တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချနေသည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
“မဲပေါက်တဲ့သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှုတွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး အစီအစဉ်နဲ့တော့ ဖုန်းဆိုင်တွေကို အရေးယူဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ ထုတ်ပေးနေသော ၁၅၀၀ ကျပ်တန် ဆင်းကတ်များမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် မဲပေါက်သူ များကို ချထားပေးခြင်းဖြစ်၍ ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေး အနိမ့်ဆုံး ၆၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချနေကြောင်း၊ သို့သော် သက်ဆိုင်ရာအစိုးရအဖွဲ့အား တိုင်ကြားမှသာ ၎င်းတို့အနေဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ပြောသည်။
ဧပြီလ ၂၅ ရက်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မဲစနစ်ဖြင့် ချထားပေးခဲ့သော ဆင်းကတ်များကို ရပ်ကွက်တချို့ ရှိ အုပ်ချုပ်ရေးမှူး ရုံးများက ဖုန်းဆိုင်များ၊ ကြားပွဲစားများထံသို့ ငွေ ၁၁၅၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိ ဈေးတောင်းကာ ရောင်းချခဲ့ကြောင်း၊ ပုဂ္ဂလိက ဖုန်းဆိုင်တချို့က ဆင်းကတ်များကို အနိမ့်ဆုံးဈေး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀၀၀ ကျပ်အထိ တဆင့် ပြန်လည် ရောင်းချလျှက်ရှိကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
“ကျမတို့ ရပ်ကွက်ရုံးက ယူဖို့ စာရင်းပေးပြီး မယူတဲ့သူတွေရဲ့ ဆင်းကတ်တွေကို ဖုန်းဆိုင်တွေကို ပြန်ရောင်းတာ။ ရပ်ကွက် ထဲက တသောင်းပေးပြီး ဝယ်တာတောင် မရတော့ဘူး။ ဈေးပိုရလို့ ရောင်းလိုက်ပြီတဲ့။ မေ ၈ ရက်နေ့ ထပ်ရမယ့် ဆင်းကတ်တွေ အတွက်တော့ စာရင်းတွေ ကြိုသွင်းနေရပြီ။ ဘယ်လို လာမလဲတော့ မသိသေးဘူး” ဟု မင်္ဂလာဒုံမြို့နယ်နေ မမြင့်စန်းကြည်က ပြောပြသည်။
လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုမင်းသူက ၎င်းတို့ ရပ်ကွက်အနီးရှိ ဖုန်းဆိုင်များတွင် ဟန်းဆက်တလုံး အနည်းဆုံး ဝယ်ယူမှ သာ ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ငွေ ၆၅၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးကြောင်း၊ ၎င်းတို့ထံမှ ဆင်းကတ်တကတ် လျှင် ၃၁၅၀၀ ကျပ်ဖြင့် ပြန်လည် ဝယ်ယူနေကြောင်း၊ မေ ၈ ရက်နေ့ ထပ်မံ ထုတ်ပေးမည့် ဆင်းကတ်များ အတွက်ကိုလည်း စရံပေးချေကာ ဝယ်ယူလိုသည့် ဖုန်းဆိုင်များ ရှိကြောင်း ဆိုသည်။
ရန်ကုန်မြို့အတွင်းရှိ လူကြီးမင်း ဖုန်းဆိုင်တချို့တွင် ၁၅၀၀ တန် ဆင်းကတ် များကို ပြန်လည် ရောင်းချနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဘုရင့်နောင်မြို့နယ် အတွင်းရှိ လူကြီးမင်းဖုန်း အရောင်းဆိုင် တာဝန်ရှိသူ တဦးကဆိ “ဒီဆိုင်တွေမှာတော့ ရောင်းတာမရှိပါဘူး၊ ဝယ်ခဲ့တယ် ဆိုတဲ့သူ မှားတာ နေမှာပါ။ လူကြီးမင်းဖုန်း ဘယ်ဆိုင်မှာမှ မရောင်း ပါဘူး၊ ရပ်ကွက်ရုံးတွွေမှာပဲ ရောင်းတယ်” ဟု ပြောသည်။
လာမည့်မေလ ၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် CDMA 800 MHZ ဆင်းကတ် ၃၅၀၀၀၀ ကို မဲစနစ်ဖြင့် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း၊ GSM နှင့် WCDMA ဆင်းကတ်များကို ချထားပေးမည့် အစီအစဉ်ကိုလည်း ရေးဆွဲနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်တချို့တွင် ပထမအကြိမ် မဲမပေါက်ခဲ့သူများ၏ စာရင်းကို ဆက်လက် သိမ်းယူ ထားပြီး ဒုတိယအကြိမ်တွင် ဦးစားပေး အနေဖြင့် ပြန်လည် မဲနှိုက်စေမည် ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ပြောသည်။
မန္တလေး တိုင်းဒေသကြီး အတွင်းတွင်မူ မဲစနစ်ဖြင့် မဟုတ်ဘဲ ဦးရာလူ စနစ်ဖြင့် တန်ဖိုးနည်းဆင်းကတ်များ ရောင်းချ ခဲ့သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု တချို့ ရှိခဲ့သည်။