ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်းမေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ယနေ့ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကိစ္စ၊ ယာယီနေရာချထားရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးများ၊ နယ်စပ်ပိုင်နက်လုံခြုံရေးနှင့် လူဦးရေ ပြန့်ပွားမှုနှုန်းမြင့်မားသည့် ကိစ္စရပ်များဆိုင်ရာ အကြံပြုချက်များအပါအဝင် အခန်း ၁၄ ခန်းနှင့် စာမျက်နှာ ၁၃၈ မျက်နှာ ပါရှိသည်။
လူပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း ခက်ခဲမှုများကြောင့် မိသားစုစားဝတ် နေရေးများ ထိခိုက်မှုရှိနေကြောင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။
ထို့အတူ လူမျိုးစု တစ်စုနှင့်တစ်စုအကြား မယုံကြည်မှုများတိုးပွားလာနေခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှုများမြင့်တက်နေခြင်းများလည်း ဖြစ်ပေါ်နေရာ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေးတပ်အင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်းမပြုရန်၊ တပ်မတော်ရေတပ် အင်အားတိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်ရေယာဉ်များ၊ CCTV စောင့်ကြည့်ရေး ကင်မရာများ၊ လူလုပ် အတားအဆီးများချထားရန် စသည့်အချက်များ ပါဝင်သည့် အကြံပြုချက် ၁၆ ချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားသည်။
ထို့ပြင် လ.ဝ.က ဝန်ထမ်းများနှင့် ပတ်သက်သည့်အချက်များ၊ စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် အထူးအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာအချက်များ၊ ရခိုင်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ တရားစီရင်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။
ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှုဆိုင်ရာ ပြဿနာနှင့် စာတတ်မြောက်မှုနှုန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည်။
ယင်းအစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ အမိန့် ဖြင့် ၂၀၁၂ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည့် ကော်မတီခွဲ ၇ ခုက တာဝန်ဆက်လက်ယူသွားမည် ဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“အခု ကျနော်တို့ရင်ဆိုင်နေရတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက ပြဿနာဟောင်းတွေပါ။ ကျနော်တို့က ဒုက္ခသည်တွေ အမိုးအကာနဲ့ အစားအစာရရှိရေးအတွက်ကို အဓိကထား စဉ်းစားမယ်။ လူသားတယောက် အသက်ရှင် ရပ်တည်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသွားမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားသည်။
မြန်မာနိုင်ငံတွင်း နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်သင့်သူများကိုလည်း နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ကြောင်း စုံစမ်းရေးကော်မရှင်က အကြံပြုထားသည်။
ယင်းအချက်နှင့်ပတ်သက်၍ ဦးကိုကိုကြီးက“နိုင်ငံသားဆိုရင် နိုင်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ လိုအပ်တဲ့အကြောင်းတွေကို နိုင်ငံသားလျှောက်ထားသူတွေ လေးလေးနက်နက် လက်ခံ လာအောင် အများကြီး လုပ်ဖို့လိုအပ်တယ်။ အစိုးရကလည်း နိုင်ငံသားအားလုံးကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ လိုအပ်တယ်။ ဒါမှ အစ္စလမ်ဘာသာရေး အစွန်းရောက်တွေ မဖြစ်ဘဲ လစ်ဘရယ် ဖြစ်လာမယ်၊ နိုင်ငံအပေါ် သစ္စာစောင့် သိမှုတွေရှိလာမယ်။ လူမျိုးစုတွေကြားမှာ သဟဇာတ ဖြစ်မှုတွေရှိလာမယ်” ဟု ဆက်လက်ပြောသည်။
ယင်းအစီရင်ခံစာကို အဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် ကော်မရှင်အဖွဲ့က ၇ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ယနေ့ အများပြည်သူသို့ မီဒီယာများတဆင့် ယနေ့ထပ်မံထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖေလ်ရောဘတ်ဆန်ကမူ ယခု အစီရင်ခံစာတွင် “ယမန်နှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သန့်စင်မှုတွေအတွက် တာဝန်ခံဖို့ လိုအပ်တာကို ထောက်ပြပြောဆိုမှုတွေ မပါဝင်ဘူး” ဟု ပြောဆိုကြောင်း အေပီသတင်းတပုဒ်က ရေးသားထားသည်။
ပြီးခဲ့သည့်အပတ် အဆိုပါ အဖွဲ့က ယမန်နှစ်အတွင်း ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇဝတ်မှုများအဖြစ် ဖော်ပြခဲ့ပြီး မြန်မာအာဏာပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုးတုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသည်။