ဥက္ကံ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သူ ပနီပြင်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုဇော်ဇော်နိုင်မှာ မနေ့က ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
ဒဏ်ရာရသည့် အစ္စလမ်ဘာသာဝင် ၁၀ ဦးအနက် ၄ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုးက ပြောသည်။
”ဥက္ကံမှာ ကျန်ခဲ့တဲ့သူတွေက တချို့ ဆေးရုံက ဆင်းကုန်ပြီ။ တဦး သေပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာပါ”ဟု ဦးဇော်စိုးက ဆိုသည်။
ဥက္ကံမြို့နယ် စခန်းမှူးရဲအုပ် စိုးမိုးနိုင်ကလည်း အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၁၈ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် အချို့မှာ ဥပဒေနှင့် ညှိစွန်းမှု မရှိသောကြောင့် ပြန်လွှတ်ပေးလိုက်ရကြောင်း ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည့် ဥက္ကံမြို့နယ် ပနီပင်ကျေးရွာမှ ၁၅ ဦးနှင့် ဥက္ကံမြို့ပေါ်မှ ၃ ဦးအား မေလ ၁ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သံသယရှိသူများမှာ ဒေသခံမျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်များပေါ်မူတည်၍ ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်သည်။
”မနေ့က ညတုန်းက ဝင်ကိုက်ရွာဘက်မှာ ကောက်ရိုးပုံ မီးရှို့ခံရတယ်။ ရွာတွေဆိုတော့ အထိတ်တလန့် ဖြစ်ပြီးတော့ ပစ္စည်းရွှေ့ပြောင်းတာတွေ လုပ်ကြတယ်။ ကျနော်တို့ တပ်ဖွဲ့တွေ
အချိန်မီရောက်သွားတဲ့ အတွက် ဘာမှ အကြီးကြီး ဖြစ်မသွားပါဘူး”ဟု စခန်းမှူး ရဲအုပ် စိုးမိုးနိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဗလီ၊ လူနေအိမ်နှင့် ဈေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဥက္ကံရဲစခန်းက (ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၄၀/၃၂၅/၃၂၆/၄၂၇/၁၁၄ နှင့် (ပ)၁၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက တရားဥပဒေနှင့်အညီ
ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဥက္ကံဈေးထဲတွင် အလံတိုင် ဘုန်းကြီးကျောင်းမှ အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို ဥက္ကံမြို့ ပါးနီပြင် ကျေးရွာမှ အစ္စလာမ် ဘာသာဝင် မဝင်းဝင်းစိန်က မတော်တဆ ဝင်တိုက်မိရာ သပိတ်ကျကွဲသွားခဲ့သည်။
၎င်းဖြစ်စဉ်ကြောင့် ဈေးထဲတွင် ရုတ်ရုတ်သဲသဲဖြစ်ကာ လူစုလာသောကြောင့် ကိုရင်လေးနှင့် မဝင်းဝင်းစိန်ကို ဥက္ကံရဲစခန်းသို့ ခေါ်ယူကာ ဥက္ကံမြို့နယ်မှ ညောင်ကျောင်းဆရာတော်က မဝင်းဝင်းစိန်အား စစ်မေးရာ မတော်တဆ ဝင်တိုက်မိသည်ဟု ထွက်ဆိုကြောင်း၊ သပိတ်ကို မဝင်းဝင်းစိန်က ပြန်အစားဝယ်ပေးပြီး ဆွမ်းဟင်းနှင့် ထမင်းကို ဥက္ကံရဲတပ်ဖွဲ့ စခန်းမှူးဇနီးက
ကပ်လှူပေးခဲ့ကြောင်း၊ ကိုရင်လေးကိုလည်း မဝင်းဝင်းစိန်က တောင်းပန်ပြီးသောအခါ ကိုရင်လေးကို ဆိုက်ကားဖြင့် ကျောင်းတိုက်သို့ ပြန်ပို့ရန် စီစဉ်ပြီး ရဲစခန်းအပြင်ဘက်သို့ ထွက်စဉ်
အခြား အစ္စလာမ်ဘာသာဝင်တဦးဖြစ်သော မဝင်းဝင်းစိန်၏ ယောင်းမ မခင်မာသိန်းက ကိုရင်က ဝင်တိုင်တာလား၊ မဝင်းဝင်းစိန်က ဝင်တိုက်တာလား ဟု မေးမြန်းရာ ဘေးမှ ရပ်ကြည့်နေသော လူအုပ် ၅၀၀ ခန့်နှင့် ပြဿနာ ထပ်ဖြစ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နံနက် ၁၀ နာရီခန့် ရှိပြီ ဖြစ်ကြောင်း ဥက္ကံမြို့ ရဲစခန်းမှူး ဦးစိုးမိုးနိုင်က ရှင်းပြသည်။
”အားလုံးပြေလည်သွားပြီးတော့မှ အဲဒီအမျိုးသမီး ထဖွလိုက်တာ အားလုံး ရုန်းရင်းဆန်ခတ်နဲ့ ရှုပ်ကုန်ရော။ စခန်းထဲမှာ ပြေလည်ပြီးသွားမှ စခန်းဝမှာ ထပ်ဖြစ်လို့ ရှုပ်ကုန်တာ။ ကျနော်လည်း အထက်အဆင့်ဆင့် သတင်းပို့ပြီး အဲဒီအမျိုးသမီးကိုပါ အမှုဖွင့် အရေးယူထားတယ်”ဟု စခန်းမှူးက ရှင်းပြသည်။
ယခုအခါ မဝင်းဝင်းစိန်နှင့် မခင်မာသိန်းတို့ နှစ်ဦးကို ဥက္ကံရဲစခန်းမှ သာသနာကို အကြည်ညိုပျက်စေမှု ပ/၁၁၂/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅/၂၉၅-က/၁၁၄ဖြင့် အမှုဖွင့် အရေးယူထားသည်။
ပြဿနာဖြစ်ချိန်မှာ ဈေးထဲတွင် လူစုံသည့်အချိန် ဖြစ်သောကြောင့် သတင်းမှာ ပြန့်ကားသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက်မှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ရာ ဗလီနှစ်ခု၊ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သော ဈေးဆိုင် ၂၀ ကျော် ပျက်စီးခဲ့ပြီး အစ္စလာမ် ဘာသာဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဥက္ကံမြို့နယ်ရဲစခန်းက ဆိုသည်။
ယင်းနေ့က ဥက္ကံမြို့သို့ ရောက်ရှိလာသော ရွှေညဝါဆရာတော်က တိုက်ခိုက်နေသူများကို လိုက်လံတားမြစ်ရာ ဆရာတော်ရှေ့ ခေတ္တ ရပ်ထားသော်လည်း အခြားတဖက်သို့ရောက်ရှိသည်နှင့် တပြိုင်နက် ထပ်မံဖျက်ဆီးကြပြန်ကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများက ဧရာဝတီသို့ ပြောသည်။
”နေ့လည် ၁ နာရီခွဲက စဖြစ်တာ။ ပထမလူက ၁၅၀ လောက်ပဲ။ နောက်ပိုင်း ၄၀၀ လောက်ရှိမယ်။ လူတွေချည်းပဲ။ ဖျက်တာ ၂ နာရီ လောက်ပဲကြာတယ်။ ဘုန်းကြီးတပါးက လိုက်တားပေမယ့် ခဏပဲ။ သူထွက်သွားတော့ ထပ်ဖျက်ကြပြန်ရော။ ရဲတွေကတော့ အားလုံးပြီးမှ ရောက်လာတယ်” ဟု အဖျက်ခံရသော ရန်ကုန်-ပြည် လမ်းမပေါ်ရှိ လမ်းကျိုးဗလီအနီးတွင် နေထိုင်သူက ပြောသည်။
”ဒါက ဘာသာရေးနှင့် မဆိုင်တော့ဘူး။ အကြမ်းဖက်တာ ဖြစ်သွားပြီ”ဟု စတိုးဆိုင် အဖျက်ခံရသူ ကိုဘာဘူကလည်း ပြောသည်။ ဆိုင်အား လာရောက်ဖျက်ဆီးသူများမှာ ဥက္ကံမြို့ခံများသာ ဖြစ်ကြောင်း၊ ၎င်းသိရှိသူများပင် ပါဝင်ကြောင်း၊ လူကို အန္တရာယ်မပြုဘဲ ပစ္စည်းများကိုသာ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းလည်း ဆိုသည်။ အဖျက်ဆီးခံခဲ့ရသော ကိုဘာဘူ၏ ဆိုင်မှာ ဥက္ကံရဲစခန်း အနီးမျက်စောင်းထိုးတွင် ဖွင့်ထားသောဆိုင် ဖြစ်သည်။
ပြဿနာစတင်ခဲ့သော မဝင်းဝင်းစိန်၏ ပါးပြင်နီ ကျေးရွာကိုလည်း ညနေ ၄ နာရီခန့်တွင် အမည်မသိလူတစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မီးရှို့ခဲ့ရာ ရွာတစ်ခြမ်း မီးလောင်သွားခဲ့သည်။
အစ္စလာမ်ဘာသာဝင်များ နေထိုင်သော ပါးနီးပြင်၊ ခြောက်တဲ နှင့် ကျွဲပုံး ရွာများကို အကြမ်းဖက်သူများက ဝင်ရောက်မီးရှို့ခဲ့ရာ ခြောက်တဲနှင့် ကျွဲပုံးရွာရှိ အိမ်အားလုံးနီးပါး မီးလောင်သွားခဲ့သည်။
”ကျနော်တို့ဆီကို မီးတိုင်လာသွယ်နေကြ လျှပ်စစ်ဝန်ထမ်းတစ်ယောက် ရှိတယ်။ သူဝင်ရှို့သွားတာ”ဟု ပါးနီပြင်ရွာသားတစ်ဦးက ဆိုသည်။
ပဋိပက္ခကို ဖြေရှင်းနိုင်ရန် ရဲအရာရှိ ၅၁ ဦး၊ ရဲသား ၃၈၃ ဦးနှင့် တပ်မတော်သား ၁၇၄ ဦး ဥက္ကံမြို့သို့ ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်က ပြောသည်။
”ဒေသန္တရ အမိန့်ထုတ်ပြီးတော့လည်း တားထားတယ်။ အကြမ်းဖက်သူတွေရဲ့သံသယရှိသူ လူစာရင်းလဲ တို့ရထားပြီ။ အရေးယူဖို့ဆက်လုပ်မယ်။ တဖက်နဲ့တဖက်ကတော့ အမြင် မကြည်လင်ကြသေးဘူး။ မယုံကြည်ကြဘူးပေါ့”ဟု ဦးဝင်းနိုင်က ဆိုသည်။
လက်ရှိအချိန်တွင် ဥက္ကံမြို့သာမက အနီးရှိ ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်ကိုပါ ပုဒ်မ ၁၈၈ ထုတ်ပြန်၍ ညမထွက်စေရန် ၊ ဒေသအာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်များကို ပြည်သူများ အတိအကျ လိုက်နာရန် ဒေသန္တရ တားမြစ်အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။