အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူငယ်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ လူငယ်ညီလာခံတရပ်ကိို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံတဝန်းမှ လူငယ်များပါဝင်သော လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စွမ်းရည်မြှင့်တင်ရေး အဖွဲ့များ ဖွဲ့စည်းရေး အစည်းအဝေးတရပ်ကို နေပြည်တော်တွင် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌသူရဦးရွှေမန်း တက်ရောက်မည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဖြစ်သော သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်မှာ မသေချာသေးကြောင်း နေပြည်တော်ရှိ ပါတီဌာနချုပ် လူငယ်ရေးရာဌာန ဌာနခွဲမှူးဦးသောင်းထိုက်က ဧရာဝတီသို့ ပြောသည်။
“လူငယ်တွေ့ဆုံပွဲဆိုပေမယ့် တနိုင်ငံလုံးက လူငယ်တွေ တက်ကြမယ်။ လူငယ်ညီလာခံ လို့လည်း ပြောလို့ရပါတယ်။ အခုထက်ထိတော့ ပါတီရဲ့အကြီးအကဲတွေထဲက သူရဦးရွှေမန်းတက်မယ်။ သမ္မတဦးသိန်းစိန် ကတော့ မဖိတ်ရသေးဘူး၊ နီးမှ ကပ်ဖိတ်မှာလားတော့မသိဘူး။ လူငယ်အဖွဲ့တွေ ပြန်ပြီးဖွဲ့စည်းမှာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ အဓိက ရည်ရွယ် ချက်ပါပဲ” ဟု ဦးသောင်းထိုက်က ဆိုသည်။
ကြံ့ခိုင်ရေး ပါတီ၏ လူငယ်တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လူငယ်များအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြမည်ဟု သိရှိရသည်။
“ပြည်နယ် နှင့် တိုင်းဒေသကြီးတခုစီက လူငယ်ဦးဆောင်သူ ၂၀ တက်ဖို့ ဖိတ်ထားတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ် တိုင်း ဥက္ကဋ္ဌ တွေလည်း တက်မယ်။ စုစုပေါင်း ၆၀၀ ကျော် တက်မယ်” ဟု ဦးသောင်းထိုက် ရှင်းပြသည်။
ကြံ့ခိုင်ရေးပါတီက လူငယ်တွေ့ဆုံပွဲကို မေလ လဆန်းပိုင်းတွင် ကျင်းပရန် ပြင်ဆင်နေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်ညီလာခံတရပ်ကို ယခုမေလအတွင်းတွင် ကျင်းပရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူငယ်အဖွဲ့များ ဖွဲ့စည်းရန် ပြင်ဆင်မှုအပေါ် ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက နိုင်ငံရေးပါတီတရပ်အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုသော နိုင်ငံရေး ဆောင်ရွက်ချက် အဖြစ် ရှုမြင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရနိုင်ခြေ မြင့်မားနေကြောင်း သုံးသပ် ပြောဆိုသည်။
“၂၀၁၅ က သိပ်မလိုတော့ဘူး။ အခုကတည်းက စည်းရုံးထားမှ ကောင်းတာပေါ့။ စောစောစည်းရုံးနိုင်လေ ကောင်းလေပဲ။ စောစောလုပ်တာ မှန်တာပေါ့။ လက်ရှိ အခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အပြတ်နိုင်မယ် ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုက လျော့မသွားသေးဘူး။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင် အမှားအယွင်း တခုခုလုပ်မိလို့ ရင်တော့ လူထုထောက်ခံမှုလျော့သွားနိုင်တာပေါ့” ဟု သခင်ချန်ထွန်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများစု အနိုင်ရရှိခဲ့ပြီး ယခင် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် အဓိက ဖွဲ့စည်းထားသော နိုင်ငံရေးပါတီဖြစ်သည်။