ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥက္ကံမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေကို ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင် ရွာများ မီးလောင်နေပြီး ဒဏ်ရာရသူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆို ဥက္ကံမြို့ ဆင်ဖြူရှင်ရပ်ကွက် အလံတိုင်ကျောင်းတိုက်နေ အသက် ၁၁ နှစ် အရွယ် ကိုရင်ပုညသည် ဘုရားကြီးဈေး တောင်ဘက် ဘုရားကြီးလမ်းတွင် ဈေးဝယ်လာသူ အသက် ၃၄ နှစ် အရွယ် အစ္စလမ်ဘာသာဝင် မဝင်းဝင်းစိန်က ဝင်တိုက်မိသဖြင့် လွယ်ထားသည့် သပိတ်လွတ်ကျကာ အဖုံးကွဲသွားသည့် အပေါ် ရဲစခန်းသို့လာရောက်တိုင်တန်း၍ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် “အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ” ၂ဝ ဦးခန့်မှ ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး အုတ်နီခဲဖြင့် ပစ်ပေါက်ကြကြောင်း၊ ဈေးအနီး ဆိုင်ခန်းများအတွင်းရှိ ပစ္စည်းများအား လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ ၂ဝဝ ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေသဖြင့် အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ် ၄ ချက် ချောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲ သတင်း ပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ မြို့ကို လှည့်ပတ်စစ်ဆေးရာ အနည်းဆုံး ဒဏ်ရာရရှိသူ ၁၀ ဦးကို တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။ ဥက္ကံမြို့ခံတဦးက ဧရာဝတီကို ပြောဆိုချက်အရ ဒဏ်ရာရသူများတွင် အသက် စိုးရိမ်ရသူများ ပါဝင်ကြောင်းနှင့် ဥက္ကံ ဆေးရုံမှ လူနာတင်ကားများ လူနာများ လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။ MRTV မှ ထုတ်လွှင့်သော သတင်းက ၈ ဦး အခြေအနေ မစိုးရိမ်ရဟု ဆိုသည်။ သတင်းအသေးစိတ်ကို မသိရှိရသေးပေ။
ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းချုပ်ထားနိုင်သည်ဆိုသော်လည်း ဥက္ကံမြို့အတွင်း ရောက်ရှိနေသော ဧရာဝတီသတင်းထောက်များ၏ မျက်မြင်အရ တုတ် ဓားဆွဲကိုင်ထားသောသူများ ရှိနေကြောင်း၊ အခြေအနေမှာ အန္တရာယ်ရှိကြောင်း သိရသည်။
ထို့ပြင် ဥက္ကံမြို့ ပတ်ဝန်းကျင်ရှိ ပနီပင်၊ ဒိန်ချောင်း၊ ချောက်သဲ ရွာများ ညဦးတွင် မီးလောင်ပြီး မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ရကြောင်း၊ ရွာများ မီးလောင်သဖြင့် မီးဘေးနှင့် အသက်ဘေးမှ လွတ်ရာ ဥက္ကံမြို့ပေါ်သို့ တက်လာကြကြောင်း၊ မြို့ပေါ်တွင်လည်း လူတိုင်းက မီးလောင်မည် စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။
ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်လိုက်ကြောင်း၊ ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေငြာနေကြောင်း RFA သတင်းတပုဒ်က ရေးသည်။
ယခုအခါ ရန်ကုန်အခြေစိုက် သတင်းထောက်များ ဥက္ကံမြို့သို့ သတင်းယူရန် ရောက်ရှိနေပြီ ဖြစ်သည်။
ရွှေညဝါဆရာတော်သည်လည်း ဥက္ကံမြို့သို့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိပြီး မြို့တွင်းလှည့်လည်ကာ ငြိမ်းချမ်းရေးတရားများ ဟောကြားခဲ့သည်။