ရေ ခမ်းခြောက်မှု ကြုံတွေ့နေရသော အင်းလေးကန်၏ ရေမျက်နှာပြင် ပြန်လည် မြင့်တတ်လာရန်အတွက် ကန်အတွင်း၌ ရေတားဘောင်များကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဒေသခံများက တည်ဆောက်နေကြကြောင်း သိရသည်။
လက်ရှိတွင် အင်းလေးကန် တောင်ဘက်ရှိ အင်းယား၊ မိန်းပျို၊ ဆီဆုံနှင့်ပုံးမူ ကျေးရွာအုပ်စု၌ ရေတားဘောင် ၄ ခု တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် ယင်းအကျိုးဆက်ကြောင့် ရေမျက်နှာပြင် တပေခန့် မြင့်တတ်လာခဲ့ပြီး စက်လှေများ သွားလာရေး အဆင်ပြေလာခဲ့ရကြောင်း အင်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
အင်းလေးကန်မှ ရေများအား မိုးဗြဲမြို့တွင် ရေကာတာဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဘီလူးချောင်းမှ တဆင့် ကယားပြည်နယ် အတွင်းသို့ စီးဝင် သွားခြင်းဖြစ်သည်။
“၂၀၁၀တုန်းက အင်းလေးကန်မှာ အဆိုးရွာဆုံးရေခမ်းခဲ့တုန်းက ရေက အနုတ် ၁ ဒဿမ ၆၊ အခုက အနုတ် ၁ ဒဿမ ၄ အထိ ပြန်ဖြစ်နေပြီ” ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
နိုင်ငံခြားသားများ သွားရောက် လည်ပတ်မှုများသော အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပေါက် ဘုရားနှင့် ဟဲယာရွာမတို့တွင် ရေလမ်းကြောင်းများ ပေါ်ထွန်းစေရေးအတွက် စက်ယန္တရားများဖြင့် ညောင်ရွှေမြို့နယ် ဆည်မြောင်း ဝန်ကြီးဌာနက တူးဖော်ပေးနေကြောင်း သိရသည်။
ပြီးခဲ့သော နှစ်က ကန်တွင်း၌ မိုးနည်းခဲ့ခြင်းကြောင့် ရေရရှိမှု လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း နေပူပြင်းမှု လွန်ကဲ ခြင်းကြောင့် ရေများအငွေ့ပျံနှုန်း များခဲ့ကြောင်း၊ ကန်အတွင်း ရေစီးဝင်သော ချောင်း ၄ ခုတွင် အဓိက ဖြစ်သော နန်းလှိုင်ချောင်း ရေကိုသာ ဒေသခံများ၏ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေ သုံးစွဲခဲ့ခြင်းကြောင့် ရေခမ်းခြောက်မှု ဆိုးရွား ခဲ့ရခြင်း ဖြစ်ကြောင်း အင်းဝန်ကြီးက ပြောသည်။
“ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်နဲ့ ဆည်မြောင်းက ဆေးမြီးတိုနဲ့ ရေခမ်းလာတာကို အမြန်ကု နေရတာပါ၊ ဒေသခံတွေ အနေနဲ့ ပူးပေါင်းပါဝင်မှသာ ကန်ကြီးက အရင်အခြေအနေကို ပြန်ရောက်မှာပါ” ဟု အင်းလေးဒေသ အထူးဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ကိုရေအေးက ဆိုသည်။
ယင်းအဖွဲ့သည် ကန်အတွင်းရှိ ကျေးရွာများတွင် ကန်ထဲသို့ အမှိုက်မပစ်ချရေး ပညာပေး သင်တန်းများနှင့် အင်းလေးကန် ဒေသ မီးလင်းရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အနေဖြင့် ၁၉၉၆ ခုနှစ်ကတည်းက အင်းလေကန်အတွင်း နုန်းမြေ ပို့ချမှုကို ထိန်းချုပ်နိုင်ရန် ရေစစ်ကန်များ၊ နုန်းတား တမံများ တည်ဆောက် ထားခဲ့သော်လည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ NGO များ အပါဝင် အဖွဲ့အစည်းများ အနေဖြင့် ဒေသခံများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲမှု အကျိုးဆက် များနှင့် တခြား ပညာပေး သင်တန်းများ မကြာခဏ ပေးသော်လည်း ခိုင်မာသော Master Plan မရှိကြောင်းနှင့် ဒေသခံများ ပါဝင်ရေးစွဲရသော အစီအစဉ်များလည်း ချထားပေးသင့်ကြောင်း ကိုရေအေးက ဆိုသည်။
“ကန်ထဲမှာ ရေက မရှိသလောက် ဖြစ်နေတော့ စက်လှေတွေ မကြာခဏ တင်နေတယ်” ဟု အင်းလေးဒေသခံ လယ်ရှည် ရွာသား ကိုနန္ဒအောင်က ပြောသည်။
အင်းလေးကန် ထိန်းသိမ်းရေးအတွက် နော်ဝေအစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးထားပြီး ယင်းငွေများကို UNDP မှ ကိုင်တွယ်စီမံ ခန့်ခွဲနေကြောင်း၊ ပရောဂျက် များဖြင့် သွားနေခြင်းကြောင့် ယခုကဲ့သို့ အင်းလေးကန် ရေခမ်းခြောက်မှု အရေးပေါ် အခြေအနေတွင် UNDP အနေဖြင့် ဝင်ရောက်ကူညီနိုင်ခြင်း မရှိကြောင်းနှင့် တခြားမည်သည့် အဖွဲ့အစည်းများကမှ ကူညီခြင်း မရှိသေးကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။
ယခုနှစ်တွင် အင်းလေကန်သို့ အဓိက စီးဝင်သော နန်းလှိုင်ချောင်းရေအား ညောင်ရွှေမြို့နယ် ရွာသာရွာ ကျေးရွာအုပ်စုနှင့် သီးလော ကျေးရွာအုပ်စုမှ ဧက ၂၅၀၀၊ တောင်ကြီးမြို့နယ်မှ ဧက ၅၀၀၊ နန်းသဲနှင့် တခြားရွာများမှ ဧက ၃၅၀ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေသုံးစွဲခဲ့ကြကြောင်း၊ တချို့ရွာများတွင် ရေသွင်းစိုက်ပျိုးရန် အဆင်မပြေသဖြင့် စပါးအစား မြေပဲနှင့် တခြား သီးနှံများ ပြောင်းလဲ စိုက်ပျိုးကြကြောင်း သိရသည်။