိုးရေးမုန်းတီးမှုနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်နေသော ဘာသာရေးအမည်ခံအဖွဲ့များကို ဟန့်တားပေးပါရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။

“အစိုးရဖက်က ဒီလိုလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ဘာကြောင့် မလုပ်ဆောင်ခဲ့ရသလဲဆိုတာ ကျနော် နားမလည်ဘူး။ ဒီအတွက် တကယ် စိတ်မကောင်းဖြစ်ရပါတယ်” ဟု သူကဆိုသည်။

ဘလော့ဂါ နေဘုန်းလတ်ကလည်း ယင်းကဲ့သို့ ကြိုးကိုင်လှုပ်ရှားမှုများကို အစိုးရဖက်က ဘာကြောင့်ခွင့်ပြုခဲ့သည် ဆိုခြင်းကို မစဉ်းစားတတ်ကြောင်းပြောသည်။

လူသတ်မှု နှင့် ကြိုးကိုင်ခြင်း

မိတ္ထီလာမြို့တွင် အဓိကရုဏ်းဖြစ်ပွားရသည့် အကြောင်းရင်းသည် မူဆလင်ရွှေဆိုင်ပိုင်ရှင်နှင့် ဗုဒ္ဓဘာသာ ဖောက်သည်နှစ်ယောက်တို့ အချေအတင်ဖြစ်ရာမှ စတင်ခဲ့ခြင်းဟု အများကလက်ခံယုံကြည်ကြသည်။

သို့သော် ကြီးမားသော လူသတ်ပွဲနှင့် ပဋိပက္ခဆီသို့ တမဟုတ်ချင်း အရှိန်မြင့်တက်သွားရခြင်းသည် အင်တာနက်ပေါ်မှ တို့မီးရှို့မီးများ၏ ကျေးဇူးကြောင့်လို့ပင် ဆိုနိုင်ပါသည်။ သူတို့၏ ဝက်ဆိုက်များနှင့် ဘလော့ဂ်တွေပေါ်မှာ ရက်စက်ခြင်း နှင့် မုန်းတီးမှု အကြောင်းအရာတွေကို ဖော်ပြပေးကြပြီး ဇာတ်ရှိန်မြင့်အောင် ပို့ဆောင်ပေးကြသည်။

ရွှေဆိုင်မှာပြဿနာဖြစ်ပြီး ဆယ်ရက်အတွင်းမှာပင် ဆူပူမှုတွေက မိတ္ထီလာမှနေ၍ အခြားမြို့ ၁၄ မြို့ဆီအထိကူးစက်သွား သည်။ ဆူပူအကြမ်းဖက်မှုများကြောင့် လူ ၄၃ ဦးသေဆုံး၍ ၈၆ ဦးဒဏ်ရာရခဲ့သည်။ ဗလီများ၊ ကျောင်းများနှင့် နေအိမ်များအပါအဝင် အဆောက်အဦး ၁၃၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆူပူမငြိမ်သက်မှုများနှင့် ပတ်သက်၍ အစိုးရဖက်က လုံလောက်သော တုန့်ပြန်မှုများ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းသည် ၎င်း၏ ပါဝင်ပတ်သက်မှုကို ဖော်ပြသည့် သက်သေဖြစ်ကြောင်း ဘလော့ဂါနေဘုန်းလတ်၊ ဦးကျော်စိုးနှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် မင်းကိုနိုင်တို့က ယူဆကြသည်။

ပဋိပက္ခများ ပြီးပြီးချင်း မိတ္ထီလာမြို့ခံ မူဆလင်များနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့သော ဦးကျော်စိုးက “ အကြမ်းဖက်တဲ့ သူတွေကိုင်တဲ့ ဓားတွေက တပုံစံထဲပဲလို့ မျက်မြင်သက်သေတွေက ပြောတယ်။ နှစ်ပေလောက်ရှည်တဲ့ ဓားတွေ။ နောက်ပြီး သူတို့တွေက အချင်းချင်း တယောက်ကိုတယောက် ဝီစီမှုတ်ပြီး အချက်ပေးကြတယ်။ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ သူတွေဆိုတာ သေချာပါတယ်” ဟုပြန်ပြောပြသည်။

အဆိုပါ လူများ၏နောက်ကွယ် ကိုယ်ယောင်ဖျောက် ကြိုးကိုင်နေသူများ ရှိနေသည့် အချက်မှာ အလွန်ရှင်းလင်း ကြောင်း ဦးကျော်စိုးကထပ်ပြောသည်။

“သူတို့က မူဆလင်တွေကိုပဲ သတ်တယ်၊ လူမျိုးတုန်း သုတ်သင်ပွဲတခု လိုပါပဲ”

နောက်ကွယ်က ကိုယ်ယောင်ဖျောက် အဖွဲ့ အစည်းနှင့် အင်တာနက် စာမျက်နှာများ၏ သွေးထိုးလှုံ့ဆော်ပေးခြင်း၊ ကြိုးကိုင်ချယ်လှယ်ခြင်းကိုသာ မခံရလျှင် မူဆလင်နှင့် ဗုဒ္ဓဘာသာများသည် ကောင်းမွန်စွာ အတူတကွ နေနိုင်ကြမည် ဟု ဦးကျော်စိုးက ဝမ်းနည်းစွာ ပြောသည်။

လက်တွေ့တွင်လည်း မိတ္ထီလာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်က မူဆလင်များကို ၎င်းတို့၏ အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်များက ခေါ်ယူ စောင့်ရှောက်ပေးခဲ့ကြသည်ဟု သူကဆိုသည်။

ဖုံးကွယ်ထားသော အကြောင်းတရားများ

ကွဲပြားခြားနားသော ဘာသာရေးနှင့် လူမှုရေး အုပ်စုများကြားတွင် အယုံအကြည် ကင်းမဲ့ခြင်းနှင့်  အပြန်အလှန် ကြောက်ရွံ့မုန်းတီးစေသော အခြေအနေမျိုးကို မြှောက်ပေးပြီး မတည်ငြိမ်သော အခြေအနေ တရပ်ကို တည်ဆောက်ခြင်းသည် ကမ္ဘာပေါ်တွင် အချို့သောအစိုးရများက သူတို့အာဏာကိုထိန်းချုပ်နိုင်ရေးအတွက် သုံးလေ့ရှိသော နည်းဗျူဟာတခုဖြစ်ပါသည်။

ဘာသာရေးနှင့် လူမျိုးရေးမုန်းတီးမှုကို သွေးထိုးလှုံ့ဆော်ပြီး ဆူပူမငြိမ်သက်မှုများ ဖြစ်ပေါ်လာသည့် အခါ စစ်တပ်အနေဖြင့် လမ်းမများပေါ်တွင် တပ်စွဲနေရာယူပြီး စစ်ဥပဒေကို ထုတ်ပြန်ကြေညာခွင့် ရရှိနိုင်မည်ဖြစ်သည်။

ချက်သမ္မတနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူ Igor Blazevic က သူ၏မိခင်နိုင်ငံ ဘော့စနီးယား၌ ၁၉၉၀ပြည့်နှစ် အစောပိုင်းကာလများတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များမှ သင်ခန်းစာထုတ်နှုတ်၍ ဧပြီ ၈ ရက်နေ့က ဧရာဝတီတွင် “ အစွန်းရောက် အမျိုးသားရေးဝါဒ၏ ဒုက္ခသံသရာ” အမည်ရှိ ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။

“လူမျိုးသန့်စင်ရေးဆိုတာ လူအုပ်စုတွေကြားမှာ ဒါမှမဟုတ် အခြေခံလူတန်းစား အသိုင်းအဝိုင်းကြားမှာ တယောက်ကို တယောက် မုန်းတီးလို့ အလိုအလျောက်ဖြစ်လာတဲ့ အကြမ်းဖက်မှု မဟုတ်ဘူး။ ဒါက လုံခြုံရေးဆိုင်ရာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုကနေပြီးတော့ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ လက်နက်ကိုင်တွေ လုပ်ရတဲ့ အလုပ်ပါ။ သူတို့တာဝန်က တရားဝင်တပ်ဖွဲ့တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ ငွေကြေးပံ့ပိုးပေးနေသူတွေနဲ့ တိုက်ရိုက် ဆက်သွယ်မှုကို ဖုံးဖုံးဖိဖိနဲ့ လုပ်ရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်” ဟု Blazevic ကပြောသည်။

မိတ္ထီလာတွင် ဖြစ်ခဲ့သောဖြစ်ရပ်များသည် ပထမဆုံး ဟုမဆိုနိုင်ပါ။ ၁၉၈၈ အရေးအခင်းမှ သတ်ဖြတ်မှုများ၊ ၂၀၀၃ ခုနှစ်မေလက ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သော ဒီပဲရင်း အရေးအခင်း နှင့် ၂၀၁၂ မေလက မူဆလင ်ဘုရားဖူး ဆယ်ယောက် တောင်ကုတ်မြို့တွင် အသတ်ခံခဲ့ရခြင်းတို့က မဝေးသေးသော သမိုင်း၏ အဖြစ်အပျက်များပင်။

ဤရက်စက်ကြမ်းကြုတ်မှုများကို မည်သူက ကျူးလွန်သည်ဆိုစေ ကျန်ရှိနေသော အကြောင်းအရာတခုမှာ အစိုးရက ပြစ်မှုများအတွက် တရားဥပဒေအရ အရေးမယူနိုင်သေးခြင်းဖြစ်သည်။ တဖက်တွင်လည်း မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးဆိုသည်မှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာရန် လိုအပ်ပြီဟု ယူဆပြီး လမ်းမများပေါ်တွင် စစ်တပ်များကို တပ်စွဲစေတော့မှ အသက်ဝင်သည်ဟု ထင်မှတ်အောင် ကြိုးစားနေခြင်းကလည်း ” နောက်ပြန်မလှည့်ဘူး” ဟူသော အစိုးရ၏ ကတိကဝတ်ကို သံသယ တိုးလာနေစေတော့သည်။

(Stirring up hatred through social media ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

Loading