သတင်း

မိတီ္ထလာ မွတ်စလင် ဒုက္ခသည်များ ရှေ့ရေး မရေရာ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှ ထောင်ပေါင်းများစွာသော မွတ်စလင်များအတွက် တရားမျှတမှုနှင့် ဘဝလုံခြုံခြင်းဆိုသည် မှာ ဝေးကွာနေသေး၏။ သူတို့သည် မတ်လ အဓိကရုဏ်းအတွင်း နေစရာအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရသူများဖြစ်သည်။

အကျဉ်းထောင်လို တင်းကြပ်သော ဒုက္ခသည်စခန်းများတွင် ထိန်းချုပ်မှုဖြင့် နေထိုင်ကြရသူများသည် ပဋိပက္ခ အတွင်း ပျက်စီးဆုံးရှုံးခဲ့ရသော မိမိတို့ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများရှိရာကို ပြန်ရန် မတတ်နိုင်ကြသေးပါ။ အစွန်းရောက် မူဆလင်ဆန့်ကျင်ရေး ဆူပူ အကြမ်းဖက်မှုများအတွင်း မွတ်စလင်အများစုအပါအဝင် လူ ၄၃ဦး သေဆုံးပြီး ၁၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

လူပေါင်း ၁၆၀၀ ကျော်ရှိပြီး ရဲအစောင့်အကြပ်ထားရှိကာ အပြင်ကိုထွက်ခွာခွင့် မပြုသော မိတ္ထီလာ အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း မှ ရဲအရာရှိတဦးက “ဒါ သူတို့ လုံခြုံရေးအတွက်ပါ” ဟု  ပြောသည်။

အစိုးရက စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့သော မတ်လ ၂၂ ရက်နေ့မှစ၍ ယခုချိန်ထိ မိတ္ထီလာမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ပျက်စီးနေသော နံရံများ၊ တိုင်များဖြင့် အရိုးပြိုင်းပြိုင်းဖြစ်နေသော  မွတ်စလင်အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို လူ ၁၀၀၀၀၀ ကျော်မှီတင်းနေထိုင်သည့် မိတ္ထီလာမြို့၏ အချက်အချာကျသည့် နေရာကွက်တိုင်းတွင် တည်ရှိသည်။

တရားရုံးတင်စစ်ဆေးခြင်းများကို စတင်နေပြီဖြစ်သော်လည်း ယခုအချိန်အထိ မွတ်စလင်များကိုသာ စွဲချက်တင်ခြင်းများ ဖြစ်နေသည်။ ဗုဒ္ဓဘာသာဖက်မှ ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးခဲ့သည့်ခေါင်းဆောင်များကို လျစ်လျူရှုထားခြင်း အားဖြင့် နောက်ထပ် မလိုလားအပ်သည့် ဘာသာရေး တင်းမာမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

မတည်ငြိမ်မှုများနှင့် အကဲဆတ်သော အမြင်ကျဉ်းမြောင်းသည့် ခွဲခြားမှုများသည် ရာစုနှစ်တဝက်ကြာ စစ်အုပ်ချုပ်ရေးနောက်ပိုင်း ၂၀၁၁ ခုနှစ် မတ်လမှ စ၍ အာဏာရခဲ့သော ပြုပြင်ပြောင်းလဲရေး ဦးစားပေး အစိုးရအတွက် စမ်းသပ်ချက်များ ဖြစ်လာသည်။

သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာလွှမ်းမိုးသည့် နိုင်ငံဖြစ်ပြီး မွတ်စလင် အရေအတွက်သည် လူဦးရေ၏ ၅ ရာခိုင်နှုံးသာရှိသည်။ ထိုလူနည်းစုသည် တစထက်တစ ကြီးထွားလာနေသော အစွန်းရောက်  ဗုဒ္ဓဘာသာ ဘုန်းကြီး တစု ဦးဆောင်သည့် ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ ဦးတည်ရာ ပစ်မှတ် ဖြစ်လာနေခဲ့သည်။

တနင်္လာနေ့ (၂၉-၄-၂၀၁၃) က ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင် မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခ များကြာင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည့် မွတ်စလင်များ၏ အကျပ်အတည်းကို အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း တိုက်တွန်းထားသည်။ ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ပြီး ၁၄၀၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ အများစုမှာ ရခိုင်ပြည်ရှိ နိုင်ငံမဲ့ မွတ်စလင်များ ဖြစ်ကြသည်။

မိတ္ထီလာမြို့ တရားရုံးတွင် ဗုဒ္ဓဘာသာဘုန်းကြီးတပါးကို သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံရသော မွတ်စလင် ၇ ယောက်ကို စစ်ဆေးနေသည်။ ထိုအမှုသည် ယခုအပတ်အတွင်းမှာပင် ပြီးပြတ်လိမ့်မည်ဟု ယူဆရသည်။ အဖမ်းခံရသူ မွတ်စလင်များက ၎င်းတို့မှာ အပြစ်မရှိကြောင်းပြောကြသည်။

အဆောက်အဦးပျက်များကို ဖြိုဖျက်နေသည့် အလုပ်သမားများ၏ တူထုသံတွေကိုသာ မိတ္ထီလာမြို့ မွတ်စလင်များ နေထိုင် ရာတွင် ကြားနေရသည်။ လမ်းများပေါ်တွင် မွတ်စလင်တို့၏ အရိပ်အယောင်ကို လုံး၀ မတွေ့ရပါ။

မွတ်စလင် ၈၀၀၀ ကျော်သည် စာနယ်ဇင်းသမားများကို ဝင်ခွင့်မပေးသည့် အစိုးရ ဒုက္ခသည်စခန်း ၇ ခုတွင်နေထိုင် ကြရသည်။ မိတ္ထီလာ မြို့အနီးတဝိုက်မှ ကျေးရွာများရှိ တရားမဝင် စခန်းများတွင်လည်း ဒုက္ခသည် တထောင်ကျော်ခန့် ရှိနေကြောင်းသိရသည်။ သူတို့၏ လှုပ်ရှားသွားလာမှုများကို ရဲအဖွဲ့က ထိန်းချုပ်ထားပြီး နိုင်ငံခြား သတင်းဌာနများနှင့် စကားပြောခွင့် မပေးခဲ့ပေ။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှု အဖွဲ့၏ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုး Phil Robertson က အိုးအိမ်မဲ့ ဒုက္ခသည်များကို ယခုလို ထိန်းချုပ်ထားခြင်းသည် ၎င်းတို့၏ အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်သည်ဟု ပြောသည်။

“ဒုက္ခသည်တွေကို အခုလို သော့ခတ်ထားတဲ့ စခန်းထဲမှာ ထားတာဟာ သူတို့ရဲ့လုံခြုံရေး နဲ့ အေးချမ်းတဲ့ အသိုင်းအဝိုင်း တခုဖြစ်ဖို့ကို ကူညီမပေးနိုင်ပါဘူး။ အာဏာပိုင်တွေက ကောင်းဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်နေရင်တောင်မှ လုပ်ပုံလုပ်နည်းက မှားနေပါတယ်” ဟု သူကပြောသည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကမူ မိတ္ထီလာ အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့သော ဘုန်းကြီးအရေအတွက်သည် ၅ သိန်းမျှရှိသော သံဃာထု၏ အလွန်သေးငယ်သော အစိတ်အပိုင်းလေးသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်ကလည်း ပဋိပက္ခဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူများကို တရားစွဲဆိုပြီး ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်မည်ဖြစ်ကြောင်း မတ်လ ၂၈ရက်နေ့တွင် ရုပ်မြင်သံကြားမှ တဆင့် တနိုင်ငံလုံးကို ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိနေကြသော ဒုက္ခသည်များသည် လွတ်လပ် ပျော်ရွှင်စွာ ရှိနေကြကြောင်း အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဧပြီလ ၅ ရက်နေ့တွင် ရေးသားခဲ့၏။

ဖျက်ဆီးခံလိုက်ရသော မူဆလင်အိမ်များကို ပြန်လည်တည်ဆောက်ပေးမည်ဟု အစိုးရက ကတိပေးခဲ့သော်လည်း တည် ဆောက်ရေးလုပ်ငန်းများကို ယခုအချိန်အထိ စတင်နိုင်ခြင်းမရှိသေးပေ။ မီးလောင်ပျက်စီးခဲ့သော နေအိမ် ၁၅၀၀ ကျော် ကိုပြန်လည် တည်ဆောက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇သန်း ကုန်ကျမည်ဟု ဆိုသည်။

အချို့ဗုဒ္ဓဘာသာဝင်များက မူဆလင်များ ပြန်ရောက်လာခြင်းကို မကြိုဆိုချင်ကြောင်းပြောသည်။

ဆက်လက်တည်ရှိနေဆဲ ရန်လိုမှုသည် စစ်ဆေးဆဲဖြစ်သော လူသတ်မှုအပေါ်တွင် လွှမ်းမိုးသွားနိုင်ကြောင်း စွဲချက်တင်ခံထားရသူ မွတ်စလင်သုံးဦး၏ ရှေ့နေဖြစ်သူ ဦးသိန်းသန်းဦးက ဆိုသည်။ အပြစ်ရှိကြောင်းစီရင်ချက် ချရန်အတွက် ဗုဒ္ဓဘာသာဝင်များက တရားသူကြီးကို ဖိအားပေးနေသည်ဟု သူက ယုံကြည်နေသည်။

“သူ့မှာ လူတွေ ကျေနပ်အောင် လုပ်ပေးဖို့ တာဝန်ရှိတယ်လေ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။

သူက ဧပြီလ ၁၁ ရက်နေ့တွင် ခိုးမှု၊ လက်ရောက်ကျူးလွန်မှုတို့ဖြင့် လျှော့ရက်မရှိ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံလိုက်ရသော မူဆလင် ရွှေဆိုင်ပိုင်ရှင်၊ ၎င်း၏ ဇနီးနှင့် အလုပ်သမား တို့ ကို နမူနာပြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အသတ်မခံရခင် တရက်အလိုတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း၏ အစဟု ဆိုနိုင်သည့် ဗုဒ္ဓဘာသာ ဈေးဝယ်သူနှင့် ရန်ပွဲအတွက် စွဲချက်တင် ခံခဲ့ကြရခြင်းဖြစ်သည်။

သို့သော်လည်း တရားရုံးက နောက်မှထပ်မံဖြစ်ပွားခဲ့သော အဓိကရုဏ်းကို အကြောင်းပြုကာ ပြင်းထန်သည့်စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးသိန်းသန်းဦးက ဆိုသည်။

ဆူပူအကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ရသူ အများစုမှာ မူဆလင်များဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် တယောက်မှ တရားရုံးဆီ ရောက်လာသည်ကို မတွေ့ရပေ။ ခရိုင်တရားသူကြီးကမူ ယခုစစ်ဆေးနေသည့် အမှုပြီးပြတ်သည်နှင့် ၎င်း တို့ကို ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်းပြောပြသည်။

ဘုန်းကြီးများကို အရေးယူရန်ရှိ မရှိ ကို တရားသူကြီးနှင့် ခရိုင်ရဲအရာရှိ တို့ ပြောနိုင်ခြင်း မရှိပါ။ ဆူပူသူ လူစုလူဝေး များကို ဘုန်းကြီးများက ဦးဆောင်ကြောင်း ဒါဇင်နှင့်ချီသော မျက်မြင်သက်သေများက ပြောပြခဲ့ကြသည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့က မိတ္ထီလာ မြို့ အစ္စလမ် ဘာသာရေးကျောင်းတွင် မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။ ကျောင်းသား ၃၂ နှစ်ယောက်နှင့် ဆရာ ၄ ယောက်တို့ ပျောက်ဆုံးနေသည်ဟု ထိုအဖွဲ့က ဆိုသည်။

ထိုကျောင်းမှ ကျောင်းသားတယောက်ဖြစ်သော အသက် ၁၈ အရွယ် စိုးမင်းဦးက ကျောင်းကို လာရောက်တိုက်ခိုက်ချိန်တွင် အခြားကျောင်းသားများ ဆရာများနှင့် အတူ ထွက်ပြေးခဲ့ကြောင်း ပြောပြသည်။

ရဲများ ရောက်မလာမီ အချိန်အထိ ကျောင်းတွင်းသို့ ဓာတ်ဆီဗုံးများ ပစ်သွင်းပြီး မီးရှို့ကြကြောင်း၊ ရဲများရောက်လာသည့် အခါ သူ့ကို အခြားမူဆလင် ၂၀၀ ခန့်နှင့် အတူ ဘေးလွတ်ရာသို့ ခေါ်ထုတ်ခဲ့ကြောင်း စိုးမင်းဦး က ပြောသည်။ သို့သော် လည်း ရဲ အရေအတွက် နည်းသည့်အတွက် သူတို့ထဲမှ လူအနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း စိုးမင်းဦးက မျက်ရည်တွေ သုတ်ရင်း ဆိုသည်။

သူတို့တွေ ထွက်လာချိန်တွင် လူအုပ်ကြီးက ကျောက်ခဲများနှင့် ပစ်ပေါက်ကြသေးကြောင်း စိုးမင်းဦးက ပြောသည်။ နောက် ဆုံးမှ ထွက်သူမှာ ရိုတ်သတ်ခံလိုက်ရသည်။ သူ၏ သူငယ်ချင်း ၃ ယောက် အသတ်ခံရသည်ကိုလည်း သူမြင်ခဲ့ရ၏။

“ဒီလိုအခြေအနေမျိုး ကျနော် တခါမှမကြုံဖူးပါဘူူး၊ ကျနော် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု စိုးမင်းဦးကပြောသည်။

မိတ္ထီလာမြို့နှင့် နာရီဝက် ခရီးအကွာတွင်ရှိသော မူဆလင်ရွာငယ်လေးတွင် စိုးမင်းဦးကို ၎င်း၏ မိသားစုနှင့် အတူ ရိုတ်တာ သတင်းဌာနက တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ အင်တာဗျူးလုပ်နေစဉ် မည်သည့်ဌာနကဟု ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော အစိုးရဖက်က လူတယောက် မော်တော်ဆိုင်ကယ်နှင့် ရောက်လာပြီး သတင်းထောက်များ ၏ အမည်နှင့် ဖုန်းနံပတ်များကို တောင်း ယူသွားခဲ့သည်။

တရားဝင် ခိုလှုံရေး စခန်းများသို့ သွားရောက်လေ့လာခွင့်ပြုပါရန် မေတ္တာရပ်ခံချက်ကို မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က ငြင်းပယ်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲအရာရှိများကလည်း မိတ္ထီလာနှင့် ၄၅ မိနစ် ခရီးအကွာအဝေးရှိ ယင်းတော်ရွာ တရားမဝင် ဒုက္ခသည်စခန်းသို့ သွားရောက်သည်ကို ပိတ်ပင်တားဆီးခဲ့ကြသည်။

(ရိုက်တာသတင်း Muslim Victims of Burma Unrest Face Uncertain Future ကို ဘာသာပြန်ဆိုသည်)

Loading