ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တည်ဆောက်နေသည့် ဗဟိုစီးပွားရေး စီမံကိန်း ဧရိယာအတွက် မြေစတင် ညှိနေသောကြောင့် ပန်းဆေး ပြည်သူ့စစ်အဖွဲ့နှင့် စီမံကိန်း တည်ဆောက်သည့် နယူစတားလိုက် ကုမ္ပဏီတို့ ပဋိပက္ခ ဖြစ်ခဲ့ကြောင်း သိရသည်။
ပန်းဆေးပြည်သူ့စစ် အဖွဲ့ပိုင် မြေဧရိယာအတွင်း မြေညှိလုပ်ငန်းများ ဆောင်ရွက်ခွင့် မပြုကြောင်း ဝင်ရောက် တားမြစ် ခဲ့မှုကြောင့် အဆိုပါ ကုမ္ပဏီနှင့် ပန်ဆေး ပြည်သူ့စစ်တို့ ပဋိပက္ခ ဖြစ်ပွားကာ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ခံ တဦးက ဧရာဝတီသို့ ပြောသည်။
“အခု လောလောဆယ်တော့ ပန်းဆေး ပြည်သူ့စစ်ပိုင်တဲ့ မြေကွက်ကိုမြေညှိတာတွေ ရပ်ဆိုင်းထားတယ်။ မေလပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ညှိပြီး လုပ်ဆောင်သွားပါမယ်။ အဲဒီ နေရာက နာမည်ပေါက် ပိုင်ဆိုင်သူဟာ ပန်းဆေး ပြည်သူ့စစ် အဖွဲ့ မဟုတ်ဘူးဆိုတာ ကျနော်ပြောရဲပါတယ်” ဟု ကုမ္ပဏီ တာဝန်ခံက ဆိုသည်။
နယူးစတားလိုက် ကုမ္ပဏီသည် မူဆယ်အိမ်ယာ စီမံကိန်းအဖြစ် ငွေဆင် အိမ်ယာမှစပြီး လေယာဉ်ကွင်း အထိ မြစ်ကမ်းနား တလျှောက်ကို ပြုလုပ်ဆောင်ရွက် နေကြောင်း၊ စီမံကိန်း အကျယ်အဝန်းမှာ ဧက ၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြေယာ ပိုင်ဆိုင်သူများကို ၉၅ ရာခိုင်နှုန်းခန့် လျော်ကြေးငွေ ပေးပြီးသွားပြီဖြစ်ကြောင်း၊ ကျန်သည့် ၅ ရာခိုင်နှုန်းမှာ ဘိုးဘွားပိုင်ဆိုင်မှု အရှုပ်အရှင်း အနည်းငယ်ရှိ နေကြသဖြင့် မပေးရသေးကြောင်း သိရသည်။
“ကုမ္ပဏီက စီမံကိန်းအတွင်း မြေညှိနေကြတဲ့အချိန်မှာ ပန်းဆေးပြည်သူ့စစ်က ဆက်မလုပ်ဖို့ ပြောကြတယ်။ ဆက်လုပ်ရင် သေနတ်နဲ့ ပစ်မယ်ဆိုတာလည်း ပြောတယ်။ အရင်က ဒီမြေကို သိမ်းတုန်းက လျော်ကြေးငွေ လက်မခံတဲ့ သူတွေ ရှိတယ်” ဟု မူဆယ်မြို့ ယင်းစီမံကိန်း နေရာတွင် မြေယာသိမ်းခံရသည့် စိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေ များစွာကို သိမ်းလိုက်သည့်အတွက် လက်ရှိ တောင်သူများ လယ်ယာ မစိုက်ပျိုးရသည့်အပြင် အလုပ်လက်မဲ့ ဖြစ်နေ ကြကြောင်း၊ စီမံကိန်းအတွက် လယ်တဧကကို ကျပ်သိန်း ၂၄၀ ပေးသော်လည်း ရောင်းဝယ်လုပ်ကိုင်ရန် ခက်ခဲ နေကြကြောင်း၊ စီမံကိန်း လုပ်ကွက်တွင် လာရောက်လုပ်ကိုင်ရန် ကုမ္ပဏီက ခေါ်သော်လည်း ဒေသခံများ ကျွမ်းကျင်သည့် အလုပ် မဟုတ်သောကြောင့် အဆင်မပြေမှုများ ဖြစ်နေကြောင်း ဦးစိုင်းကျော်က ဆိုသည်။
“ဒီစီမံကိန်းက တော်တော်ကြီးတယ်။ စီးပွားရေး ဇုန်တွေကတော့ တော်တော်များတယ်၊ လုပ်ထားတာ။ ဟိုတယ်ဇုန်တို့၊ ကျောက်စိမ်း ရောင်းဝယ်ရေး အတွက်တို့ တော်တော်ကြီးတယ်။ ဒါပေမယ့် ဒေသခံ လယ်ယာ လုပ်သူတွေ အတွက်တော့ ဘာအခွင့်အရေး ရှိလာမယ် ဆိုတာကို မျှော်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
ယင်း စီမံကိန်းနေရာတွင် ဒု သမ္မတ စိုင်းမောက်ခမ်း နေထိုင်ရန် နေအိမ်တလုံး တည်ဆောက်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှုသည် စီမံကိန်းနှင့် မပတ်သက်ကြောင်း၊ ၎င်း၏ ဘိုးဘွားပိုင်မြေပေါ်တွင် တည်ဆောက်နေခြင်းသာ ဖြစ်ကြောင်း နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ခံ တဦးက ရှင်းပြသည်။
“မူဆယ်မှာ စီမံကိန်းတွေ ဆောက်တာကတော့ ဆောက်တာပေါ့။ ဒါပေမယ့် ဒေသခံတွေ အတွက်တော့ စဉ်းစားသင့်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ပေးသင့်တယ်။ လယ်သမားတွေ ကတော့ လယ်ပဲ စိုက်တက်တယ်။ လယ်မရှိတော့ အလုပ်လက်မဲ့ ဖြစ်နေကြပြီ” ဟု မူဆယ်ဒေသခံ ဦးစိုင်းမြတ်က ဧရာဝတီသို့ ပြောသည်။
ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့သည် ပြည်ခိုင်ဖြိုး ပါတီ ပြည်နယ်လွှတ်တော် အမတ် ပန်းဆေး ဦးကျော်မြင့် ဦးဆောင်သည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အင်အား ရာဂဏန်းခန့် ရှိကြောင်း သျှမ်းသံတော်ဆင့် အင်တာနက် သတင်း စာမျက်နှာတွင် ရေးသားထားသည်။ ဦးကျော်မြင့်ကို ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က ခေတ်သစ် မူးယစ်ရာဇာအဖြစ် စာရင်းသွင်းထားသည်။ အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့သည် နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့် ဝေးသည့် ပန်းဆေးကျေးရွာ အုပ်စုတွင် ပြည်သူ့စစ် တပ်စခန်း ရှိကြောင်း သိရသည်။