အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ဝန်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြသွားခြင်း ဖြစ်သည်။
မွန်ဂိုလီးယားနိုင်ငံ အစိုးရအိမ်တော် Grand Hall တွင် ကျင်းပနေသော အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည် အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသားတိုင်းက အစိုးရများနှင့် ခေါင်းဆောင်တိုင်းအပေါ် မျှော်လင့်ချက် မြင့်မားကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုသည်။
အဂတိလိုက်စားမှုသည် ရှုပ်ထွေး နက်ရှိုင်းပြီး အလွှာအသီးသီး၌ ပြဿနာအဖြစ် တည်ရှိနေသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် နိုင်ငံတော်၏ ခွန်အား ယုတ်လျော့စေပြီး တိုင်းပြည် စီးပွားရေးကိုလည်း ဆုတ် ယုတ် စေကြောင်း အဓိကထား ဆွေးနွေးသွားသည်။
အဂတိလိုက်စားမှုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် လူထု ယုံကြည်မှု ကျဆင်းစေပြီး တန်းတူညီမျှ အခွင့် အရေးများအပေါ် ထိခိုက်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က“နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေပဲ ဖြစ် တယ်”ဟုလည်း ပြောဆိုသွားသည်။
နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ ညီလာခံ တက်ရောက်လာသူများကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြ သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆို ဆွေးနွေးခဲ့ကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။
ထို့အပြင် ဒီမိုကရေစီအား ခြိမ်းခြောက်မှု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အွန်လိုင်းနှင့် ပုံနှိပ် မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများနှင့် ဒီမိုကရေစီ စံနှုန်းများ၊ သင်ခန်းစာများ စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ရလာသော်လည်း လက်ရှိအခြေအနေများကို မျက်ကွယ်မပြုသင့်ကြောင်း၊ တိုင်းရင်းသား ပဋိပက္ခများ မြန်မာနိိုင်ငံတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကြေ ညာ ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
“တိုင်းပြည်အပေါ် အာရုံစိုက်ခံလာရချိန်မှာ ကျမတို့ လက်ရှိအခြေအနေကို မျက်ကွယ်မပြုသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမို ကရေစီ အရေးကို ကျမတို့ ကာကွယ်သွားသင့်တယ်။ အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခက ရှိနေဆဲပဲ”ဟုလည်း ဒေါ်အောင်ဆန်း စုကြည်၏ ကြေညာချက်တွင် ဖောြ်ပထားသည်။
အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မွန်ဂိုလီးယားနှင့် မြန်မာတို့မှာ အခြေအနေ ဆင်တူသည်များရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။
“မွန်ဂိုလီးယားနဲ့မြန်မာဟာလည်း ဥပမာအားဖြင့် အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံရှိတာလည်း အတူတူပါဘဲ၊ ကျမတို့ ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်။ မွန်ဂိုလီးယားရဲ့အတွေ့အကြုံတွေလည်း ကျမတို့ သင်ခန်းစာယူကြရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယနေ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းကို မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် ၂ နှစ် က ယခုကဲ့သို့ ညီလာခံမျိုးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီဒီယို မိန့်ခွန်းသာ ပေးပို့နိုင်ခဲ့ပြီး ယခုနှစ် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အတွက် လွန်စွာ ဝမ်းမြောက်ကြောင်း ထည့်သွင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှုများကြောင့် ယခုနှစ် အတွက် Geremek Award ဆုကို ပေးအပ်ရန် ညီလာခံက ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။
မွန်ဂိုလီးယား သမ္မတနှင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ ဦး တွဲဖက်၍ ဧပြီလ ၃၀ ရက် နေ့တွင် အစိုးရ အိမ်တော်၌ “Mongolia and Myanmar: Freedom and Path Toward Democracy” ခေါင်းစဉ်ဖြင့် ဟောပြောရန် ရှိကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညီလာခံသို့ တက်ရောက်ရန် ဧပြီလ ၂၇ နေ့ ည ၁၂ နာရီခန့်က ရန်ကုန်မှ ထွက်ခွာခဲ့ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
မြန်မာနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည်။